ကိုဗစ် ၁၉ နဲ့ မြန်မာ

သန့်ဇော်(သန်လျင်)

ကမ္ဘာပေါ်က ထွန်းကားတဲ့ တိုးတက်တဲ့နိုင်ငံတွေကို ကြည့်လိုက်ရင် ယခုကမ္ဘာအနှံ့ဖြစ်ပွားနေတဲ့ အလွန်ကြောက်စရာကောင်းတဲ့ ကူးစက်ရောဂါဟာ အဲဒီနိုင်ငံတွေမှာ အဖြစ်များတာကိုတွေ့ရမှာပဲ ဖြစ်ပါတယ်။ ဒီကူးစက်ရောဂါဟာ ကပ်ရောဂါအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကြေညာသလို ကျွန်တော်တို့ ဘာသာရေးရှုတောင့်က ကြည့်ရင်လည်း ကူးစက်ပုံ ရောဂါဖြစ်ပုံတွေကို လေ့လာကြည့်ရင် ကပ်ရောဂါအသွင် ဖြစ်နေတာကို တွေ့ရပါတယ်။

 မြန်မာအနေနဲ့ကြည့်မယ်ဆိုရင်တော့ ရောဂါစတင်ဖြစ်ပွားရာက ကျွန်တော်တို့ မြန်မာ့အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံဟာ သေဆုံးသူလည်း အလွန်များပါတယ်။ ကမ္ဘာကြီးရဲ့အရှေ့ခြမ်းကနေ အနောက်ခြမ်းနိုင်ငံတွေအထိ ရောဂါကူးဆက်ပျံ့နှံ့မှုဟာ အံ့မခန်းကြောက်စရာအလွန်ကောင်းအောင်ကို ကူးဆက်သွားလိုက်တာ ကမ္ဘာတစ်ပတ်ပြည့်သွားပါတော့တယ်။ ထပ်မံပြီးအံ့ဩစရာကောင်းတာက ကျွန်တော်တို့မြန်မာနိုင်ငံကို ဒီရောဂါရောက်တာ နောက်ဆုံးမှဖြစ်လို့ တော်တော်ကံကောင်းတယ် ဆိုရမလားပါပဲ။

ကူးဆက်မှုနှုန်းကလည်း ကမ္ဘာပေါ်က နိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင် အတော့ကို နည်းတာတွေ့ရပါတယ်။ ဒါကလည်း ကျွန်တော်တို့နိုင်ငံရဲ့ ကံတရားနဲ့ ကြိုတင်ပြင်ဆင်ရေးမှာ အားသာချက်တွေရှိနေလို့ပဲ ဖြစ်ပါတယ်။

ဒါကြောင့်မို့လို့လည်း ကူးဆက်မှုနှုန်းနည်းတာရယ်၊ အသေအပျောက် နည်းတာရယ်ကို တွေ့ရတာဖြစ်တယ်။ မြန်မာနိုင်ငံထက် အရမ်းတိုးတက်တဲ့ နိုင်ငံတွေရဲ့ ကြိုတင်ပြင်ဆင်မှုဟာ မြန်မာနိုင်ငံထက် ညံ့ဖျင်းလို့သာ ရောဂါနဲ့ အဖိတ်အစင်တွေအလွန်များနေတာလို့ ဆိုနိုင်ပါတယ်။

ကမ္ဘာပေါ်ကခေတ်မီ ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံကြီး ၇ နိုင်ငံ ကို ကြည့်ရင် ဧပြီလ ၅ ရက်နေ့ထိ အခုလို ကူးစက်နှု န်း များ ပြီး သေနှုန်းလည်း မြင့်နေကြတာတွေ့ရပါလိမ့်မယ်။

အီတလီ မှာ ကူးစက် ၁၂၄,၆၃၂ ၊သေဆုံး ၁၅၃၆၂ ဦး။ စပိန် မှာကူးစက် ၁၃၀,၇၅၉ ၊သေဆုံး ၁၂,၄၁၈ ဦး။
အမေရိကန် မှာကူးစက် ၃၁၁, ၆၅၈ ၊ သေဆုံး ၈,၄၉၂ ဦး။ ပြင်သစ် ကူးစက် ၆၈,၆၀၅ ၊ သေဆုံး ၇၅၆၀ ဦး။

အင်္ဂလန်မှာ ကူးစက် ၄၁,၉၀၃ ၊ သေဆုံး ၄,၃၁၃ ဦး။ ဂျာမဏီမှာ ကူးစက် ၉၇,၀၄၇ ၊ သေဆုံး ၁,၄၇၆ ဦး။
တရုတ်မှာ ကူးစက်ခံ ၈၁,၆၆၉ ၊ သေဆုံး ၃,၃၂၉ ဦးတောင် ရှိနေပါပြီ၊ ရှေ့တစ်လ နှစ်လအတွင်းလည်း ရောဂါပိုးတွေဆက်ရှိနေဦးမယ်၊ ရောဂါကြောင့် သေကြေကြလိမ့်ဦးမယ် လို့ ဆေးပညာရှင်တွေက ခန့်မှန်းထားကြ တာတွေလည်း နိုင်ငံတကာ သတင်းတွေမှာ ဖတ်ရှုရပါတယ်။ ခုနောက်ဆုံးသတင်းတစ်ပုဒ်မှာဆိုရင် ကျားတစ်ကောင်ဆီမှာတောင် COVID- 19 ဗိုင်းရပ်စ်ရောဂါပိုးတွေ့တယ်လို့ ကြားရပါတယ်။

ကျွန်တော်တို့ မြန်မာနိုင်ငံအပါအဝင် အာဆီယံနိုင်ငံများနဲ့ အိမ်နီးချင်းနိုင်ငံများရဲ့ အခြေအနေကို ကြည့်မယ်ဆိုရင် မြန်မာနိုင်ငံအခြေအနေက ထိန်းချုပ်ထားနိုင်တဲ့ အဆင့်မှာ ရှိနေတာတွေ့ရပါတယ်။

အင်ဒိုနီးရှားက ကူးစက် ၂၂၉၃ ၊ သေဆုံး ၁၉၈ ဦး။ ဖိလစ်ပိုင် က ကူးစက် ၃၂၄၆ ၊ သေဆုံး ၁၅၂ ဦး။
မလေးရှား ကူးစက် ၃၆၆၂ ၊ သေဆုံး ၆၁ ဦး။ ထိုင်းနိုင်ငံက ကူးစက် ၂၁၆၉ ၊ သေဆုံး ၂၃ ဦး။

စင်္ကာပူ က ကူးစက် ၁၃၀၉ ၊ သေဆုံး ၆ ဦး။ ဘရူနိုင်းက ကူးစက် ၁၃၅ ၊သေဆုံး ၁ ဦး။  ကျွန်တော်တို့ မြန်မာနိုင်ငံက ကူးစက် ၂၁ ၊ သေဆုံး ၁ ဦး။ ဗီယက်နမ်က ကူးစက် ၂၄၁ ၊ သေဆုံးသူမရှိသေး။
ကမ္ဘောဒီးယားက ကူးစက် ၁၁၄၊ သေဆုံးသူ မရှိသေး။ လာအိုက ကူးစက် ၁၁ ၊ သေဆုံးသူမရှိသေး။ သီရိလင်္ကာက ကူးစက် ၁၆၇ ၊သေဆုံး ၅ ဦး။ ဘင်္ဂလားဒေ့ရှ် က ကူးစက် ၈၈ ၊သေဆုံး ၉ ဦး။ နီပေါက ကူးစက် ၉ သေဆုံးသူ မရှိသေးတာကို ကြည့်ရင် ကျွန်တော်တို့ မြန်မာနိုင်ငံက ပြင်းထန်ကူးစက် ဗိုင်းရပ်စ်ရောဂါကို တော်တော်ထိန်းချုပ် နိုင်နေတယ်ဆိုတာ အထင်အရှားပဲ ဖြစ်ပါတယ်။

ကုလသမဂ္ဂ အဖွဲ့ဝင် ၁၉၃ နိုင်ငံမှာCOVID -19 မဖြစ်ပွားသေးတာ  သို့မဟုတ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကို သတင်းမပို့ သေးတာ ၁၈ နိုင်ငံ ကျန်နေပါသေးတယ်။ ဥပမာ မြောက်ကိုရီးယားနိုင်ငံ၊ ယီမင်နိုင်ငံတို့လို နိုင်ငံတွေပဲ ဖြစ်ပါတယ်။

ရောဂါကူးစက်၊ သေဆုံးအများဆုံးနိုင်ငံတွေထဲက တစ်ခုဖြစ်တဲ့ အမေရိကန်၊ နယူးယော့မြို့မှာ မနေ့က လူသေအလောင်းထည့်တဲ့အိတ် ၁၅၅၀ အိတ်လိုပြီး၊ ဒီကနေ့မှာတော့ ၁၉၄၂ အိတ်လိုတယ်လို့ သိရပါတယ်။ နောက်ရက်တွေမှာ ထပ်တိုးဦးမယ်လို့လည်း တွက်ထားကြပါတယ်။ သူတို့နိုင်ငံမှာတော့ သေဆုံးသူတွေကို သတင်းမှန်မထုတ်ကြဘူး၊ လျှို့ဝှက်ထားတယ် လို့ ပြောနေကြတဲ့သူတွေကို အဲဒီလို ကောလာဟလပြောသူတွေကို ပါးစပ်ပိတ်စေတဲ့အရာကတော့ အလောင်းထည့်တဲ့အိတ် အရေအတွက်မှတ်တမ်းပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ဆီမှာတော့ ဒီလိုမျိုးသတင်းမျိုးကို ၃ - ၄ ရက်တောင် လျှို့ဝှက်ဖို့မလွယ်ဘဲ တစ်ယောက်က တစ်ရာဆိုသလို အမှန်အတိုင်းပေါ်သွားမှာပဲဖြစ်ပါတယ်။

ကျွန်တော်တို့နိုင်ငံရဲ့ ချစ်ဖို့ကောင်းတဲ့ စရိုက်ကလေးကလည်း တစ်တိုင်းပြည်လုံး ပျက်စီးမယ့်ကိန်းဆိုရင် ကျောခြင်းကပ်ကြပါတယ်။ နိုင်ငံရေးသမားတွေနဲ့ ပြည်သူတွေ၊ ပရဟိတအဖွဲ့တွေဟာ တစ်သားထဲဖြစ်သွားကြ ပါတော့တယ်။ အစိုးရကို ကဏ္ဍကောစလုပ်နေတဲ့သူတွေတောင် ပူးပေါင်းဆောင်ရွက်တာတွေ ဖြစ်လာကြပါတယ်။ ပြည်သူတိုင်း ပရဟိတကို နိုင်သလောက်လုပ်ကြတာလည်းတွေ့ရပါတယ်။ ဒါကြောင့်ပါပဲ ကူးစက်ရောဂါပိုးဟာ ထိန်းချုပ်ထားလို့ရပြီး ဗိုင်းယပ်စ် ပိုးရဲ့သဘာဝဟာ အချိန်တစ်ခုရောက်တဲ့ အခါ မပြောမဆို ခြေရာဖျောက် သွားတတ်တဲ့ အနေအထားရောက်လာကာ ထိုမှတစ်ဆင့်ရောဂါပိုးချုပ်ငြိမ်းသွားအောင် ကျွန်တော်တို့အားလုံး စုပေါင်းအားနဲ့ ဆက်လက်ဆောင်ရွက်ကြရမှာဖြစ်ပါတယ်။ ကျန်းမာရေးအသိ သတိဖြင့် ဂရုစိုက်ကြပြီး ဉာဏ်နဲ့ယှဉ်ကာ ခပ်ခွာခွာလေးနေထိုင်ကြပါ။ မကြာခဏလက်ဆေးကြပါ၊ လူစုလူဝေးရှောင်ပါ၊ ဖြစ်နိုင်ရင်တော့ နှာခေါင်းစည်း mask လေးတပ်ကြပါလို့ နှိုးဆော်ရင်း ကမ္ဘာသူ မြန်မာနိုင်ငံသားများ ကိုဗစ်ဘေးမှ လုံးဝကင်းဝေးပြီး ကျန်းမာကြံ့ခိုင်သော လူသားများဖြစ်ကြပါစေ . . .လို့။   ။

သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly