တံတားပေါ်မှ ပြုတ်ကျခဲ့သည့် YBS 16 ယာဉ်လိုင်းပေါ်ပါ လူ ၂၂ ဦးထိခိုက်ဒဏ်ရာရှိမှု မစိုးရိမ်ရ

တံတားပေါ်မှ ပြုတ်ကျခဲ့သည့် YBS 16 ယာဉ်လိုင်းပေါ်ပါ လူ ၂၂ ဦးထိခိုက်ဒဏ်ရာရှိမှု မစိုးရိမ်ရ

ဧပြီ ၅ရက်

ရွှေပေါက်ကံမှ ဒဂုံဧရာအဝေးပြေးဆွဲပေးနေသော YBS 16 ယာဉ်တစ်စီးသည် ဧပြီလ ၅ ရက်နေ့၊ ညနေပိုင်းက မရမ်းကုန်းမြို့နယ် (၈) ရပ်ကွက်၊ လမ်းဝဂုံးကျော်တံတားပေါ်မှ ပြုတ်ကျတိမ်းမှောက်ခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

YBS 16 ယာဉ်သည် မြောက်ဥက္ကလာပအဝိုင်းဖက်မှ မောင်းနှင်လာစဉ် လမ်းဝဂုံးကျော်တံတားဘောင်ကို တိုက်မိပြီး အောက်သို့ပြုတ်ကျသွားခြင်း ဖြစ်ကြောင်းသိရသည်။

ထိုသို့တံတားမှ ပြုတ်ကျခဲ့သည့်အတွက် ကားပေါ်တွင် လိုက်ပါလာသော ယာဉ်မောင်းအပါအဝင် ခရီးသည် ၂၂ ဦးကို မြောက်ဥက္ကလာပဆေးရုံသို့ ပို့ဆောင်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဌာနချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး မီးသတ်တပ်ဖွဲ့ဌာနချုပ်မှ မီးသတ်အရာရှိတစ်ဦးက “အရေးပေါ်မပါဘူး။ ထိခိုက်ဒဏ်ရာရသူတွေပဲ ရှိတယ်။” ဟု ပြောသည်။

အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် ကျား (၈) ဦးနှင့် အမျိုးသမီး (၁၄) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လက်ရှိတွင် ဆေးရုံတင်ထားရသူ အားလုံးမှာ အရေးပေါ်စိုးရိမ်စရာမရှိကြောင်းလည်း သိရသည်။

ယာဉ်ပြုတ်ကျသည့် အကြောင်းအရင်းကိုတော့ တိတိကျကျ မသိရသေးပေ။

ထိုယာဉ်တိမ်းမှောက်မှုကြောင့် ပိတ်မိနေသူများကို မီးသတ်ယာဉ် စုစုပေါင်း (၄) စီး၊ သူနာတင်ယာဉ် (၂) စီးနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ကယ်ထုတ်ခဲ့ကြောင်းလည်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly