ဂျကာတာ၌ အသုဘပို့ဆောင်မှု များပြားလာပြီး COVID-19 ကြောင့် သေဆုံးသူ တရားဝင်စာရင်းအပေါ် သံသယဖြစ်နေ

ဂျကာတာ၌ အသုဘပို့ဆောင်မှု များပြားလာပြီး COVID-19 ကြောင့် သေဆုံးသူ တရားဝင်စာရင်းအပေါ် သံသယဖြစ်နေ
Photo: AFP

ဧပြီ ၄

 မတ်လ၌ ဂျကာတာတွင် အသုဘပို့ဆောင်မှုများ သိသိသာသာမြင့်တက်ခဲ့ပြီး ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးမှုသည် တရားဝင်ထုတ်ပြန်ထားသော အရေအတွက်ထက် ပိုမိုများပြားနိုင်ကြောင်း အင်ဒိုနီးရှားမြို့တော်အုပ်ချုပ်ရေးမှူးရုံးက ပြောသည်။

ယခုနှစ် မတ်လက မြေမြှုပ်သင်္ဂြိုဟ်မှုပေါင်း ၄၄၀၀ ရှိခဲ့ပြီး ၂၀၁၈ ခုနှစ် ဇန်နဝါရီလကတည်းကစ၍ နှိုင်းစာလျှင် ၄၀ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း မြို့တော်ပန်းဥယျာဉ်နှင့်သုဿာန်မြေနေရာဌာန၏ စာရင်းများအရ သိရသည်။ ပြီးခဲ့သည့်နှစ် မတ်လက မြေမြှုပ်သင်္ဂြိဟ်မှုပေါင်း ၃၁၀၀ နီးပါး ရှိခဲ့ပြီး ထိုနှစ်အချိန်အခါက ဒုတိယအများဆုံး ဖြစ်သည်။

အင်ဒိုနီးရှားနိုင်ငံ မြို့တော် ဂျကာတာသည်  COVID-19 ကူးစက်ခံရမှု ဗဟိုချက်ဖြစ်နေပြီး ကူးစက်ခံရသူဦးရေ ၉၇၁ ဦးနှင့်  သေဆုံးမှု ၉၀ ဦးအထိရှိကာ အကြမ်းအားဖြင့် တစ်နိုင်ငံလုံးရှိ သေဆုံးသူနှင့် ကူးစက်ခံရသူအရေအတွက်၏ ထက်ဝက်ခန့်ရှိသည်ဟု  ဗဟိုအစိုးရ၏အချက်အလက်များအရ သိရသည်။

ဂျာကာတာ အုပ်ချုပ်ရေးမှူး Anies Baswedan နှင့် ပြည်သူ့ကျန်းမာရေးကျွမ်းကျင်သူအချို့က နိုင်ငံသည် ရောဂါစစ်ဆေးစမ်းသပ်မှု အားနည်းသည့်အတွက် ဂျကာတာမြို့၏ တရားဝင်ထုတ်ပြန်ထားသည့် ရောဂါကူးစက်မှုနှင့်သေဆုံးမှုအရေအတွက်သည် အမှန်တကယ်စာရင်းထက် သိသိသာသာ လျော့နည်းနေသည်ဟု သံသယရှိနေကြသည်။

"တော်တော်လေးစိုးရိမ်စရာကောင်းပါတယ်၊ COVID-19 ကြောင့်သေတယ်ဆိုပြီး စာရင်းမသွင်းတဲ့ အရေအတွက်ထက် အခြားအကြောင်းပြချက်တစ်ခုကို ရှာဖွေဖို့ ကျွန်တော် ကြိုးစားနေပါတယ်"  ဟု ဂျကာတာအုပ်ချုပ်ရေးမှူး  Baswedan က Reuters ကို ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ကျန်းမာရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိက မေးမြန်းမှုများကို မတုံ့ပြန်ခဲ့သလို  သမ္မတ ဂျိုကိုဝီဒိုဒို၏ ပြောရေးဆိုခွင့်ရှိသူကလည်း မှတ်ချက်တစ်စုံတစ်ရာမပြုခဲ့ကြပေ။

ဂျကာတာရှိ ပန်းဥယျာဉ်နှင့် သုဿာန်မြေနေရာဌာန၏ အချက်အလက်များသည် သေဆုံးမှုများ၏အကြောင်းရင်းများကို ဖော်ပြမထားဘဲ ယခုအချိန်၌ ဂျကာတာတွင် အခြား ကူးစက်ရောဂါနှင့် ကြီးကြီးမားမား သဘာဝဘေးအန္တရာယ်များလည်း မရှိချိန်ဖြစ်သည်။

အင်ဒိုနီးရှားတွင် ပြီးခဲ့သည့် ရက်သတ္တပတ်က ရောဂါစမ်းသပ်မှုများကို နှစ်ဆနီးပါးတိုး မြှင့်လုပ်ဆောင်ခဲ့သည်ဟုဆိုသော်လည်း လူဦးရေ သန်း ၂၆၀ ကျော်ရှိသောနိုင်ငံတွင် စမ်းသပ်မှု ၇၆၂၁ ခုသာ ပြုလုပ်ခဲ့သည်။

သောကြာနေ့အထိစာရင်းအရ အင်ဒိုနီးရှားနိုင်ငံတွင် ဗိုင်းရပ်စ်ကူးစက်ခံရသူပေါင်း ၁၉၈၆ ဦးရှိသည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ပြောသည်။ အင်ဒိုနီးရှားတွင် COVID-19 ကြောင့်သေဆုံးသူ ၁၈၁ ယောက်ရှိပြီး တရုတ်ပြင်ပ အာရှတွင် သေဆုံးမှုအများဆုံးဖြစ်သည်။

အသုဘစီစဉ်ဆောင်ရွက်သူများသည် ရုပ်အလောင်းများကို အစ္စလာမ်ဓလေ့ထုံးတမ်းအတိုင်း ပိတ်ဖြူဖြင့် ထုပ်ပိုးရမည့်အစား ပိုးသတ်ပြီး ပလတ်စတစ်ဖြင့် ထုပ်ပိုးခဲ့ကြသည်။  

အင်ဒိုနီးရှားနိုင်ငံတွင်  အသွားအလာ အနေအထိုင်ကန့်သတ်ခြင်းဖြင့် ကိုရိုနာဗိုင်းရပ်စ်ကို တိုက်ဖျက်ရန် ကြိုးစားနေကြသော်လည်း သမ္မတဂျိုကိုဝီဒိုဒိုက အိမ်နီးချင်းနှင့် ကမ္ဘာ့နိုင်ငံများကျင့်သုံးနေသည့် ပြင်းထန်သော lockdown ချမှတ်မှုများကို ဆန့်ကျင်ခဲ့သည်။

အင်ဒိုနီးရှားတွင် ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှုသည် မြို့တော် ဂျကာတာကို ကျော်လွန်ပြီး နိုင်ငံအတွင်းရှိ ပြည်နယ် ၃၄ ခုအနက် ၃၂ ပြည်နယ်အထိ ကူးစက်ခဲ့ပြီဖြစ်ကြောင်း ဗဟိုအစိုးရ၏ထုတ်ပြန်ချက်များအရသိရသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly