COVID-19 မမှန်သတင်းရေးတင်သူကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေဖြင့် ဖမ်းဆီး

COVID-19 မမှန်သတင်းရေးတင်သူကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေဖြင့် ဖမ်းဆီး
Photo: AFP

နေပြည်တော် ဧပြီ ၄

ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့တွင် COVID-19 ကူးစက်ခံရသူတွေ့ရှိဟု ဖေ့ဘွတ်လူမှုကွန်ရက်မှတဆင့် မဟုတ်မမှန်သတင်းရေးတင်ခဲ့သူတစ်ဦးကို ရေတာရှည်ရဲစခန်းမှ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေဖြင့် အမှုဖွင့် ဖမ်းဆီးထားကြောင်း သတင်းရရှိသည်။

ဦးဘုန်းမြင့်မိုး ဆိုသည့် အကောင့်ပိုင်ရှင်သည် ရေတာရှည် မြို့သူမြို့သားများ Groupတွင် “ရေတာရှည်မြို့နယ်၊ ဘရင်းကုန်းကျေးရွာတွင် COVID-19 ရောဂါပိုး Positive ဖြစ်နေကြောင်း၊ တောင်ငူမြို့မှ တိတ်တဆိတ် လာရောက်ခေါ်ယူသွားပြီး Stay Home ကြိတ်ကုနေကြောင်းနှင့်် ဆင်ဆင်ခြင်ခြင် သတိထားကြရန် " ဟု ရေးသားခဲ့သဖြင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေဖြင့် အရေးယူခံရခြင်းဖြစ်သည်။

“အကောင့်ပိုင်ရှင်ကိုတော့ ဖမ်းဆီးထားပါပြီ။ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ(၂၇)နဲ့ အမှုဖွင့်လိုက်တာပါ” ဟု ရေတာရှည်မြို့နယ် ရဲတပ်ဖွဲ့စခန်းမှ ဒုရဲအုပ် ရဲမင်းထွေးက ပြောသည်။

အဆိုပါ ဦးဘုန်းမြင့်မိုးကို သက်သေခံပစ္စည်းများနှင့် ယနေ့(ဧပြီ ၄ ) တွင် ဖမ်းဆီးထားပြီး ရေတာရှည်မြို့နယ် COVID -19 ကာကွယ်ထိန်းချုပ်ကုသရေး ကော်မတီ ဥက္ကဌ ၊မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမင်းအောင်နိုင်မှ တရားလို ပြုလုပ်တိုင်ကြားခဲ့ကာ ရဲတပ်ဖွဲ့မှ တရားစွဲတင် နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

၂၀၁၃ခုနှစ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ(၂၇) အရ ပြစ်မှုကျူးလွန်သူကို ထောင်ဒဏ် တစ်နှစ်အထိ ဖြစ်စေ၊ငွေဒဏ် ဖြစ်စေ ၊ပြစ်ဒဏ်နှစ်ရပ်လုံးကို ဖြစ်စေချမှတ်နိုင်ကြောင်း ပြဌာန်းထားသည်။

COVID-19 ရောဂါကို ကမ္ဘာ့ကပ်ရောဂါအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက သတ်မှတ်ကြေညာထားပြီး မြန်မာနိုင်ငံတွင်လည်း ပိုးတွေ့သူ (ဧပြီ ၄ရက်နေ့ ည ၈နာရီအထိ) ၂၁ယောက်တွေ့ရှိခဲ့ပြီဖြစ်သည်။ သို့ဖြစ်၍ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများအနေဖြင့် အများပြည်သူလိုက်နာရန် အမိန့်နှင့် ညွှန်ကြားချက်များကို ထုတ်ပြန်ထားရာ မလိုက်နာပဲ မင်္ဂလာဆောင်သူများနှင့် စောင့်ကြည့်စခန်းများတွင် ပြသနာရှာသူများကို အရေးယူမှုများ လုပ်ဆောင်နေပြီ ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required