မင်္ဂလာပွဲပြုလုပ်သည့် အမေရိကန်နိုင်ငံသား ထောင်ဒဏ် ၆ လနှင့်ဒဏ်ငွေ ၁၀ သိန်း ချမှတ်ခံရ

မင်္ဂလာပွဲပြုလုပ်သည့် အမေရိကန်နိုင်ငံသား ထောင်ဒဏ် ၆ လနှင့်ဒဏ်ငွေ ၁၀ သိန်း ချမှတ်ခံရ
ဓာတ်ပုံ- တမူးခရိုင် သတင်းမှန်ပြန်ကြားရေးအဖွဲ့

ဧပြီ ၄ရက်

လူစုလူဝေးဖြစ်စေမည့် မင်္ဂလာဆောင်ကျင်းပခဲ့သည်ဟုဆိုကာ အမေရိကန်နိုင်ငံသားခံယူထားသူ မြန်မာနိုင်ငံသားကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေချိုးဖောက်မှုဖြင့် တမူးမြို့နယ်တရားရုံးက ထောင်ဒဏ် ၆လနှင့် လဝကဥပဒေအရ ဒဏ်ငွေ ၁၀သိန်းချမှတ်ခဲ့ကြောင်း တမူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်နိုင်ဝင်းက ပြောသည်။

“သူ့ကို သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဥပေဒနဲ့ ထောင်ဒဏ် ၆လချလိုက်တယ်။ နောက်လဝက အက်နဲ့ ငွေဒဏ် ၁၀သိန်းဆောင်ခိုင်းထားတယ်။ သူတည်းတဲ့ အိမ်က သူ့အဖေကိုလည်း နိုင်ငံခြားသားများမှတ်ပုံတင်နည်း ဥပဒေ ချိုးဖောက်မှုကြောင့် ဒဏ်ငွေ ၁၀ သိန်း ဆောင်ခိုင်ထားတယ်”ဟု ဦးနိုင်နိုင်ဝင်းက ဆိုသည်။

ထုတ်ပြန်ထားသည့် ဒေသန္တရအမိန့်ကို ဖောက်ဖျက်ကျူးလွန်မှုကြောင့် တမူးမြို့နယ် ဒုတိယမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးဦးကျော်လင်းက တမူးမြို့မရဲစခန်းသို့ အရေးယူပေးရန်တိုင်ကြားခဲ့ရာ (ပ) ၄၇/ ၂၀၂၀ ဖြင့် ၂၀၁၃ခုနှစ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၁၃(၁) အရ ၎င်းကို အရေးယူထားခဲ့ခြင်းဖြစ်သည်။

ထို့နောက် တမူးမြို့နယ် တရားရုံးမှ ရာဇဝတ်ကြီးအမှုအမှတ်(၈၈/၂၀၂၀) ဖြင့် ဧပြီ ၃ရက်တွင် အပြီးသတ်စစ်ဆေးခဲ့ရာမောင်ထန်လင်းရှိန်(ခ) လင်းရှိန်အပေါ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေ ပုဒ်မ-၃၀(က)အရ  ထောင်ဒဏ် ၆လ ကျခံစေရန် အပြီးသတ်အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

အလားတူပင် တမူးခရိုင်၊ တမူးမြို့နယ်၊ ခမိတ်ကျေးရွာအုပ်စု၊ ခွန်မွန်းနွန်ကျေးရွာနေ မောင်ထန်လင်းရှိန်(ခ)လင်းရှိန်(Thang Lensing Baite) သည် ဒေသန္တရအမိန့်နှင့် ဗီဇာ စည်းကမ်းချက်များကို ဖောက်ဖျက်သဖြင့် တမူးမြို့နယ် လဝကမှ လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေပုဒ်မ ၁၃(၁)အရ အရေးယူပေးရန်  တိုင်တန်းခဲ့မှုနှင့်ပတ်သက်၍လည်ူ တမူးမြို့နယ်တရားရုံးက ရာဇဝတ်ကြီးမှု အမှတ် (၈၉/၂၀၂၀) ဖြင့် သက်သေများစစ်ဆေးပြီး တရားခံ မောင်ထန်လင်းရှိန်အပေါ် လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေပုဒ်မ၁၃(၁)အရ ငွေကျပ်၁၀သိန်း သို့မဟုတ် ထောင်ဒဏ်၆လကျခံစေရန်အပြီးသတ် အမိန့်ချခဲ့ကြောင်း သိရသည်။

ထို့ပြင်ခွင့်ပြုချက်တစ်စုံတစ်ရာမရှိဘဲ အမေရိကန်နိုင်ငံသားဖြစ်သူ(Thang Lensing Baite) နေအိမ်တွင်တည်းခိုနေထိုင်မှုကို သက်ဆိုင်ရာသို့ သတင်းပေးပို့ရန် ပျက်ကွက်မှုကြောင့် ၎င်း၏ဖခင်ဖြစ်သူ ဦးထန်ခိုလွန်အား နိုင်ငံခြားသားများမှတ်ပုံတင်ေရးနည်းဥပဒေ အက်ဥပဒေပုဒ်မ ၅(၁) ကို ချိုးဖောက်မှုဖြင့် တမူးမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် မှတ်ပုံတင်ဦးစီးဌာနမှ တမူးမြို့မရဲစခန်းသို့ တိုင်တန်းခဲ့ရာ တမူးမြို့နယ်တရားရုံးမှ ရာဇဝတ် ကြီးမှုအမှတ်(၉၀/၂၀၂၀)ဖြင့် လက်ခံစစ်ဆေးပြီး တရားခံ ဦးထန်ခိုလွန်အပေါ် နိုင်ငံခြားသားများမှတ်ပုံတင်ေရးနည်းဥပဒေ အက်ဥပဒေပုဒ်မ ၅(၁)အရ ငွေဒဏ်၁၀သိန်း သို့မဟုတ် ထောင်ဒဏ် ၆လ ကျခံစေရန် အပြီးသတ် အမိန့်ချခဲ့ကြောင်းသိရသည်။

လက်ရှိတွင် အမေရိကန်နိုင်ငံသားလက်မှတ်ကိုင်ဆောင်ထားသူကို တမူးမြို့မရဲစခန်းတွင် အချုပ်ထားထားပြီး မည့်သည့် အကျဉ်းထောင်သို့ ပို့မည်ကို မသိရှိသေးကြောင်း ဦးနိုင်နိုင်ဝင်းက ဆိုသည်။

“ အဓိကက ဦးဆောင်တဲ့သူကို တရားစွဲဆိုတာဖြစ်တဲ့အတွက် သတို့သားကိုပဲ တရားစွဲတာပါ။ သတို့သမီးကိုတော့ မဆွဲဘူးလို့သိရပါတယ်” ဟု ဦးနိုင်နိုင်ဝင်းက ဆိုသည်။

ကျန်းမာရေးဝန်ကြီးဋ္ဌာနနှင့် အုပ်ချုပ်ရေးပိုင်းက ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်မှုထိန်းချုပ်ရေးအတွက် လူစုလူဝေးမလုပ်ရန်၊ ပွဲလမ်းသဘင်များမလုပ်ရန် အမိန့်ထုတ်ပြန်ထားသည့်အပြင် တမူးမြို့နယ်အတွင်း လူစုလူဝေး မလုပ်ရန် ဒေသန္တရအမိန့်ကို မတ်လ ၂၆ရက်က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

တရားခံ မောင်ထန်လင်းရှိန်သည် တမူးမြို့၊ ခွန်မွန်းနွန်ကျေးရွာအုပ်စုတွင် နေထိုင်သူဖြစ်ကာ အမေရိကန်နိုင်ငံ မှ မြန်မာနိုင်ငံသို့ မတ်လ ၁၇ရက်က ပြန်ရောက်ရှိခဲ့ပြီး မတ်လ ၂၁ရက်တွင် သူနေထိုင်ရာ ခွန်မွန်းနွန် ကျေးရွာသို့ ပြန်ရောက်ရှိခဲ့ပြီးနောက်  မင်္ဂလာဆောင်အခမ်းအနားကို တမူးမြို့၊ မြို့မ(၁၃)ရပ်ကွက်တွင် မတ်လ ၂၈ရက်နေ့ နံနက်ရနာရီမှ ၁၂နာရီအထိ လူစုလူဝေးဖြင့် မင်္ဂလာအခမ်းအနားပြုလုပ်ခဲ့သည်။

အဆိုပါ ဥပဒေတွင် “သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုတစ်ရပ်ရပ်ကိုဆောင်ရွက်ရန် ဤဥပဒေအရ တာဝန်ပေးအပ်ခြင်းခံရသည့် ဋ္ဌာန၊ အဖွဲ့အစည်း သို့မဟုတ် ပုဂ္ဂိုလ်၏ညွှန်ကြားချက်တစ်ရပ်ရပ်ကို လိုက်နာရန်တမင် ပျက်ကွက်ခြင်းသည် ထိုဥပဒေ အခန်း(၈)၊ ပုဒ်မ (၃၀) အရ တစ်နှစ်ထက်မပိုသောထောင်ဒဏ်ဖြစ်ေစ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေချမှတ်ခံရမည်” ဟု ပြဋ္ဌာန်းထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly