နယူးယောက်၌ ကိုရိုနာကြောင့်သေဆုံးမှုသည် 9/11 တိုက်ခိုက်ခံရမှုတွင်သေဆုံးခဲ့သည့်အရေအတွက်ခန့်ရှိ

နယူးယောက်၌ ကိုရိုနာကြောင့်သေဆုံးမှုသည် 9/11 တိုက်ခိုက်ခံရမှုတွင်သေဆုံးခဲ့သည့်အရေအတွက်ခန့်ရှိ

ဧပြီ ၅

သောကြာနေ့ (မတ်လ ၃ ) က နယူးယောက်မြို့တွင် COVID-19 ကြောင့် သေဆုံးသူ အနည်းဆုံး ၅၀၀ ဦးရှိခဲ့ကာ  ရောဂါစတင်ဖြစ်ပွားကတည်းက သေဆုံးမှုအများဆုံးနေ့အဖြစ်မှတ်တမ်းဝင်ခဲ့သည်။ ပြည်နယ်တစ်ခုလုံးတွင် သေဆုံးသူပေါင်း ၃၀၀၀ အထိရှိပြီဖြစ်ကာ ၂၀၀၁ ခုနှစ် စက်တင်ဘာလ ၁၁ ရက်က အယ်လ်ခိုင်ဒါအဖွဲ့၏အကြမ်းဖက်တိုက်ခိုက်ခံရမှု (9/11) တွင် သေဆုံးခဲ့သည့်အရေအတွက်ခန့်ရှိသည်။

 နယူးယောက်အုပ်ချုပ်ရေးမှူး အင်ဒရူးကိုမိုက အသက်ရှူစက်များ၊ ဆေးရုံကုတင်များနှင့်အခြား ဆေးဘက်ဆိုင်ရာပစ္စည်းများအား အရေးတကြီးလိုအပ်သည့်ပြည်နယ်များသို့ ပို့ဆောင်ပေးသွားမည်ဟု ကတိပြုခဲ့သည်။

ဆေးရုံများတွင် အသက်ရှူစက်၊ ကုတင်၊ ဝန်ထမ်း၊ ရောဂါကာကွယ်ရေးဝတ်စုံ စသည်များ မရှိသည့်အတွက် လူများ သေဆုံးရတော့မည်ဟု ကိုမိုက သတိပေးပြောကြားခဲ့သည်။

နယူးယောက်မြို့တစ်မြို့တည်း၌ သေဆုံးသူဦးရေသည် အမေရိကန်တစ်နိုင်ငံလုံး သေဆုံးသူဦးရေ၏ လေးပုံတစ်ပုံထက်ပင်ကျော်သေးသည်။

အုပ်ချုပ်ရေးမှူးကူမိုက အသက်ရှူစက်မလိုအပ်သည့်အဖွဲ့အစည်းများထံမှ အဆိုပါပစ္စည်းများယူကာ လိုအပ်သည့်နေရာများသို့ထောက်ပံ့ပေးပြီး နောင်တွင် ပြန်လည်ပေးအပ်ခြင်း သို့မဟုတ် ငွေပြန်အမ်းခြင်းပြုလုပ်မည့် အမိန့်ညွှန်ကြားချက်ကို လက်မှတ်ရေးထိုးမည်ဟု ဆိုသည်။

နယူးယောက်ရှိ Mount Sinai ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းများက ဆေးဘက်ဆိုင်ရာပစ္စည်းများ အသည်းအသန်လိုအပ်သဖြင့် ဆေးရုံရှေ့၌ ဆန္ဒပြခဲ့ကြသည်။

ကျန်းမာရေးဝန်ထမ်းအလုံအလောက်မရှိသည့်အပြင် အများစုမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံနေရခြင်းမှာလည်း နောက်ထပ်ထိုးနှက်ချက်တစ်ခုဖြစ်သည်။

နယူးယောက်မြို့တော်ဝန် ဘီလ်ဒီဘလာစီယိုက သူနာပြုဦးရေ ၁၀၀၀၊ ဆရာဝန် ၁၅၀ ဦးနှင့် အသက်ရှူခြင်းဆိုင်ရာကုထုံးပညာရှင် ၃၀၀ ဦးတို့ကို မြို့တော်ရှိ ဆေးရုံများအတွက် တောင်းဆိုထားသည်။ လာမည့် သီတင်းပတ်၌ လိုအပ်မည့် အသက်ရှူစက်အလုံးပေါင်း ၃ ၀၀၀ ကိုလည်း မရရှိသေးကြောင်းနှင့် အမေရိကန်စစ်တပ်မှ ဆေးဘက်ဆိုင်ရာဝန်ထမ်းများကို တာဝန်ချထားပေးစေလိုကြောင်း ဘလာစီယိုက သမ္မတ ဒေါ်နယ်ထရမ့်အား တောင်းဆို ထားသည်။

အမေရိကန်၌ COVID-19 ကူးစက်ခံရသူ ၃၁၀ ၀၀၀ ကျော်နှင့် သေဆုံးသူ ၈ ၅၀၀ နီးပါးရှိပြီဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly