Lockdown ချခံဥရောပနိုင်ငံများအတွက် ငါးပါးနီဝယ်လိုအားမြင့်တက်လာ

Lockdown ချခံဥရောပနိုင်ငံများအတွက် ငါးပါးနီဝယ်လိုအားမြင့်တက်လာ

ဧပြီ ၄

ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်ကြောင့်  နိုင်ငံအများအပြားမှာ ကန့်သတ်ပိတ်ပင်မှုတွေလုပ်ခဲ့တာကြောင့် ကမ္ဘာတစ်ဝှမ်းက စီးပွားရေးလုပ်ငန်းတွေဟာ ရပ်ဆိုင်းခဲ့ကြရပါတယ်။

ဒါပေမယ့် ဥရောပနိုင်ငံ အိမ်ထောင်စုတွေအကြားမှာတော့ စည်သွပ်ထားတဲ့ စားသောက်ကုန်တွေ ဝယ်လိုအားမြင့်တက်လာပြီး ငါးပါးနီငါးတွေကို အယ်လ်ဘေးနီးယားနိုင်ငံကနေ ပို့ပေးနေရပါတယ်။

အယ်လ်ဘေးနီးယားနိုင်ငံ အက်ဒရီယာတစ် ကမ်းရိုးတန်းမှာရှိတဲ့  ဒူးရပ်စ် ဆိပ်ကမ်းက စက်ရုံမှာ ခေါင်းမှခြေအဆုံး မျက်နှာဖုံးစည်း၊ လက်အိတ်နဲ့ ခရမ်းနုရောင်ကုတ်တွေ ဝတ်ဆင်ထားတဲ့ အမျိုးသမီး အယောက် ၅၀ လောက်ဟာ COVID-19 ဒဏ်ခံနေရတဲ့ အီတလီနဲ့စပိန်နိုင်ငံတို့ကို ပို့ဖို့ ဆားနယ်ငါးတွေကို ထုပ်ပိုးနေကြပါတယ်။

သူတို့ဟာ ဆားနယ်ငါးတွေကို ရေဆေး အခြောက်ခံ အသားလွှာပြီး သံဘူး ဒါမှမဟုတ် လေလုံအိတ်တွေထဲကို ထည့်ပြီး ထုပ်ပိုးနေကြပါတယ်။

Nettuno စက်ရုံဟာ COVID-19 ကပ်ရောဂါကြောင့် ရက်သတ္တပတ်ပေါင်းများစွာ lockdown ချထားရပြီး လူနည်းပါးစေဖို့ ဝန်ထမ်းအင်အား လျှော့ချဖို့ ဖိအားပေးခံနေရတာပါ။ အယ်လ်ဘေးနီးယားမှာ ကိုရိုနာဗိုင်းရပ်စ် ကြောင့်သေဆုံးသူ ၁၆ ဦးရှိသွားပြီဖြစ်ပါတယ်။

ဒါပေမယ့် ဒီစက်ရုံက Lockdown ချခံနေရတဲ့ ဥရောပနိုင်ငံတွေအတွက် ငါးတင်းဘူး လိုအပ်ချက်တွေ ဖြည့်ဆည်းပေးဖို့  ကြိုးစားလုပ်ဆောင်နေကြတာပါ။

စက်ရုံဟာ ကူးစက်ရောဂါမဖြစ်မီက တစ်လကို ငါးပါးနီစည်သွပ်ဘူးချိန် အနည်းဆုံး၂၅ ၀၀၀ ကီလိုဂရမ်လောက်ကို အီတလီနှင့်စပိန်နိုင်ငံတွေဆီ တင်ပို့ပေးခဲ့ပါတယ်။ အခုချိန်မှာတော့ အော်ဒါ ၃၀ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ပြီး တစ်လကို ၃၄ ၀၀၀ ကီလိုဂရမ်အထိ ပို့ပေးရတယ်လို့ Nettuno စက်ရုံပိုင်ရှင် Orlando Salvatore က ပြောပါတယ်။

လူတွေမှာ အိမ်ထဲမှာပဲ နေနေကြရတဲ့အတွက် ပီဇာကိုယ်တိုင်လုပ်စားကြပြီး ငါးပါးနီကို ဝယ်လိုအားများလာတာဖြစ်ပါတယ်။

အခုထုပ်ပိုးနေတဲ့ငါးတွေဟာ ၂၀၁၉ ခုနှစ်က ဖမ်းထားတဲ့ငါးတွေဖြစ်ပါတယ်။ ဒီနှစ်ငါးဖမ်းရာသီဟာ ဧပြီလမှာ စမှာဖြစ်ပြီး ကပ်ရောဂါဖြစ်ချိန်နဲ့ တိုက်ဆိုင်နေတာကြောင့် အခက်အခဲရှိနိုင်တယ်လို့ဆိုပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly