COVID-19 ကြောင့် နစ်နာဆုံးရှုံးမှုများအတွက် တရုတ်အား ဒေါ်လာ ၆.၅ ထရီလီယံ လျော်ကြေးတောင်းကာ တရားစွဲဆိုသင့်

COVID-19 ကြောင့် နစ်နာဆုံးရှုံးမှုများအတွက် တရုတ်အား ဒေါ်လာ ၆.၅ ထရီလီယံ လျော်ကြေးတောင်းကာ တရားစွဲဆိုသင့်

ဧပြီ 6

ကမ္ဘာတစ်ဝှမ်းတွင် ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် ယခုအချိန်ထိ လူပေါင်း ၆၀ ၀၀၀ ကျော်ကို သေဆုံးစေခဲ့ပြီး စီးပွားရေးနစ်နာဆုံးရှုံးမှုတန်ဖိုး ဒေါ်လာထရီလီယံပေါင်းများစွာ ရှိခဲ့ရာ အဆိုပါကပ်ရောဂါအကြောင်းကို ကနဦး၌ ထိန်ချန်ဖုံးကွယ်ခဲ့သည့် တရုတ်နိုင်ငံအား  နိုင်ငံတကာဥပဒေအရ နစ်နာကြေးတောင်းဆိုပြီး တရားစွဲဆိုသင့်ကြောင်း ဗြိတိန်နိုင်ငံခြားရေးမူဝါဒအကြံပေးအဖွဲ့ The Henry Jackson Society က ပြောသည်။

G7 ထိပ်သီးနိုင်ငံများသည် ဗိုင်းရပ်စ်ကူးစက်မှုကို တားဆီးနိုင်ရန် နိုင်ငံသားများအား အပြင်မထွက်ရအမိန့်များ ထုတ်ပြန်ထားရချိန်မှာ ပြည်တွင်းစီးပွားရေးကို ကျားကန်ထားရသောကြောင့် ဆုံးရှုံးနစ်နာမှုများအတွက် တရုတ် ထံမှ အနည်းဆုံး ပေါင် ၃.၂ ( အမေရိကန်ဒေါ်လာ ၆.၅) ထရီလီယံ လျော်ကြေးတောင်းသင့်ကြောင်း အကြံပေးအဖွဲ့၏ အစီရင်ခံစာ၌ ဖော်ပြထားသည်။

ဩစတြေးလျဝန်ကြီးချုပ် စကော့မောရစ်ဆင်က နိုင်ငံ့စီးပွားရေးပြန်လည်ကုစားပေးရန် အလုပ်သမားနှင့် စီးပွားရေးလုပ်ငန်းများအတွက် အမေရိကန်ဒေါ်လာ ၁၃၀ ဘီလီယံ သုံးစွဲသွားမည်ဟု ကြေညာခဲ့သည်ကို ကြည့်ခြင်း အားဖြင့် ဩစတြေးလျနိုင်ငံကိုလည်း အနည်းဆုံး ထိုပမာဏခန့် အလျော်ပေးသင့်ပေသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ Zhao Lijian အပါအဝင် ထိပ်တန်းအရာရှိများက ဗိုင်းရပ်စ်သည် ပင်လယ်စာရောင်းသည့်ဈေးမှ စတင်ခဲ့ခြင်းမဟုတ်ဘဲ အမေရိကန်စစ်တပ်မှ ဝူဟန်သို့ ယူဆောင်လာခဲ့ ခြင်းဖြစ်ကြောင်း အခြေအမြစ်မရှိသော ဆင်ခြေများဖြင့် ခန့်မှန်းပြောဆိုခဲ့ကြသည်။

The Henry Jackson Society အဖွဲ့က ရေးသားသည့် Coronavirus Compensation အစီရင်ခံစာ၌ တရုတ်နိုင်ငံအား အပြည်ပြည်ဆိုင်ရာကျန်းမာရေးပြဌာန်းချက်အပါအဝင် ဥပဒေရေးရာနည်းလမ်း ၁၀ ခုဖြင့် တရားစွဲဆိုနိုင်သည်ဟု ဖော်ပြထားသည်။

တရုတ်တို့က COVID-19 ဗိုင်းရပ်စ်ရောဂါအား ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ဆီ ဒီဇင်ဘာ ၃၁ ရက်၌ တင်ပြအစီရင်ခံခဲ့ပြီး လူလူချင်းကူးစက်သည့် သက်သေအထောက်အထားမရှိဟု ဆိုခဲ့သည်။

သို့ရာတွင် အဆိုပါဗိုင်းရပ်စ်အကြောင်း စတင်သတိပေးခဲ့သည် ဆရာဝန် Li Wenliang အား ပြစ်ဒဏ်ပေးဆုံးမခဲ့သည်။  ထိုရက်မတိုင်ခင်ကတည်းက ရောဂါသည် ကူးစက်ပျံ့နှံ့နေပြီဖြစ်ကြောင်း အချို့က ယုံကြည်ခဲ့ကြသည်။

အပြည်ပြည်ဆိုင်ရာကျန်းမာရေးပြဌာန်းချက်အရ နိုင်ငံများသည် ပြည်ပနိုင်ငံများသို့ ကူးစက်နိုင်သည့် ရောဂါပိုးများ၏ ပျံ့နှံ့မှု၊ ရောဂါပြင်းထန်မှု၊ ကူးစက်မှုများနှင့်စပ်လျဉ်းသောအချက်အလက်များကို စောင့်ကြည့်ပြီး မျှဝေရမည်ဟု ဆိုထားသည်။ သို့သော် တရုတ်သည် အမှန်တရားထုတ်ဖော်ပြောဆိုသည့် ဆရာဝန်များကို အပြစ်ပေးကာ အဖြစ်မှန်ဖုံးကွယ်ခြင်းအားဖြင့် စည်းကမ်းချက်ဖောက်ဖျက်ခဲ့သည်ဟု The Henry Jackson Society အဖွဲ့က ထောက်ပြထားသည်။  

၎င်းတို့၏အစီရင်ခံစာ၌ တစ်ကမ္ဘာလုံး စည်းလုံးစွာဖြင့် တရုတ်နိုင်ငံအားအရေးယူသင့်ကြောင်း၊ COVID-19 အပေါ် တရုတ်ကွန်မြူနစ်ပါတီ (CCP) ၏ တုံ့ပြန်ဆောင်ရွက်မှုသည် နိုင်ငံတကာဥပဒေကို ချိုးဖောက်ရာရောက် ကြောင်း ဖော်ပြထားသည်။

၎င်းပြင် အပြည်ပြည်ဆိုင်ရာတရားရံး၊ အမြဲတမ်းခုံသမာဓိရုံး၊ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့အစည်း၊ နှစ်နိုင်ငံ ရင်းနှီးမြှုပ်နှံမှုစာချုပ်စာတမ်းနှင့် ကုလသမဂ္ဂပင်လယ်ပြင်ဥပဒေကွန်ဗင်းရှင်း များအရလည်း တရားစွဲဆိုနိုင်ကြောင်းနှင့် ရောဂါစတင်ဖြစ်ပွားချိန်မှစ၍ တရုတ်တို့၏ အကြိမ်ကြိမ် မှားယွင်းချက်များ၊ လိမ်ညာမှုများနှင့် လုပ်ကြံသတင်းများကြောင့် ယခုကဲ့သို့ ဆိုးရွားသောအကျိုးဆက်များကို ကြုံနေရသည်ဟု အစီရင်ခံစာ ပူးတွဲရေးသားသူ  Matthew Henderson က ဆိုသည်။

စီးပွားပျက်စီးဆုံးရှုံးမှုကုန်ကျစရိတ်များကို တွက်ချက်ခြင်းနှင့် လက်ကိုင်ပြုနိုင်သည့် ဥပဒေလမ်းကြောင်းများစွာကို အသုံးပြုခြင်းဖြင့် တရုတ်တို့ပြုလုပ်ခဲ့သည့် ထိခိုက်နစ်နာမှုများအတွက် ပြန်လည်ပေးဆပ်အောင်လုပ်ရမည် ဟု Matthew Henderson ကဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly