COVID -19 လူနာအမှတ် ၈ ရောဂါအသည်းအသန် အခြေအနေကို ကျော်လွှားနိုင်ပြီ

COVID -19 လူနာအမှတ် ၈ ရောဂါအသည်းအသန် အခြေအနေကို ကျော်လွှားနိုင်ပြီ

ရန်ကုန်၊ ဧပြီ ၆

COVID-19 ရောဂါ ကူးစက်ခံရသည့် လူနာအမှတ် ၈ သည် ရောဂါ အပြင်းအထန် ခံစားနေရသည့် အချိန်ကာလကို ကျော်လွှားနိုင်ခဲ့ပြီး သက်သာလာပြီဖြစ်သည့်အတွက် အထူးကြပ်မတ်ကုသဆောင်မှာ မထားရှိတော့ကြောင်း ကျန်းမာရေး ဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာသာထွန်းကျော်က မဇ္စျိမသို့ ပြောသည်။

အဆိုပါ လူနာ အမှတ် ၈ သည် ပြီးခဲ့သည့် ရက်ပိုင်းများအတွင်းက ရောဂါ အခြေအနေအရ အသည်းအသန် ဖြစ်ခဲ့ပြီးနောက် ယခုအခါမှာတော့ သက်သာလာပြီး ဖြစ်၍ အထူးကြပ်မတ်ကုသဆောင်ကနေ ပြန်လည်ထွက်လာခဲ့ပြီးဟု သိရသည်။

ဒေါက်တာသာထွန်းကျော်က “မှန်ပါတယ်၊ အခြေအနေ ကောင်းသွားပါတယ်။ ရောဂါလက္ခဏာ သက်သာလာပါတယ်။ ဒါကြောင့်မို့လို့ အထူး ကြပ်မတ် ကုသ ဆောင်ကနေ အပြင်ကို ထုတ်ပြီး ကုသနေပါတယ်”ဟု ပြောသည်။
ထို့ကြောင့် အထူးကြပ်မတ်ကုသဆောင်မှာ ဆက်လက် ကုသနေသူမှာ တစ်ယောက်သာ ကျန်ရှိတော့ကြောင်း သိရသည်။

ဒေါက်တာ သာထွန်းကျော်က “အထူးကြပ်မတ်ကုသဆောင်ဆိုတာ ရောဂါ အသည်းအသန်ဖြစ်နေမှ ကျွန်တော်တို့ ထား တာလေ။ အခု အသည်းအသန် အခြေအနေကနေ လွန်မြောက်သွားလို့၊ ကောင်းလာလို့ အသည်းအသန်ဆိုတဲ့ ရောဂါ လက္ခဏာတွေ ကောင်းမွန်လာတဲ့ အတွက် အပြင်ကို ထုတ်လိုက်ရတာလို့ ပြောလို့ရပါတယ်”ဟု ပြောသည်။

လူနာ အမှတ် ၈ သည် ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်တွင် နေထိုင်သည့် အသက် ၆၀ အရွယ် ဧည့်လမ်းညွှန် အမျိုးသမီး တစ်ဦးဖြစ်ပြီး မတ်လ ၂၅ ရက်က စတင်၍ ဖျားနေခြင်းကြောင့် မတ်လ ၂၆ ရက်တွင် ဆေးကုသမှုခံယူရာ မတ်လ ၂၇ ရက်တွင် ဓာတ်ခွဲဆေးစစ်ချက်အရ COVID-19 ရောဂါပိုး တွေ့ရှိခဲ့ခြင်းကြောင့် ဝေဘာဂီဆေးရုံကြီးမှာ ယနေ့ (ဧပြီ ၆ ရက်)အချိန်ထိ ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။

ထို့နောက် လူနာအမှတ် ၈ ဖြင့် ထိတွေ့ခဲ့သူ ၉၂ ဦးကိုလည်း quarantine အဖြစ် စောင့်ကြည့်ခဲ့ပြီးနောက် COVID-19 ရောဂါပိုး လက္ခဏာ မတွေ့ရှိသည့်အတွက် ဧပြီ ၂ ရက်က ကျန်းမာရေးဌာနက အိမ်ပြန်ခွင့် ပေးခဲ့သည်။

လက်ရှိ မြန်မာနိုင်ငံတွင် ဧပြီ ၆ ရက်နေ့ထိ COVID-19 ရောဂါပိုး တွေ့ရှိသူ ၂၁ ဦးရှိကြောင်း၊ ထိုအထဲမှ မတ်လ ၃၁ ရက် က တစ်ဦး ၎င်းတွင် ရှိသော အခံရောဂါဖြင့် သေဆုံးခဲ့ပြီး မန္တလေးကန်တော်နဒီဆေးရုံကြီးမှာ ဆေးကုသမှု ခံယူလျက်ရှိ သော လူနာ အမှတ် ၄ ဖြစ်သူမှာ စတုတ္ထအကြိမ် ဆေးစစ်မှုအရ COVID-19 ရောဂါပိုး မတွေ့တော့ကြောင်း အစိုးရ ထုတ်ပြန် ချက်များအရ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly