သေဆုံးလူနာတွေနဲ့ ဆေးဝန်ထမ်းတွေကို ဂုဏ်ပြုပြီး တရုတ်တစ်နိုင်ငံလုံး သုံးမိနစ် ငြိမ်သက်

သေဆုံးလူနာတွေနဲ့ ဆေးဝန်ထမ်းတွေကို ဂုဏ်ပြုပြီး တရုတ်တစ်နိုင်ငံလုံး သုံးမိနစ် ငြိမ်သက်

ဧပြီ ၄

ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးခဲ့ကြတဲ့ လူနာတွေနဲ့ ဆေးဝန်ထမ်းတွေကို ဂုဏ်ပြုရင်း ကမ္ဘာ့လူ့ဦးရေအများဆုံး တရုတ်နိုင်ငံမှာ စနေနေ့က တစ်နိုင်ငံလုံး ရပ်တန့်ကာ သုံးမိနစ် ငြိမ်သက်နေခဲ့ကြပါတယ်။

နိုင်ငံအတွင်း ဗိုင်းရပ်စ်ကြောင့် သေဆုံးခဲ့တဲ့ လူပေါင်း ၃၀၀၀ ကျော်ကို ဂုဏ်ပြုအောက်မေ့ရင်း နံနက် ၁၀ နာရီမှာ နိုင်ငံသားတွေဟာ ရပ်တန့်ငြိမ်သက်နေကြပြီး ကားတွေ၊ ရထားတွေနဲ့ သင်္ဘောတွေလည်း ရပ်တန့်ကာ ဟွန်းတွေ တီးကြပါတယ်။ လေကြောင်းကနေလည်း ဥဩတွေ ဆွဲကြပါတယ်။

ပေကျင်းမြို့က တျန်အန်မင်ရင်ပြင်မှာ ပြည်သူတွေ စုရုံးကြပြီး ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူတွေနဲ့ သူရဲကောင်းတွေကို ဂုဏ်ပြုရင်း သုံးမိနစ် ငြိမ်သက်နေခဲ့ပါတယ်။

ဗိုင်းရပ်စ်စတင်ပေါ်ပေါက်ရာ ဝူဟန်မြို့မှာလည်း ပြည်သူတွေဟာ လမ်းတွေပေါ်မှာ တိတ်ဆိတ်စွာ ငြိမ်သက်ရပ်နေကြပြီး ဥဩဆွဲသံတွေ၊ ဟွန်းသံတွေနဲ့ ဂုဏ်ပြုကြပါတယ်။

“ကျွန်မတော့ သေဆုံးခဲ့ရတဲ့ ကျွန်မတို့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ လူနာတွေအတွက် တော်တော်လေး ဝမ်းနည်းမိပါတယ်။”လို့ ကိုရိုနာဗိုင်းရပ်စ်လူနာတွေကို ရှေ့တန်းကနေ ကုသပေးနေတဲ့ တန်ဂျီဆေးရုံက သူနာပြုဆရာမ ဟူက ပြောပါတယ်။

“သူတို့တွေ ကောင်းကင်ဘုံမှာ ကောင်းကောင်းမွန်မွန် နားစက်ရမယ်လို့ မျှော်လင့်ပါတယ်။”လို့ ဟူက မျက်ရည်စတွေကို သိမ်းရင်း ပြောပါတယ်။

နိုင်ငံပိုင်ရုပ်သံကလည်း သမ္မတ ရှီကျင့်ဖျင်နဲ့ အခြား အစိုးရအရာရှိတွေ ပေကျင်းက အစိုးရရုံးတစ်ရုံး အပြင်ဖက်မှာ အဖြူရောင်ပန်းတွေကို ကိုင်ဆောင်ရင်း ငြိမ်သက်ရပ်တန့်နေတာကို ထုတ်လွှင့်ပြသခဲ့ပါတယ်။

တျန်အန်မင်ရင်ပြင်မှာ နိုင်ငံတော်အလံကို တစ်ဝက်လွှင့်ထူထားပြီး ပေကျင်းမြို့က လူစည်ကားရာအရပ်မှာ လမ်းသွားလမ်းလာတွေဟာ သွားလာတာတွေ ရပ်တန့်ပြီး ဦးခေါင်းညွတ်လို့ ငြိမ်သက်တိတ်ဆိတ်စွာ ဂုဏ်ပြုခဲ့ကြပါတယ်။
Coronavirus: Three-minutes of silence by Tiananmen

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly