သင်္ကြန်ကာလအတွင်း COVID -19 ကူးစက်မှုထိန်းချုပ်နိုင်ရေးအတွက်သာ ဒေသန္တရအမိန့်ထုတ်ပြန်ခြင်းဖြစ်ဟုဆို

သင်္ကြန်ကာလအတွင်း COVID -19 ကူးစက်မှုထိန်းချုပ်နိုင်ရေးအတွက်သာ ဒေသန္တရအမိန့်ထုတ်ပြန်ခြင်းဖြစ်ဟုဆို

ဧပြီ ၄ ၊ ၂၀၂၀

ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့၊ ရန်ကုန်တိုင်းဒေသကြီး Covid – 19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းကော်မတီ မှ ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ် ၄၅ မြို့နယ်အတွင်း သင်္ကြန်ကာလရုံးပိတ်ရက်များဖြစ်သည့် ၁၀.၄.၂၀၂၀ မှ ၁၉.၄.၂၀၂၀ ရက်နေ့အထိ ပြည်သူများ အနေဖြင့် မဖြစ်မနေ ဆောင်ရွက်ရမည့် ကျန်းမာရေး ကိစ္စရပ်များ နှင့် အစားအသောက်ဝယ်ယူခြင်း ကိစ္စရပ်များမှ လွဲ၍ နေအိမ်ပြင်ပသို့ထွက်ခွာသွားလာခြင်း မပြုလုပ်ဘဲ မိမိ၏ နေအိမ်၌ (Home Stay) နေထိုင်ခြင်းဖြင့် အသွားအလာကန့်သတ်ခြင်း အစီအစဉ် နှင့် လုပ်ငန်းများတွင် ပြည်သူများမှ ပူးပေါင်းပါဝင်ရန် ဒေသန္တရ အမိန့်ကြေညာချကို ၂၀၂၀ ခုနှစ် ဧပြီလ ၂ ရက်နေ့တွင် ထုတ်ပြန်ကြေ ညာခဲ့သည်။

အဆိုပါ ဒေသန္တရအမိန့်တွင် သင်္ကြန်ကာလအတွင်း ရေပက်ခံထွက်ခံခြင်း၊ ရေဆော့ကစားခြင်း စသည့် လူစုလူဝေးဖြစ်စေနိုင်မည့် အပြုအမူများကို ရှောင်ကြဉ်ရန် အဓိကရည်ရွယ်ခြင်းဖြစ်ပြီး ပြည်သူများ အနေဖြင့် အခြေခံ စားသောက်ကုန်ဝယ်ယူခြင်း၊ ကျန်းမာရေးအတွက် လိုအပ်သော ဆေးဝါးများဝယ်ယူခြင်း တို့ကို ပုံမှန်အခြေအနေအတိုင်း လုပ်ဆောင်နိုင်မှာဖြစ်သလို ဈေးဆိုင်များကိုလည်း ပုံမှန်အတိုင်း ရောင်းချခွင့်ပြုမည့်အပြင် စား သောက်ဆိုင်များ အနေဖြင့် ပါဆယ်စနစ်၊ အိမ်အရောက်ပို့ဆောင်ခြင်း (Delivery) စနစ် ဖြင့် ရောင်းချမှုများ ပြုလုပ်နိုင်မည် ဖြစ်သည်။ ဒါ့အပြင် ကျန်းမာရေးလေ့ကျင့်ခန်း ပြုလုပ်သည့် သူများ အနေဖြင့် အတတ်နိုင်ဆုံး လူစုလူဝေး ထူထပ်နိုင်မည့် နေရာများကို ရှောင်ရှားပြီး လေ့ကျင့်ခန်းများ ပြုလုပ်နိုင်မည် ဖြစ်သည် ဟု သိရသည်။ အစိုးရရုံးဌာနများ နှင့် ကုမ္ပဏီ လုပ်ငန်းအများစုအနေဖြင့် ရပ်နားထားမည်ဖြစ်သော်လည်း အခြားသော ကုမ္ပဏီလုပ်ငန်းများအနေဖြင့် သင်္ကြန်ကာလအတွင်း ရုံးလုပ်ငန်းများ ဆောင်ရွက်ရန် အတွက် သွားလာမှုများရှိပါကလည်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကျန်းမာရေးဆိုင်ရာ အသိပေးချက် များကို လိုက်နာဆောင်ရွက်ရန် လိုအပ်ကြောင်း သိရသည်။

အဆိုပါ ဒေသန္တရ အမိန့်ကြေညာချက်နဲ့ ပက်သက်ပြီး ရန်ကုန်တိုင်းအတွင်း သင်္ကြန်ကာလတွင် အသွားအလာကန့်သတ်ခြင်း အစီအစဉ် နှင့် ပက်သက်၍ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ရခိုင်တိုင်းရင်းသားလူမျိုးရေး ရာဝန်ကြီး ဖြစ်သူ ဦးဇော်အေးမောင် ထံမှ ယခုလို သိရှိရသည်။

“ဒီ ညွှန်ကြားချက်က ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးဆောင်တဲ့ ကက်ဘိနက်ကနေ ဆုံးဖြတ်တာဖြစ်ပါတယ်။ အခု ကမ္ဘာအနှံ့ ကူးစက်မှုဖြစ်နေတဲ့ COVID – 19 ကြောင့် မြန်မာနိုင်ငံကိုလည်း ရိုက်ခတ်မှုတွေ ရှိလာတဲ့အတွက် သင်္ကြန်ကာလ ရုံးပိတ်ရက် ၁၀ ရက် အတွင်းမှာ ကိုယ့်အိမ်မှာကိုယ် Quarantine ပုံစံလုပ်လိုက်တဲ့အတွက် ရောဂါပိုး ကူးစက်မှုနှုန်းက အတိုင်းအတာ တစ်ခု အထိ ရပ်တန့်သွားလိမ့်မယ် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ သင်္ကြန်ကာလအတွင်းမှာ ရေကစားမဏ္ဍပ်တွေ၊ ရေကစားတာတွေ၊ ကားနဲ့ ထွက်လည်တာတွေ ပြီးတော့ လမ်းလျှောက်ပြီး ရေပက်ခံထွက်တာတွေ မလုပ်ဘဲ အိမ်မှာ (Home Stay) နေလိုက်ခြင်းကြောင့် ဒီ COVID– 19 ရောဂါပိုးကူးစက်မှုကို ကျော်လွှားနိုင်ဖို့အတွက် အစိုးရအဖွဲ့ ကက်ဘိနက်ကနေ ဆုံးဖြတ်လိုက်ခြင်း ဖြစ်ပါတယ်။ ဒါနဲ့ ပက်သက်ပြီး အရေးယူနိုင်တဲ့ ဥပဒေတွေကတော့ အရေးပေါ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကာကွယ် ရေးဥပဒေ၊ အစိုးရရဲ့ အမိန့်အာဏာကို ဖီဆန်တဲ့ ပုဒ်မ ၁၈၁ စတဲ့ ဥပဒေတွေ နဲ့ အရေးယူဆောင်ရွက်နိုင်ပါတယ်။ ဒါပေမယ့် အရေးယူတာထက် ပြည်သူတွေက လက်ရှိအခြေအနေကို နားလည်သဘောပေါက်ပြီး မဖြစ်မနေ စားဖို့သောက်ဖို့ ထွက်ဝယ်တာကလွဲလို့ လူစုလူဝေးနဲ့ သွားလာတာတွေ၊ လည်ပတ်တာတွေ က ရောဂါကူးစက်နိုင်ဖို့ အခွင့်အလမ်းများလို့ သင်္ကြန်ကာလအတွင်းမှာ ရုံးတွေလည်း ပိတ်ထားတာဖြစ်လို့ အိမ်မှာဘဲ နေကြဖို့ တိုက်တွန်းချင်ပါတယ်။ ရန်ကုန်မြို့မှာရှိနေတဲ့ လူဦးရေ ၁၀ သန်းလောက်အတွက် ရိက္ခာအပြည့်အစုံရှိနေတာကြောင့် ပိုဝယ်ပြီး စုဆောင်းရမယ့် အခြေအနေမလိုအပ်ပါဘူး ပြီးတော့ ရပ်ကွက်အတွင်းမှာဖွင့်ထားတဲ့ ဆိုင်တွေက ဖုန်းဆက်ပြီး မှာရင် Delivery ပုံစံမျိုး လာပို့ပေးနိုင်မယ့် အနေအထားတွေ ရှိသလို We Love Yangon လို CSO အဖွဲ့အစည်းတွေကလည်း အစားအသောက်များကို ပို့ဆောင်ရောင်းချပေးနေတဲ့ အခြေအနေတွေ ရှိပါတယ်။  ကျန်းမာရေးနဲ့ ပက်သက်ပြီးတော့လည်း အစိုးရ ဆေးရုံ၊ ဆေးခန်းတွေ ၂၄ နာရီ ပုံမှန်အတိုင်း လည်ပတ်သွားမှာဖြစ်ပြီး COVID – 19 နဲ့ ပက်သက်တဲ့ Quarantine လုပ်ဖို့ သတ်မှတ်ထားတဲ့ နေရာတွေ အပြင် ရောဂါလက္ခဏာတွေ့ရှိတဲ့လူနာ ပေါ်လာခဲ့ရင် ရန်ကုန်တိုင်း အတွင်းမှာရှိတဲ့ ဗဟိုဝန်ထမ်းတက္ကသိုလ် (ဖောင်ကြီး) မှာ လူ ၂၀၀၀ လောက် ထားရှိကုသနိုင်မယ့် အထူးကုဆေးရုံကြီး အဖြစ် ပြင်ဆင်နေပြီး ဧပြီလ ၆ ရက်နေ့ကစပြီး စတင်ထားရှိနိုင်တော့မှာဖြစ်ပါတယ်။ အဲ့ဒီ့မှာ ကုသမယ့် ဆရာဝန်တွေကိုလည်း ရောဂါကာကွယ်ရေးဝတ်စုံ (PPE) တွေ ဝတ်ဆင်ပေးပြီး COVID – 19 သံသယလူနာ၊ စောင့်ကြည့်လူနာ နဲ့ အတည်ပြု လူနာတွေကို ထားရှိကုသပေးသွားမှာ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။

ယခုလို သင်္ကြန်ကာလအတွင်း နေအိမ်တွေမှာ နေထိုင်ခြင်းဖြင့် ရောဂါကူးစက်မှုကို တားဆီးနိုင်ဖို့အတွက် ကောင်းမွန်တဲ့ နည်းလမ်းဖြစ်ပြီး ရောဂါကူးစက်မှု ဖြစ်ပွားနိုင်ခြေရှိတဲ့ တိုင်းနဲ့ ပြည်နယ်တွေမှာ တိုင်းအစိုးရအဖွဲ့တွေ အနေနဲ့ ဒေသန္တရအမိန့်တွေ ထုတ်ပြန်ဖို့ လိုအပ်တယ်လို  ယူဆကြောင်း အားကစားနှင့် ကျန်းမာရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ပုဂ္ဂိုလ် ဖြစ်သူ ဒေါက်တာ သာထွန်းကျော် က ယခုလို ပြောကြားခဲ့သည်။

“တိုင်းနဲ့ ပြည်နယ်အလိုက် ရောဂါဖြစ်ပွားမှု အနေအထားပေါ်မူတည်ပြီး သက်ဆိုင်ရာ အစိုးရအဖွဲ့များနဲ့ အာဏာပိုင် အဖွဲ့အစည်းတွေက ဆောင်ရွက်ကြလိမ့်မယ်လို့ ယူဆပါတယ်။ ရန်ကုန်တိုင်းကတော့ လက်ရှိ ရောဂါပိုး တွေ့ရှိတဲ့ လူနာ အများဆုံးဖြစ်နေလို့ မဖြစ်မနေ အခုလို ဆောင်ရွက်ရမယ့် မြို့ကြီးတစ်ခုဖြစ်တယ်လို့ ထင်ပါတယ်။ ဒါ့အပြင် မန္တလေးတိုင်းမှာလည်း ခရီးသွားလာမှုကို ကန့်သတ်လိုက်တဲ့ အစီအစဉ်တွေ ဆောင်ရွက်နေတယ်လို့ လေ့လာတွေ့ရှိရပါတယ်။ ဒါကြောင့် အခြား ပြည်နယ် နဲ့ တိုင်းတွေ မှာလည်း မလိုအပ်တဲ့ ခရီးသွားလာမှုတွေ အပေါ်ထိန်းချုပ်တဲ့ လုပ်ငန်းတွေ လုပ်ဆောင်ကြမယ်လို့ ယူဆပါတယ်။ ကျန်းမာရေး နဲ့ အားကစားဝန်ကြီးဌာန အနေနဲ့လည်း ပြည်သူတွေကို မလိုအပ်ဘဲ ခရီးသွားလာမှုတွေ ရှောင်ရှားဖို့၊ ရပ်ဆိုင်းဖို့ လမ်းညွှန်ထားသလို လူစုလူဝေး ပြုလုပ်တာတွေ ရှောင်ရှားပြီး ရောဂါကူးစက်ဖြစ်ပွားမှု အနည်းဆုံး အနေအထားအဖြစ် အထိရောက်ဆုံး တားဆီးနိုင်မယ့် နည်းလမ်းလို့ သတ်မှတ်ပါတယ်” ဟု ပြောကြားခဲ့သည်။

လက်ရှိ ရန်ကုန်မြို့အတွင်း COVID – 19 အတည်ပြုလူနာတွေ့ရှိခဲ့သည့် အင်းစိန်မြို့နယ် အတွင်းမှာလည်း သင်္ကြန်ကာလအတွင်း အစိုးရရဲ့ ဒေသန္တရ အမိန့်အပေါ် ဆောင်ရွက်မည့် အခြေအနေများနှင့် ပက်သက်၍လည်း ရန်ကုန်တိုင်း ဒေသကြီး၊ အင်းစိန်မဲဆန္ဒနယ် အမှတ် (၂) လွှတ်တော်ကိုယ်စားလှယ်ဖြစ်သူ ဦးဝေဖြိုးဟန် မှ အခုလို ပြောကြားခဲ့သည်။

“တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ ဒေသန္တရအမိန့် ထုတ်ပြန်ချက်မှာ ပါဝင်တဲ့အတိုင်း ကျန်းမာရေး ကိစ္စ နဲ့ အစားအသောက်ဝယ်ယူတဲ့ ကိစ္စတွေ မှာ သွားလာလို့ရပြီး ကျန်တဲ့လူတွေကတော့ အိမ်မှာနေဖို့ ညွှန်ကြားထားတာပေါ့။ ဒီနေရာမှာ တစ်ဦးချင်းလိုက်နာမှုက အရေးကြီးပြီး အုပ်ချုပ်ရေးအပိုင်းအနေနဲ့ ရပ်ကွက်ထဲမှာ လက်ရှိ ညွှန်ကြားထားတဲ့အပေါ် လိုက်ပါလာအောင် လှုံ့ဆော်မှုတွေ ဆောင်ရွက်သွားမှာပါ။ လက်ရှိ ရောဂါပိုးတွေ့ရှိလို့ ပိတ်ထားတဲ့ နေရာတွေကလည်း သတ်မှတ်ထားတဲ့ ၁၄ ရက် စောင့်ကြည့်မှုပြီးသွားရင် သွားခွင့်လာခွင့်ပေးဖို့ ရည်ရွယ်ထားပေမယ့် ဒီသင်္ကြန်ကာလအတွင်း အစိုးရက ထွက်ခွင့်မပေးရင်လည်း ကျွန်တော်တို့က ဆက်ပြီး မထွက်အောင် စီစဉ် ရမှာပါ။ အဓိကက ပုံမှန် ဈေးဝယ်ထွက်သူ၊ ဈေးရောင်းသူတွေကတော့ ပုံမှန်အတိုင်းလည်ပတ်နေမှာဖြစ်ပြီး လူစုလူဝေးဖြစ်စေနိုင်တဲ့ လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်တွေ မှာထိုင်တာတွေ၊ သင်္ကြန်ကာလအတွင်း လမ်းထွက်လျှောက်တာတွေ ကို အဓိက ကန့်သတ်လိုက်တဲ့ သဘောပါ။ အစိုးရအဖွဲ့က အခုလို တရားဝင် ထုတ်ပြန်လိုက်တဲ့အတွက် ပြည်သူတွေ အနေနဲ့လည်း သွားသွားလာလာ လှုပ်လှုပ်ရှားရှား ဖြစ်နေတာကို ထိရောက်တဲ့ နည်းလမ်းနဲ့ အသိပေးလိုက်တဲ့ သဘောမျိုးဖြစ်သလို အရင်က ၃၊၄ ယောက် ထွက်လာတာကနေ တစ်ယောက်လောက်ဘဲ ထွက်တော့တဲ့ အနေအထား ဖြစ်သွားမှာပေါ့။ ဒါပေမယ့် ပြည်သူတွေ စိုးရိမ်နေကြသလို ရန်ကုန်မြို့ ကြီးပိတ်တော့မှာလား၊ Lockdown လုပ်လိုက်တော့မှာလားလို့ နားလည်မှုတွေ လွဲပြီး အစိုးရိမ်လွန်နေတဲ့ ကိစ္စတွေကတော့ မဟုတ်ပါဘူး။ နိုင်ငံတော် အတိုင်ပင်ခံ ဘက်ကလည်း ပြောထားပြီးသားပါ Lockdown လုပ်မယ် ဆိုရင် ကြိုတင်ပြင်ဆင်မှုတွေ လုပ်ပြီးမှ ဆောင်ရွက်ရတာ ဖြစ်တာကြောင့် အဓိက ဒီညွှန်ကြားချက်က ပြည်သူတွေ အနေနဲ့ အတတ်နိုင်ဆုံး အိမ်ထဲမှာနေပေးကြဖို့ အစိုးရအဖွဲ့က ထုတ်ပြန်တဲ့ သဘောမျိုး ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။

လက်ရှိ မြန်မာနိုင်ငံတွင် COVID – 19 ဖြစ်ပွားမှု အတည်ပြုလူနာ ၂၀ ဦး ရှိနေပြီး စောင့်ကြည့်လူနာအသစ် ၄၇ ဦး ရှိကာ အိမ်တွင် အသွားအလာကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုမှု ခံယူနေသူ ၅၅ ဦး တွင် ဓာတ်ခွဲစစ်ဆေးမှု အဖြေများ အရ ရောဂါပိုး မရှိကြောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန မှ ၂၀၂၀ ခုနှစ် ဧပြီလ ၃ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် စာရင်းများ အရ သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly