မော်တော်ယာဉ်လက်မှတ်ခ ပြန်မပေးသည့်ဂိတ်များကို တိုင်ကြားနိုင်

မော်တော်ယာဉ်လက်မှတ်ခ ပြန်မပေးသည့်ဂိတ်များကို တိုင်ကြားနိုင်

နေပြည်တော်၊ ဧပြီ ၅

ဝန်ထမ်းတွေကို သင်္ကြန်ပိတ်ရက် ခရီးမသွားဖို့ သမ္မတရုံးက ထုတ်ပြန်လိုက်တာကြောင့် လက်မှတ်ဝယ်ထားသူတွေကို လက်မှတ်ခ ပြန်ပေးတာ ဒါမှမဟုတ် ၂၀၂၀နှစ်ကုန်ထိ စီးနင်းခွင့်ပြုတာတွေ လုပ်ပေးဖို့ နေပြည်တော် ကောင်စီ မော်တော်ယာဉ် လုပ်ငန်းပေါင်းစုံထိန်းသိမ်းရေး ကော်မတီက ယာဉ်လိုင်းတွေကိုညွှန်ကြားမယ်လို့ သိရပါတယ်။

ယခုလိုညွှန်ကြားတာကို စာနဲ့ တရားဝင်မထုတ်ရသေးပေမယ့် လာတိုင်သူတွေကိုတော့ ရှင်းပေးနေပြီး ယခုလိုစီစဉ်တာကို လက်မခံတဲ့ဂိတ်တွေကိုတော့ နေပြည်တော်ကောင်စီနဲ့ ဒေသဆိုင်ရာကြီးကြပ်မှုအဖွဲ့ကို တင်ပြပြီး အရေးယူမယ်လို့ မော်တော်ယာဉ် လုပ်ငန်းပေါင်းစုံထိန်းသိမ်းရေး ကော်မတီ ဒုဌာနမှူးဦးအောင်ကျော်နိုင်က ပြောပါတယ်။

ယာဉ်စီးခလက်မှတ်တွေကို ပြန်တောင်းလို့မရရင် မထသကို လာရောက်တိုင်ကြားနိုင်ပြီး လိုအပ်လာရင် ဂိတ်ပိတ်သိမ်းတဲ့အထိ အရေးယူမှာ ဖြစ်ပြီးတော့ ရုံးအဖွဲ့တွေအနေနဲ့ ၂၄နာရီ အချိန်ပြည့်ရှိတယ်လို့လည်း ဦးအောင်ကျော်နိုင်က ဆိုပါတယ်။

နေပြည်တော်ကို အခြေပြုပြီး ပြေးဆွဲတဲ့ယာဉ်လိုင်း ၂၇လိုင်း နဲ့ အခြားအခြေပြုယာဉ်လိုင်း ၇၃လိုင်းရှိတာကြောင့် စုစုပေါ်င်း ယာဉ်လိုင်း ၁၀၀ကနေ မြို့ပေါင်း ၅၁မြို့ကို ပြေးဆွဲနေတယ်လို့သိရပါတယ်။ ဧပြီ ၅ ရက်နေ့စာရင်းအရ ယာဉ်လိုင်း ၃၂လိုင်းက ရပ်နားထားပြီ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly