ကော့သောင်းတွင် COVID-19 သံသယ လူနာတစ်ဦး သေဆုံး

ကော့သောင်း၊ ဧပြီ (၃)

ကော့သောင်းတွင်  COVID-19 ပြင်းထန်အဆုတ်ရောင် ရောဂါ သံသယရှိ လူနာ နှစ်ဦးအနက် တစ်ဦးမှာ ဧပြီလ ၃ ရက်နေ့ နံနက် ၆ နာရီမှာ ဆေးရုံသို့ ရောက်ရှိစဉ် သေဆုံးခဲ့ကြောင်း ကော့သောင်း ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ် ဒေါက်တာ ခင်ဇော်ထံမှ သိရသည်။

အသည်းကျွတ်ရောဂါအခံနှင့် အစာအိမ်သွေးယိုစီးမှု မကြာခဏဖြစ်တတ်သော ကော့သောင်းဒေသခံအမျိုးသားတစ်ဦးသည် (ဧပြီ-၃ရက်)ယနေ့ မနက်ပိုင်းတွင် ဆေးရုံသို့ရောက်ရှိခဲ့ပြီး ဆရာဝန်များက ဆေးကုသမှု ပြုနေရာမှ နာရီဝက်အကြာမှာ သေဆုံးခဲ့သည်ဟု သိရသည်။

အဆိုပါ သေဆုံးသူ၏ ဇနီးသည် ထိုင်းနိုင်ငံမှ ပြန်လာသူ ဖြစ်ပြီး ဖျားနာချောင်းဆိုးသည့် ရောဂါတွေ့ရှိသောကြောင့် facility quarantine စောင့်ကြည့် လူနာဖြစ်ကြောင်း သိရသည်။

ကော့သောင်း ပြည်သူဆေးရုံမှ ဆေးရုံအုပ် ဒေါက်တာ ခင်ဇော်က “အခု သေဆုံးတဲ့ သံသယ လူနာက အရက်ကြောင့်ဖြစ်တဲ့ အသဲကျွတ် ရောဂါ အခံနဲ့ အစာအိမ် သွေးယိုစီးမှု မကြာခဏဖြစ်တဲ့ လူနာတစ်ဦး ဖြစ်ပါတယ်၊ နောက်ပြီး ကော့သောင်းဆေးရုံနဲ့ ရန်ကုန်က အထူးကု ဆေးရုံတွေမှာ ဆေးဝါးကုသမှု ခံယူ နေရသူတဲ့ လူနာ တစ်ဦး ဖြစ်တယ်။”ဟု ပြောဆို သည်။

အဆိုပါ အမျိုးသားတွင် မသေဆုံးမှီ လည်ချောင်းနာခြင်း၊ အာသီး ယောင်ခြင်း၊ ဖျားနာခြင်းနှင့်  အသက်ရှုကြပ် ရောဂါ လက္ခာအခံများ ရှိနေ၍ nasopharyngeal swab နှာခေါင်း တို့ဖတ်နဲ့ oropharyngeal swab အာခေါင်တို့ဖတ် ယူပြီး ရန်ကုန် အမျိုးသားဓါတ်ခွဲခန်းကို ပေးပို့ စစ်ဆေးထားကြောင်း ဒေါက်တာ ခင်ဇော်က ပြောကြားသည်။

“နောက် တစ်ယောက်ကတော့ ထိုင်းနိုင်ငံ ဘန်ကောက်က ပြန်လာတဲ့ သူပါ၊ မကြာသေးခင်က ဖျားနာထားတဲ့ ရောဂါ လက္ခာတွေ တွေ့ရှိထားလို့ သံသယ လူနာ အဖြစ် စောင့်ကြည့် စစ်ဆေးနေပါတယ်။”လို့ ဒေါက်တာ ခင်ဇော်က ပြောကြားသည်။

လက်ရှိမှာ သံသယ လူနာ အမျိုးသား၏ သေဆုံးမှုနဲ့ ပတ်သက်ပြီး၊ ရန်ကုန် အမျိုးသားဓာတ်ခွဲခန်းကို နာမူနာ ပေးပို့ထားပြီး၊ ဓါတ်ခွဲခန်းမှ COVID-19 အဖြေ တွေ့ရှိပါက သူနဲ့ နီးစပ်သည့် မိသားစုဝင်များကို quarantine လုပ်သွားရမည်ဖြစ်ကြောင်း ဒေါက်တာ ခင်ဇော်ထံမှ သိရသည်။

ကော့သောင်းမြို့ရှိ ပြန်တော်ပြန်Facility Quarantine သူများကို ပြန်လည်ထူထောင်ရေး ဦးစီးဌာန၊ လေးမိုင်၊ ယာယီလက်ခံစောင့်ရှောက်ရေးဂေဟာ၊ ပုလုံးတုံတုံးကျေးရွာ၊ အရေးပေါ်ခိုလုံရာနှင့် ဘက်စုံသုံး အဆောက်အဦးနှင့် အဏ္ဏဝါ အထက်တန်းကျောင်း (ခွဲ) တို့တွင် ယာယီနေရာချထားပေးကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly