နာဂ‌ဒေသတွင် COVID-19 ကာကွယ်ရေးပစ္စည်းများ လိုအပ်နေ

နာဂ‌ဒေသတွင် COVID-19 ကာကွယ်ရေးပစ္စည်းများ လိုအပ်နေ
ပုံ-နာဂတိုင်းရင်းသားများကို တွေ့ရစဉ်(ပုံ-မဇ္ဈိမ)

ရန်ကုန်၊ ဧပြီ ၆

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့နယ်တွင် COVID-19 ရောဂါ ကာကွယ်ရေးအတွက်  ကာကွယ်‌ရေးပစ္စည်းများ လုံလောက်မှု မရှိဟု နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးကေဆိုင်းက မဇ္ဈိမသို့ ပြောသည်။

“COVID-19 နဲ့ ပတ်သက်ပြီး ပစ္စည်းကိရိယာ တော်တော်များများက မရှိပါဘူ၊ PPE ဝတ်စုံတို့ ပေးတယ်လို့တော့  ကြား တယ်။ ဒါပေမယ့် မရောက်လာသေးတာပေါ့။ Mask တွေလည်း ပြည့်ပြည့်စုံစုံမရှိ၊ စမ်းသပ်တဲ့ ပစ္စည်းကိရိယာတို့က အဲတာ တွေက လုံလောက်မှု မရှိပါဘူး”ဟု ၎င်းက ပြောသည်။

လဟယ်မြို့နယ်ပြည်သူ့ဆေးရုံမှ ဒေါက်တာ သက်ဇင်အောင်ကတော့ COVID-19 ရောဂါ ကာကွယ်ရေးနှင့် ပတ်သက်၍ လောလောဆယ်တွင် နှာခေါင်းစည်းများသာ လိုအပ်နေကြောင်း၊ တခြား ကာကွယ်ရေး ပစ္စည်းများကို ဌာနဆိုင်ရာများက လှူဒါန်းထားမှုများရှိကြောင်း၊ လက်ရှိအချိန်ထိ စောင့်ကြည့်လူနာသာရှိပြီး သံသယလူနာတောင် မရှိသည့်အတွက် လုံလောက်မှု ရှိကြောင်း ဆိုသည်။

“လောလောဆယ် ကာကွယ်ရေးအနေနဲ့ နှာခေါင်းစည်းပဲ လိုမယ်။ လိုမယ်ဆိုတာ ဂိတ်တွေမှာ သုံးနေရတာတို့ ပုံမှန် နေ့စဉ် ဆေးရုံလုပ်ငန်းမှာ သုံးရတာတို့၊ တချို့ဌာနဆိုင်ရာတွေမှာလည်း ပွဲတို့၊ အစည်းအဝေးတို့သွားရင် သုံးဖို့ Mask ကိုတော့ လှူ ပေးစေချင်တယ်။ Mask ကတော့ ဒီကာလမှမဟုတ်ဘူး နောက်လည်း အသုံးလိုလာမယ်၊ ဒီကာကွယ်ရေးဝတ်စုံ  PPE တို့ ကျတော့ လူနာရှိမှဘဲ သုံးဖြစ်မှာပေါ့နော်၊ လူနာမရှိရင် မသုံးဖြစ်ဘူးပေါ့။ Mask က အသက်ရှု လမ်းကြောင်းဆိုင်ရာ ရောဂါ ရော၊ တစ်နှစ်မဟုတ် တစ်နှစ်ကတော့ ဒီလိုပဲ ဖြစ်ပေါ်မှုက ရှိနေမှာပါ၊ အခု အနေအထားနဲ့က လောက်သေးတယ်၊ နောက် ထပ် ရနိုင်ရင်တော့ ပိုကောင်းတယ်။ Mask ပဲ လှူဖို့လောက် ကျွန်တော်ကတော့ အကြံပြုချင်ပါတယ်” ဟု ၎င်းက ပြော သည်။

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ဆေးရုံ တော်တော်များများတွင် ဝန်ထမ်း လိုအပ်ချက်များ ရှိနေပြီး လဟယ်မြို့နယ်တွင် ကုတင် (၅၀) ဆေးရုံဆိုသော်လည်း ဆရာဝန်နှစ်ဦးသာရှိသည်ဟု လဟယ်မြို့ ပြည်သူ့ဆေးရုံမှ ဒေါက်တာ သက်ဇင်အောင် က ပြောသည်။

“ဝန်ထမ်းကတော့ သူ့နဂို ဖွဲ့စည်းပုံအတိုင်း မပြည့်ပါဘူး၊ နေရာ တော်တော်များများကလည်း ဝန်ထမ်း လိုအပ်ချက် ရှိကြ တယ်။ ကျွန်တော်တို့ဆီလည်း အဲလိုပဲပေါ့၊ ကုတင် (၅၀) ဆေးရုံဆိုပေမယ့်လည်း လောလောဆယ် ဆရာဝန်ဆိုရင် ကျွန်တော်ရှိမယ်၊ မြို့နယ်ကုသရေး ဦးစီးဌာနမှူးပေါ့နော်။ နောက်ပြီးရင် သွားဖက်ဆိုင်ရာ ဆရာဝန်တစ်ဦးရှိမယ်၊ လောလောဆယ် ဒီနှစ်ဦးပဲ ရှိတယ်ပေါ့” ဟု ၎င်းက ပြောသည်။

လဟယ်မြို့နယ်တွင် မတ်လ ဒုတိယပတ်က COVID-19 ရောဂါ ကာကွယ်ရေး ကော်မတီကို ဖွဲ့စည်းခဲ့ပြီး Quarantine ထားရန် နေရာများ ပြင်ဆင်ထားသလို မြို့ အဝင်/အထွက်တွင် ရောဂါရှာဖွေစစ်ဆေး‌ရေးဂိတ် နှစ်ဂိတ်ဖွင့်ကာ စောင့်ကြည့် စစ်ဆေးမှုများ ပြုလုပ်နေကြောင်း လဟယ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးညီညီက ဆိုသည်။

“ရွာကနေ မြို့ကို ဝင်လာတဲ့ တစ်ဂိတ်ရှိမယ်၊ ခန္တီးကနေ ဆင်သေ- လဟယ်လမ်းပေါ်မှာ တစ်ဂိတ်ပေါ့၊ နှစ်ဂိတ်ဖွင့်ပြီး ကျန်းမာရေး စစ်ဆေးမှုတွေပေါ့၊ အဝင်အထွက်ကို ဆောင်ရွက်နေပါတယ်” ဟု ၎င်းက ပြောသည်။

ကျန်းမာရေး အသိပညာပေးနှင့် ပတ်သက်၍ မြို့နေ ပြည်သူလူထုများ သိရှိအောင် ညစဉ် ကားနှင့်လှည့်ကာ အသံချဲ့စက် များဖြင့် လိုက်လံ ဆော်အော်မှုများ ပြုလုပ်လျက်ရှိသလို ကျေးရွာများတွင်လည်း ထိုနည်းလည်းကောင်း ဆောင်ရွက်လျက် ရှိသည်ဟု မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးညီညီက ပြောသည်။

လက်ရှိ လဟယ်မြို့နယ်တွင် COVID-19 စောင့်ကြည့်လူနာ နှစ်ဦးသာရှိကြောင်း၊ ထို နှစ်ဦးမှာ လဟယ်မြို့တွင် တစ်ဦးနှင့် ထန်ပါခွေမြို့တွင် တစ်ဦးရှိပြီး နှစ်ဦးစလုံး ကျန်းမာရေး ကောင်းမွန်လျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် (ခေါ်) COVID-19 ရောဂါ သံသယနှင့် စောင့်ကြည့်လူနာ ၇၈၄ ဦးရှိပြီး  ရောဂါ ကူးစက် ခံရသူ ၂၁ ဦးရှိသည်။ထို ၂၁ ဦးထဲမှ တစ်ဦးသည် ၎င်းတွင် ရှိသော အခံရောဂါဖြင့် မတ်လ ၃၁ ရက်က ကွယ်လွန်ခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ကျန် ရောဂါပိုး ရှိသူ ၂၀ ဦးထဲမှ မန္တလေး ကန်တော်နဒီဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေသော လူနာ အမှတ်(၄)ဖြစ်သူ မြန်မာပြည်ဖွား အမေရိကန်နိုင်ငံသားမှာ စတုတ္ထအကြိမ် ဆေးစစ်မှု ခံယူခဲ့ရာ COVID-19 ရောဂါ ပိုးမတွေ့တော့ကြောင်း ပြသသည်ဟု သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required