COVID-19 သတင်းအချက်အလက် မျှဝေမှု မသန်စွမ်းနားမကြားသူများ အတွက်ပါဖော်ပြပေးဖို့လို

COVID-19 သတင်းအချက်အလက် မျှဝေမှု မသန်စွမ်းနားမကြားသူများ အတွက်ပါဖော်ပြပေးဖို့လို

ဧပြီ ၅

ကမ္ဘာတစ်ဝန်းဖြစ်ပွားနေတဲ့ ကူးစက်မြန်ရောဂါ COVID-19ခေါ် ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ အရေးကြီးသတင်း အချက်အလက်များထုတ်ပြန်ရာတွင် အစိုးရသတင်းဌာန၊ ပုဂ္ဂလိကသတင်းဌာနများနှင့် အွန်လိုင်းမီဒီယာအားလုံး အနေနှင့် မသန်စွမ်းနားမကြားသူတွေအတွက် လက်သင်္ကေတဘာသာကို ထည့်သွင်းဖော်ပြပေးသင့်ကြောင်း မြန်မာနိုင်ငံ နားမကြားသူများဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့နှင့် မိတ်ဖက်အဖွဲ့အစည်းများမှထုတ်ပြန်လိုက်သည်။

COVID-19 အရေးကြီးသတင်းလို့ဆိုရာမှာ လတ်တလောထုတ်ပြန်သည့် နိုင်ငံတော်အတိုင်ပင်ခံ၏မိန့်ခွန်းများ၊ သတင်းဌာနတွေရဲ့ စကားဝိုင်းဆွေးနွေးပွဲတွေမှာပါဝင်တဲ့ပညာရှင်တွေရဲ့ပြောစကားတွေ ဖြစ်ကြောင်း၊ထိုအရာ များ ဖော်ပြရာတွင် လက်သင်္ကေတထည့်သွင်းမှုမရှိခြင်းတို့ကြောင့် အခုလိုထုတ်ပြန်ရခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ နားမကြားသူ များဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့မှ အစီအစဉ်အကြံပေး ဆလိုင်းဒေးဗစ်ကပြောသည်။

၎င်းက“ကျွန်တော်တို့က အခုCOVID-19 နဲ့ပတ်သက်ပြီးတော့ နိုင်ငံတော်ကနေ အချိန်နဲ့တပြေးညီ သတင်းတွေထုတ် ပြန်နေတာတွေရှိတယ်။ နိုင်ငံတော်အတိုင်ပင်ခံကိုယ်တိုင်ကလည်း မိန့်ခွန်းတွေပြောကြားတာတွေရှိတယ်။ မြန်မာ့အသံအပါအဝင် တချို့သတင်းမီဒီယာတွေမှာ သတင်းတွေဖော်ပြကြတယ်။ ဒါပေမယ့် ကျွန်တော်တို့ အကြားအာရုံမသန်စွမ်း သူတွေအတွက်လက်သင်္ကေတဖော်ပြတာမျိုး၊ စာတန်းထိုးပေးတာမျိုးကို မတွေ့ရတဲ့ အတွက် သူတို့အနေနဲ့ ဒီသတင်းအချက်အလက်တွေကိုရရှိဖို့ အခက်အခဲတွေရှိနေတယ်”ဟုပြောသည်။

ယခုလိုတောင်းဆိုရခြင်းသည် မသန်စွမ်းသူများ၏အခွင့်အရေးတစ်ခုဖြစ်သည့်အပြင် ဒီအခွင့်အရေးကို မီဒီယာတွေဘက်ကလုပ်ဆောင်ပေးသည့်အခါမှာ လက်သင်္ကေတဘာသာစကားမဟုတ်တောင် စာတန်းထိုးပေးတာမျိုး လုပ်ဆောင်ပေးဖို့မျှော်လင့်ကြောင်း ဆလိုင်းဒေးဗစ်ကပြောသည်။

“ အားလုံးသိသင့်တဲ့ဟာမျိုးဆိုရင် ကျွန်တော်တို့အဖွဲ့အနေနဲ့ အကိုတို့ကို ဒီဟာလေးကို sign languageလေး ထည့်ချင်တယ်။ တိုက်ရိုက်လွှင့်တဲ့အခါထည့်ပေးဖို့အဆင်ပြေချင်မှပြေမယ်ပေါ့။ အခုကျွန်တော်တို့လည်း လာရောက် ရိုက်ကူးဖို့ အတွက်ကျ အိမ်ပြင်ထွက်ဖို့ကအခက်အခဲရှိတော့ဒီကနေ sign languageထည့်ပြီး ပြန်ပို့ပေးမယ်။ အဲ့ဒါဆို တိုက်ရိုက်မှာမပါရင်တောင်မှ နောက်ပြန်လွှင့်တဲ့အခါမှာပါနိုင်အောင်ထည့်ပေးမယ်ဆိုရင် ကျွန်တော်တို့ပူး ပေါင်းဆောင်ရွက်ပေးလို့ရတယ်”ဟုပြောသည်။

မြန်မာနိုင်ငံတွင် မသန်စွမ်းသူများမှာ နိုင်ငံလူဦးရေ၏ ၄.၆ရာခိုင်နှုန်းခန့်ရှိပြီး ကိုယ်ကာယ၊ အမြင်၊ အကြားနှင့် ဉာဏ်ရည်မသန်စွမ်းသူဟူ၍ လေးမျိုးရှိကြောင်းသိရသည်။ ၂၀၁၄ခုနှစ်၏ သန်းခေါင်စာရင်းအရ နားမကြားသူ အရေအတွက်မှာ ၆သိန်း၇သောင်းကျော်ရှိသည်။

မြန်မာနိုင်ငံနားမကြားသူဖွံ့ဖြိုးတိုးတက်ရေးလူမှုကွန်ယက်စာမျက်နှာတွင်လည်း သတင်းမီဒီယာများက ဖော်ပြသည့် COVID-19နှင့်ပတ်သက်သည့်သတင်းများကို လက်သင်္ကေတများဖြင့်ပြန်လည်ဖော်ပြမှုတွေရှိသော် လည်း တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့်ရောက်ရှိနိုင်မည်မဟုတ်သောကြောင့် သတင်းမီဒီယာတွေမှာပါ ဖော်ပြပေးဖို့အခုလိုတောင်းဆိုရခြင်းဖြစ်ကြောင်းသိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly