သွေးတွင်း ပဋိပစ္စည်း စမ်းသပ်မှုနည်း ဖြင့် ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးစမ်းသပ်မှုကို FDA ပထမဆုံး ခွင့်ပြု

သွေးတွင်း ပဋိပစ္စည်း စမ်းသပ်မှုနည်း ဖြင့် ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးစမ်းသပ်မှုကို FDA ပထမဆုံး ခွင့်ပြု

ဧပြီ ၄

အမေရိကန် အစားအစာနှင့် ဆေးဝါးစီမံခန့်ခွဲမှုရုံး FDA က ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးစမ်းသပ်မှုတွင် သွေးတွင်းပဋိပစ္စည်း ရှာဖွေစမ်းသပ်သည့်နည်း antibody test ဖြင့် စစ်ဆေးစမ်းသပ်ခြင်းကို ပထမဆုံး ခွင့်ပြုလိုက်ပြီ ဖြစ်သည်။

Serology test ဟုခေါ်သော ယခု စမ်းသပ်မှုနည်းသည် အချိန်အနည်းငယ်ကြာပြီဖြစ်သော ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုများတွင် စမ်းသပ်ဖော်ထုတ်နိုင်မည်ဖြစ်သော်လည်း သိပ်မကြာခင်က ကူးစက်မှုများတွင်မူ ထိရောက်မှု နည်းဖွယ်ရာ ရှိသည်။

တရားဝင်ခွင့်ပြုချက်ရပြီဖြစ်သော Cellex Inc. ဆေးဝါးကုမ္ပဏီ၏ ယခု စမ်းသပ်မှုနည်းသည်  သွေးပြန်ကြောမှ သွေးကို စစ်ယူရန် လိုအပ်ပြီး အသိအမှတ်ပြု ဓာတ်ခွဲခန်းတွင် ဓာတ်ခွဲစမ်းသပ်နိုင်မည် ဖြစ်သည်။

သွေးတွင်း ပဋိပစ္စည်းများ ဖြစ်ထွန်းမှုသည် အချိန်ယူရခြင်းကြောင့် ကိုရိုနာဗိုင်းရပ်စ် ရှိမရှိ စမ်းသပ်ရာ၌ antibody test နည်းကို သုံးခြင်းအား FDA က ယခင်က ဆန့်ကျင်သတိပေးထားခဲ့ခြင်း ဖြစ်သည်။

သို့သော် ယခု စမ်းသပ်မှုနည်းလမ်းသစ်ကို FDA က အရေးပေါ်အသုံးပြုခြင်း အခွင့်အာဏာဖြင့် တရားဝင်ခွင့်ပြုလာခြင်းမှာ ယင်း စမ်းသပ်မှုနည်းလမ်းသည် ဘေးအန္တရာယ် ပိုနည်းခြင်းကြောင့် ခွင့်ပြုလိုက်ခြင်းပဲ ဖြစ်သည်ဟု ဆိုသည်။

“FDA က ရရှိတဲ့ ဆေးသိပ္ပံအချက်အလက် အထောက်အထားတွေပေါ် မူတည်ပြီး COVID-19 စမ်းသပ်စစ်ဆေးမှုမှာ ဒီ နည်းလမ်းက ထိရောက်မှုရှိတယ်လို့ ယုံကြည်ရပါတယ်။”ဟု FDA က ထုတ်ပြန်သည်။

“COVID-19 စစ်ဆေးမှုမှာ ဒီ စမ်းသပ်မှုနည်းကို သုံးတဲ့အခါ သိထားသော၊ ဖြစ်နိုင်သော အကျိုးအမြတ်က ဘေးထွက်ဆိုးကျိုးထက် ပိုပြီး အလေးသာနေတာကြောင့်လည်း ဖြစ်ပါတယ်။”ဟု FDA က ဆိုသည်။

ဂွမ်းတို့ဖတ်မှ သွေး၊ သလိပ် နမူနာနှင့် ဗိုင်းရပ်စ်၏ လက္ခဏာပြခြင်းတို့ပေါ် မူတည်သော အများစုသော ကိုရိုနာဗိုင်းရပ်စ် စမ်းသပ်စစ်ဆေးမှုနည်းများကဲ့သို့မဟုတ်ဘဲ antibody test စမ်းသပ်မှုနည်းသည် ဗိုင်းရပ်စ်အား ကိုယ်ခန္ဓာက တုံ့ပြန်မှုကို ရှာဖွေစစ်ဆေးခြင်း ဖြစ်သည်။

အဆိုပါ serology test ခေါ် သွေးတွင်း ပဋိပစ္စည်း စစ်ဆေးမှုနည်းလမ်းကို အပျော့စားရောဂါလက္ခဏာပြသော၊ ရောဂါလက္ခဏာပြသခြင်း မရှိသော သူများတွင်ပင် ဗိုင်းရပ်စ် ကူးစက်ခံရခြင်း ရှိမရှိ စစ်ဆေးစမ်းသပ်နိုင်အောင် သုတေသနပြု လုပ်ဆောင်လျက် ရှိကြောင်း အမေရိကန် ရောဂါထိန်းချုပ်ရေးနှင့် တားဆီးကာကွယ်ရေးစင်တာကလည်း ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly