ပဋိပက္ခစစ်ပွဲဖြစ်နေသော နိုင်ငံများတွင် COVID-19 နှင့်ပတ်သက်သည့် အဆိုးရွားဆုံး အခြေအနေများ ကျရောက်လာလိမ့်ဦးမည်ဟု ကုလ အကြီးအကဲ သတိပေး 

ပဋိပက္ခစစ်ပွဲဖြစ်နေသော နိုင်ငံများတွင် COVID-19 နှင့်ပတ်သက်သည့် အဆိုးရွားဆုံး အခြေအနေများ ကျရောက်လာလိမ့်ဦးမည်ဟု ကုလ အကြီးအကဲ သတိပေး 

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားနေလျက် ရှိစဉ် တစ်ကမ္ဘာလုံး အပစ်ရပ်စဲရေးအတွက် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ဧပြီ ၃ ရက်တွင် ထပ်မံတောင်းဆိုသွားခဲ့သည်။

ထို့ပြင် ပဋိပက္ခစစ်ပွဲများတွင် ပါဝင်ပတ်သက်နေသူအားလုံးကိုလည်း လက်နက်ချကြရန်နှင့် စစ်ပွဲဒဏ် ခံထားရသည့် နိုင်ငံများကို ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ခွင့်ပြုပေးရန် ဂူတာရက်စ်က တိုက်တွန်းသွားခဲ့သည်။

“ အဆိုးဆုံးအခြေအနေတွေ ရောက်လာဦးမှာ ဖြစ်ပါတယ်” ဟု ဂူတာရက်စ်က ဆီးရီးယား၊ လစ်ဗျားနှင့် ယီမင်ကဲ့သို့ တိုက်ပွဲများ ပတ်ချာဝိုင်းနေသော နိုင်ငံများကို ရည်ညွန်းပြောသွားခဲ့သည်။

“ကိုဗစ်-၁၉ မုန်တိုင်းက ခုဆိုရင် ပဋိပက္ခစစ်ပွဲတွေဖြစ်နေတဲ့ ဒီ နယ်ပယ်အားလုံးဆီကို လာနေပါပြီ” ဟု ၎င်းက ပြောသွားသည်။

အပစ်ရပ်စဲပြီး ငြိမ်းချမ်းရေးယူကြရန် ပြီးခဲ့သည့် မတ်လ ၂၃ ရက်၌ ၎င်းက တောင်းဆိုပန်ကြားခဲ့ပြီးနောက်ပိုင်း တိုးတက်မှုအခြေအနေတစ်ချို့ ရှိခဲ့ကြောင်း ဂူတာရက်စ်က ပြောသည်။

သို့သော် နိုင်ငံတချို့တွင် တိုက်ခိုက်မှုများ ဆက်လက် ရှိနေဆဲဖြစ်သည့်အတွက် ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေး အစီအစဉ်များ ချမှတ်လုပ်ဆောင်နိုင်စွမ်းအပေါ် အဟန့်အတားဖြစ်စေလျက် ရှိသည်။

“ ခုချိန်မှာ ချက်ချင်း လုပ်ဖို့ လိုနေပါပြီ” ဟု ဂူတာရက်စ်က ကုလသမဂ္ဂ သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောသွားသည်။

“ ဗိုင်းရပ်စ်က နယ်စပ်တွေကို ဖြတ်ပြီး ဘယ်လောက် မြန်မြန်ဆန်ဆန် ကူးသွားနိုင်တယ်၊ နိုင်ငံတွေကို ဘယ်လောက် မြန်မြန်ဆန်ဆန် ထိခိုက်ပျက်စီးစေနိုင်တယ်၊ လူ့အသက်တွေကို ဘယ်လောက် ခြိမ်းခြောက်နိုင်တယ် ဆိုတာကို ပြသထားခဲ့ပြီး ဖြစ်ပါတယ်” ဟု ၎င်းက ပြောသွားသည်။

ကင်မရွန်း၊ ဗဟိုအာဖရိကသမ္မတနိုင်ငံ၊ ကိုလံဘီယာ၊ လစ်ဗျား၊ မြန်မာ၊ ဖိလစ်ပိုင်၊ တောင်ဆူဒန်၊ ဆူဒန်၊ ဆီးရီးယား၊ ယူကရိန်းနှင့် ယီမင် တို့အပါအဝင် နိုင်ငံအများအပြားတွင် ပဋိပက္ခတိုက်ပွဲများတွင် ပါဝင်ပတ်သက်နေသူများက ၎င်း၏ တောင်းဆိုပန်ကြားချက်အပေါ် ထောက်ခံကြောင်း ထုတ်ဖော်ခဲ့သည်ဟု ဂူတာရက်စ်က ပြောသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly