ကိုရိုနာဗိုင်းရပ်စ် စတင်ပေါ်ပေါက်ပြီးနောက်ပိုင်း တရုတ်ကနေ အမေရိကန်သို့ ခရီးသည် ၄၃၀,၀၀၀ အထိ လာရောက်ခဲ့

ကိုရိုနာဗိုင်းရပ်စ် စတင်ပေါ်ပေါက်ပြီးနောက်ပိုင်း တရုတ်ကနေ အမေရိကန်သို့ ခရီးသည် ၄၃၀,၀၀၀ အထိ လာရောက်ခဲ့

ဧပြီ ၅
ပဟေဠိဆန်သော နမိုးနီးယား ကဲ့သို့ ဖျားနာမှုရောဂါတစ်မျိုး ဖြစ်ပွားကြောင်း နှစ်သစ်ကူးအကြိုတွင် တရုတ်တာဝန်ရှိသူများက နိုင်ငံတကာ ကျန်းမာရေးတာဝန်ရှိသူများထံ ထုတ်ဖော်ပြီးနောက်ပိုင်း အနည်းဆုံး လူပေါင်း ၄၃၀,၀၀၀ ခန့် တရုတ်ကနေ တိုက်ရိုက်လေကြောင်းခရီးစဉ်များဖြင့် အမေရိကန်သို့ ဆိုက်ရောက်ခဲ့ကြောင်း သိရသည်။

ထိုကဲ့သို့သော ခရီးသွားမှုအပေါ် ကန့်သတ်ပိတ်ပင်ချက်များ သမ္မတ ဒေါ်နယ်ထရမ့်က ချမှတ်ပြီးနောက် နှစ်လအတွင်း တရုတ်မှ အမေရိကန်သို့ ရောက်လာသူပေါင်း ၄၀,၀၀၀ နီးပါးလည်း အပါအဝင် ဖြစ်ခဲ့ကြောင်း နှစ်နိုင်ငံစလုံးတွင် ကောက်ယူထားခဲ့သည့် ဒေတာအချက်အလက်များအရ သိရသည်။

လူမျိုး ပေါင်းစုံ ဖြစ်သော အဆိုပါ ခရီးသည်များသည် ပြီးခဲ့သည့် ဇန်နဝါရီလက လော့စ်အိန်ဂျလိစ်၊ ဆန် ဖရန်စစ္စကို၊ နယူးယော့ခ်၊ ချီကာဂို၊ ဆီယက်တဲလ်၊ နီဝါ့ခ် နှင့် ဒက်ထရွိုက်ရှိ လေဆိပ်များသို့ ဆိုက်ရောက်ခဲ့ကြသည်။

၎င်းတို့အနက် လူထောင်ပေါင်းများစွာသည် ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားရာ အဓိက ဗဟိုချက် ဝူဟန်ကနေ တိုက်ရိုက်လေယာဉ်ဖြင့် ပျံသန်းရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။ ယင်းအချိန်က အမေရိကန်တာဝန်ရှိသူများသည် ၎င်းတို့နိုင်ငံအပေါ် ကျလာနိုင်သည့် အန္တရာယ်ဆိုးကျိုးများကို စတင်တွက်ချက်နေတုန်းပင် ရှိနေသေးသည်။

လေယာဉ်ခရီးစဉ်များသည် ယခု ပြီးခဲ့သည့်အပတ်အထိ ဆက်ရှိနေခဲ့ကြောင်း ဒေတာအချက်အလက်များက ပြသနေသည်။ ဖေဖော်ဝါရီ ၂ ရက်က စတင်အသက်ဝင်ခဲ့သည့် ကန့်သတ်ပိတ်ဆို့မှုအောက်တွင် အမေရိကန်နိုင်ငံသားများနှင့် တခြားလူတစ်ချို့ကို ကင်းလွတ်ခွင့်ပြုထားသည့် စည်းမျဉ်းများအောက်တွင် ပေကျင်းမှ လော့စ်အိန်ဂျလိစ်၊ ဆန်ဖရန်စစ္စကိုနှင့်နယူးယော့ခ်တို့ ခရီးသည်များ ရောက်ရှိလာခဲ့ကြသည်။

အားလုံးထဲတွင် ယင်းကာလနောက်ပိုင်း တရုတ်ကနေ လေယာဉ်ခရီးစဉ်ပေါင်း ၂၇၉ ခု အမေရိကန်သို့ ဆိုက်ရောက်ခဲ့သည်ဟု သိရပြီး စစ်ဆေးခြင်း လုပ်ထုံးလုပ်နည်းများကလည်း ညီညာပြေပြစ်မှု မရှိကြောင်း အင်တာဗျူးများက ပြသနေသည်။

သမ္မတ ထရမ့်ကမူ ၎င်း၏ ခရီးသွားဆိုင်ရာ စီမံချက်များသည် အမေရိကန်တွင် ဗိုင်းရပ်စ် ပျံ့နှံ့မှုကို ဟန့်တားနိုင်ခဲ့ကြောင်း ထပ်တလဲလဲ ပြောဆိုခဲ့သည်။ “ ကျွန်တော်တို့ဟာ အတော်လေး စောခဲ့တယ်လို့ ထင်ပါတယ်၊ ကျွန်တော်တို့ လုပ်တာ တကယ်ကောင်းခဲ့တယ်လို့ ထင်ပါတယ်၊ ဘာလို့လဲ ဆိုတော့ ကျွန်တော်တို့ တရုတ်တွေကို တားဆီးနိုင်ခဲ့လို့လေ” ဟု ထရမ့်က သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောသွားခဲ့သည်။ “ ဒါက ကျွန်တော်တို့ ချမှတ်ခဲ့သမျှထဲမှာ အကြီးမားဆုံး ဆုံးဖြတ်ချက်တစ်ခု ဖြစ်ကောင်းဖြစ်နိုင်ပါတယ်” ဟု ၎င်းက ပြောသည်။ “ တရုတ်တွေ ဒီကို မဝင်အောင် တားနိုင်သူတွေထဲမှာ ကျွန်တော်တို့လည်း ပါပါတယ်” ဟု ၎င်းက ပြီးခဲ့သည့်လကလည်း ပြောခဲ့သေးသည်။

သို့သော် လေယာဉ်ခရီးစဉ်များနှင့် အခြားဒေတာများကို လေ့လာအကဲဖြတ်သုံးသပ်မှုအရ ခရီးသွားလုပ်ငန်းဆိုင်ရာ အစီအမံများသည် ထိရောက်မှု ရှိနိုင်သော်လည်း တရုတ်တို့ကို အမေရိကန်နိုင်ငံထဲ မဝင်နိုင်အောင် တားမြစ်ရာတွင် နောက်ကျကောင်း နောက်ကျနေနိုင်သည်ကို ပြသနေသည်။ အထူးသဖြင့် ဗိုင်းရပ်စ်ကူးစက်ခံရသူများအနက် ၂၅ ရာခိုင်နှုန်းသည် လက္ခဏာရပ်များ မည်သည့်အခါမှ ပြသခြင်း မရှိနိုင်ကြောင်း ကျန်းမာရေးဝန်ထမ်းများက မကြာသေးမီက ထုတ်ဖော်ထားခဲ့ခြင်း ဖြစ်သည်။ အလားတူ အမေရိကန်တွင် ပထမဆုံးသော ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုဖြစ်စဉ်ကို ဇန်နဝါရီ ၂၀ ရက်က ၀ါရှင်တန်ပြည်နယ်တွင် အတည်ပြုနိုင်ခဲ့ပြီးနောက်ပိုင်း ဗိုင်းရပ်စ်သည် သီတင်းပတ်များစွာအကြာ ငုပ်ရှိုး ကူးစက်ပျံ့နှံ့ထားခဲ့သည်ဟု ကူးစက်ရောဂါဆိုင်ရာ ကျွမ်းကျင်ပညာရှင်များက သံသယရှိနေကြသည်။ အမှန်တကယ်တမ်းဆိုလျင် ဗိုင်းရပ်စ်သည် အမေရိကန်၌ မည်သည့်အချိန်တွင် ပထမဆုံး စရောက်ခဲ့သလဲ ဆိုသည်ကိုလည်း မည်သူမျှ သိမည်မဟုတ်ပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly