ဖမ်းဆီးခံထားရသည့် VOM သတင်းဌာနအယ်ဒီတာချုပ်အပေါ် စွဲချက်များအား ပယ်ဖျက်ပေးရန် လူ့အခွင့်အရေးအဖွဲ့တောင်းဆို

ဖမ်းဆီးခံထားရသည့် VOM သတင်းဌာနအယ်ဒီတာချုပ်အပေါ် စွဲချက်များအား ပယ်ဖျက်ပေးရန် လူ့အခွင့်အရေးအဖွဲ့တောင်းဆို
Photo: AFP

ဘန်ကောက်၊ ဧပြီ ၂

AA လက်နက်ကိုင်အဖွဲ့ပြောရေးဆိုခွင့်ရှိသူနှင့် ဆက်သွယ်မေးမြန်းပြီး သတင်းရေးသားခဲ့သည့် VOM ( Voice of Myanmar ) သတင်းဌာန အယ်ဒီတာချုပ် ဦးနေမျိုးလင်းကို မြန်မာအာဏာပိုင်များက တရားစွဲဆိုထားမှုအပေါ် ချက်ချင်းရုပ်သိမ်းပေးသင့်ကြောင်း လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (HRW) က ဧပြီ ၂ ရက်တွင် တောင်းဆိုလိုက်သည်။

ဦးနေမျိုးလင်းသည်  AA ၏ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခနှင့် အင်တာဗျူးလုပ်ခဲ့သောကြောင့် မြန်မာနိုင်ငံအကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေအရ  မတ်လ ၃၀ ရက်က မန္တလေးတိုင်းသတင်းရဲတပ်ဖွဲ့က လာရောက်ဖမ်းဆီးသွားခဲ့သည်။

မကြာသေးမီရက်သတ္တပတ်များအတွင်းက မြန်မာအစိုးရသည်အယ်ဒီတာများအပါအဝင် သတင်းထောက်များကို ဖိနှိပ်မှုများ  ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်ခဲ့သည်။ ထိုသို့လုပ်ဆောင်ချက်များသည် နိုင်ငံအတွင်း စာနယ်ဇင်းလွတ်လပ်ခွင့်နှင့် သတင်းအချက်အလက် ရယူခွင့်ကိုအကြီးအကျယ် ထိခိုက်စေခဲ့သည်။

အာရှမှဥပဒေရေးရာအကြံပေး Linda Lakhdhir က '' သတင်းထောက်တွေ ကိုယ့်အလုပ်ကို လုပ်နေကြတာကို ဖမ်းဆီးပြီးတော့ မီဒီယာလွတ်လပ်ခွင့်ကို ခြိမ်းခြောက်တာဟာ လူတိုင်းအတွက် သတင်းအချက်အလက်ရယူခွင့်ကို ထိခိုက်စေပါတယ်၊  ဦးနေမျိုးလင်းက မတရား စွဲချက်တင်ခံရတာဖြစ်လို့ ချက်ချင်းပြန်လွှတ်ပေးသင့်တယ်” ဟုပြောသည်။

မြန်မာအစိုးရသည် မတ်လ ၂၃ ရက်နေ့က AA အား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရ အကြမ်းဖက်အဖွဲ့အစည်းအဖြစ်သတ်မှတ်ခဲ့ပြီး ကိုလိုနီခေတ်ဥပဒေမဲ့အသင်းအဖွဲ့များ အက်ဥပဒေပုဒ်မ ၁၅ (၂) အရ တရားမဝင်အဖွဲ့အစည်း အဖြစ်ကြေညာချက်ထုတ်ပြန်ခဲ့သည်။

မတ်လ ၂၇ ရက်နေ့၌ ဦးနေမျိုးလင်းက AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခနှင့်ဆက်သွယ်မေးမြန်းခဲ့မှုကို“ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကတော့ ရပ်တန့်သွားပြီ” ခေါင်းစဉ်ဖြင့် သတင်းရေးသားဖော်ပြခဲ့သည်။

မန္တလေးတိုင်းရဲတပ်ဖွဲ့က ဦးနေမျိုးလင်းကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀ (က) နှင့် ၅၂ (က) အရ တရားစွဲဆိုခဲ့သည်။ ဥပဒေပုဒ်မ ၅၀ (က) အရ အများပြည်သူကြားကြောက်ရွံ့မှုဖြစ်စေခြင်း သို့မဟုတ် ပြည်သူလူထု၏ လုံခြုံရေးကိုဖျက်ဆီးခြင်း စသည့် လုပ်ရပ်များမြောက်သောကြောင့် အနည်းဆုံးထောင်ဒဏ် ၁၀ နှစ်မှ အများဆုံး ထောင်ဒဏ်တစ်သက်တစ်ကျွန်းအထိ ချမှတ်နိုင်သည်။

 ပုဒ်မ ၅၂ (က) အရ အကြမ်းဖက်အုပ်စုနဲ့ပတ်သက်မှုရှိပါက ပြစ်မှုထင်ရှားသည့်လျှင် ထောင်ဒဏ် ၃ နှစ်မှ ၇ နှစ်အထိ ချမှတ်နိုင်သည်။

ဦးနေမျိုးလင်းအား ဖမ်းဆီးမှုသည် လွတ်လပ်သောမီဒီယာအပေါ် အစိုးရ၏ဖိနှိပ်မှုကို ထင်ဟပ်ပြသလျက်ရှိသည်။ မတ်လ ၃၁ ရက်က ရဲများသည် ရန်ကုန်အခြေစိုက် ခေတ်သစ်သတင်းမီဒီယာ အယ်ဒီတာချုပ်၏ အိမ်ကိုလည်း ဝင်ရောက်စီးနင်းခဲ့ကြသည်။

စစ်တွေအခြေစိုက် နိရဉ္ဇရာ သတင်းဌာန၏ရုံးခန်းကိုလည်း ဝင်ရောက်စီးနင်းခဲ့ပြီး သတင်းထောက်များဖြစ်ကြသည့် သိန်းဇော်၊ အောင်လင်းထွန်းနှင့် ထွန်းခိုင်တို့ကိုဖမ်းဆီးခဲ့ပြီး ထိုညနေပိုင်းတွင်ပြန်လွှတ်ပေးခဲ့သည်။

နိရဉ္ဇရာ အယ်ဒီတာချုပ်ခိုင်မြတ်ကျော်အားအကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရတရားစွဲဆိုထားသော်လည်း ဖမ်းဆီးခြင်းမရှိသေးပေ။

နိုင်ငံတကာလူ့အခွင့်အရေးဥပဒေများသည် အစိုးရများအား အမျိုးသားလုံခြုံရေးအကြောင်းပြချက်များဖြင့် မီဒီယာအပေါ် ကန့်သတ်ချက်များခွင့်ပြုထားသော်လည်း ထိုကန့်သတ်ချက်များသည် တရားဝင်သဘာဝကျသော ရည်ရွယ်ချက်များအတွက် စည်းကမ်းတင်းကျပ်သင့်ပြီး အလွန်အကျူးမဖြစ်သင့်ကြောင်း၊  အမျိုးသားလုံခြုံရေးနှင့်ပြည်သူ့အကျိုးစီးပွားကို မထိခိုက်စေသော သတင်းအချက်အလက်များကို ဖိနှိပ်တားမြစ်ရန်နှင့် အဆိုပါသတင်းမျိုးပေးသည့် သတင်းထောက်များကို တရားစွဲရန်အတွက် ကန့်သတ်လုပ်ဆောင်မှုများကို အသုံးမပြုသင့်ကြောင်း HRW က ပြောသည်။ 

သတင်းထောက်များအနေဖြင့် အစိုးရ သို့မဟုတ် စစ်တပ်နှင့် ပဋိပက္ခဖြစ်သူများအပါအဝင် ပုဂ္ဂိုလ်အမျိုးမျိုးနှင့် လွတ်လပ်စွာပြောဆိုတွေ့ဆုံမှုကို အကြောက်အရွံ့မရှိ အဖမ်းဆီးခံရခြင်းမရှိဘဲ လုပ်ဆောင်သင့်ပြီး အစိုးရမှ ၎င်းတာဝန်ကို ဖြည့်ဆည်းပေးသင့်သည်။  

သတင်းထောက်များအတွက် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေကို ဘယ်သောအခါမျှ အသုံးမပြုသင့်ကြောင်း၊ အဆိုပါ အခြေအနေမျိုးတွင် မြန်မာနိုင်ငံ၌ စာနယ်ဇင်းလွတ်လပ်ခွင့်အတွက် အနာဂတ်က မျှော်လင့်အားရဖွယ်မရှိ ဟု Lakhdhir က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required