COVID-19 ကာကွယ်ဆေးထုတ်လုပ်ရန် ခွင့်ပြုလိုက်သည့်သတင်းမှာမဟုတ်ကြောင်း ဒေါက်တာသာထွန်းကျော် ပြော

COVID-19 ကာကွယ်ဆေးထုတ်လုပ်ရန် ခွင့်ပြုလိုက်သည့်သတင်းမှာမဟုတ်ကြောင်း ဒေါက်တာသာထွန်းကျော် ပြော

ရန်ကုန်၊ ဧပြီ ၅ရက်

မြန်မာနိုင်ငံတွင် COVID-19 ကာကွယ်ဆေးထုတ်လုပ်ရန် ခွင့်ပြုလိုက်သည့်သတင်းမှာမဟုတ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ သာထွန်းကျော်က မဇ္ဈိမသို့ ပြောသည်။

"ဆွေးနွေးတုန်းပါ။ ဖြစ်နိုင်ချေ ရှိ၊ မရှိဆိုတဲ့ အနေအထားကို ဆွေးနွေးနေတုန်းဖြစ်ပါတယ်။ ကာကွယ်ဆေးထုတ်ဖို့အတွက် ခွင့်ပြုတာမဟုတ်ပါဘူး။ တွေ့ဆုံဆွေးနွေးဖို့အတွက် ခွင့်ပြုခြင်းပဲ ဖြစ်ပါတယ်" ဟု ၎င်းက ပြောသည်။

ကာကွယ်ဆေးထုတ်လုပ်မည့် တိရစ္ဆာန်အထူးကုဆရာဝန် ဒေါက်တာအောင်မြင့်က ကာကွယ်ဆေးကို ၎င်းအနေဖြင့် ထုတ်နိုင်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနသို့ စာဖြင့်တင်ပြခဲ့ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ဆေးသုတေသနဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဆေးပညာရှင်အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးကြရန် ခွင့်ပြုခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ သာထွန်းကျော်က ဆိုသည်။

ပြီးခဲ့သည့် ဧပြီလ ၃ရက်နေ့တွင် ရန်ကုန်မြို့ရှိ ဆေးသုတေသန ဝန်ကြီးဌာနတွင် ညွှန်ကြားရေးမှူးချုပ်အဖွဲ့နှင့် ‌ကာကွယ်ဆေးထုတ်လုပ်မည့် ဒေါက်တာအောင်မြင့်တို့ တွေ့ဆုံခဲ့ကြကြောင်းလည်း သိရသည်။

ဒေါက်တာသာထွန်းကျော်က "ဒါကတော့ နည်းပညာပိုင်းဆိုင်ရာအရ အင်မတန်မြင့်မားတဲ့ကိစ္စဖြစ်ပါတယ်။ တော်တော်ခက်ခဲမယ်လို့ ကျွန်တော်တို့ ယူဆရပါတယ်" ဟု ဆိုသည်။

ဒေါက်တာအောင်မြင့်သည် ယခင်က မွေးမြူးရေးကြက်များ ကပ်ရောဂါဖြစ်ချိန်တွင် ကာကွယ်ဆေးထုတ်ပေးခဲ့ဖူးကြောင်း သိရသည်။

ဒေါက်တာအောင့်မြင့်၏ တပည့်ဖြစ်သူ ဒေါက်တာဝင်းစိုးဦးက "အရေးကြီးဆုံးက အစိုးရရဲ့ခွင့်ပြုချက်လိုအပ်တယ်။ ပြီးရင် လိုအပ်တဲ့ ပံ့ပိုးမှုတွေ level 3အဆင့်ရှိတဲ့ ဓာတ်ခွဲခန်းကို အသုံးပြုခွင့်ပေးဖို့လိုတယ် " ဟု ပြောသည်။

လက်ရှိ မြန်မာနိုင်ငံတွင် COVID-19အတည်ပြုလူနာ ၂၁ဦးသည့်အနက် သေဆုံးသူ ၁ဦးရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly