ဆရာဝန်ဆေးကျောင်းသားများက စောင့်ကြည့်ရေးစင်တာရှိ ပြည်တော်ပြန်သူများကို တေးသီချင်းများသီဆိုကာ ဖျော်ဖြေပေး

ဆရာဝန်ဆေးကျောင်းသားများက စောင့်ကြည့်ရေးစင်တာရှိ ပြည်တော်ပြန်သူများကို တေးသီချင်းများသီဆိုကာ ဖျော်ဖြေပေး
Photo Credit - Thein Htein

ရန်ကုန်၊ ဧပြီ ၃

COVID -19 ရောဂါပိုးရှိ၊ မရှိ စောင့်ကြည့်ရေးစင်တာတွင် ၁၄ ရက်အသွားအလာပိတ်ပင်စောင့်ကြည့်မှုခံယူနေရသော ပြည်ပမှ ပြန်လာသူများကို စင်တာရှိ ဆရာဝန်များနှင့် လုပ်အားပေးဆေးကျောင်းသား၊ ကျောင်းသူများက တေးသီချင်းများသီဆိုကာ ကပြဖျော်ဖြေပေးခဲ့ကြပြီး စောင့်ကြည့်မှုခံယူနေသူများကလည်း အခန်းဝရန်တာများမှ ထွက်ပြီး နားဆင်အားပေးခဲ့ကြသည်။

ပုံ - စောင့်ကြည့်မှုခံယူနေသူများက အခန်းဝရန်တာများမှ ထွက်ပြီး နားဆင်အားပေးနေစဉ်။ Photo Credit - Thein Htein

လှိုင်မြို့နယ်၊ စောင့်ကြည့်ရေးစင်တာတွင် စောင့်ကြည့်မှုခံယူနေသော ကိုအောင်ထက်က “သီချင်းသံတွေက အခန်းထဲကို ဝင်လာတယ်။ အပြင်လည်း ထွက်ကြည့်ရော အောက်မှာ မြင်တဲ့အတိုင်းပဲ။ ဆေးကျောင်းသူ ဆေးကျောင်းသားများအဖွဲ့တဲ့ အသံနဲ့ လာ ဖျော်ဖြေပေးတာတဲ့။ ဘယ်လိုတွေတောင်မှ သူတစ်ပါးကို စိတ်ချမ်းသာအောင်လုပ်ပေးကြပါလိမ့်။ ဆေးကုပေးတာနဲ့ အားမရလို့ အသံနဲ့ပါ ထပ်လှူပေးကြပြန်ပြီ။ သူတို့လည်း အောက်က ပျော်ပျော်ပါးပါး ကိုယ်တွေလည်း အခန်းဝရံတာကနေ ပျော်ပျော်ပါးပါး တဒင်္ဂအချိန်ကလေးမှာ စိတ်တွေ လန်းဆန်းသွားတာတော့ အမှန်ပဲ။ မေတ္တာတရားတွေ ဖေးမမှုတွေ နဲ့ လူသားဆန်တဲ့ နှလုံးသားတွေ အများကြီးကျန်ပါသေးတယ်။ သေချာပါတယ် ကျွန်တော်တို့ကမ္ဘာကြီး အဆုံးမသတ်သေးပါဘူး” ဟု သူ၏ လူမှုကွန်ယက်တွင် ရေးသားထားသည်။

ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်မှ Hlaing Facilities Quarantine Center ရှိ ပြည်တော်ပြန်များကို ပြုစုစောင့်ရှောက်နေသော လုပ်အားပေးဆေးကျောင်းသားများနှင့် ဆရာဝန်များက ထိုသို့ ဖျော်ဖြေပေးနေသော ဗီဒီယိုကို ရိုက်ကူးထားသူတစ်ဦးက လူမှုကွန်ယက်တွင် တင်ထားရာ ကြည့်ရှုသူများကလည်း သဘောကျနှစ်သက်ကြောင်းနှင့် မွန်မြတ်သောစိတ်ဓာတ်ကို ဂုဏ်ပြုကြောင်း မှတ်ချက်များရေးသားခဲ့ကြသည်။

Photo Credit - Thein Htein

“ရာသီအချိန်မီလှမ်းပွင့်ခဲ့တဲ့ ပိတောက်ကို ပန်ဆင်ပါရင် လှသတဲ့ တင့်မှာမို့၊ မိုးပြေးနဲ့ အရောက်လာ ပန်းပွင့်ဖို့ရာ မြူးကြွတဲ့ သင်္ကြန်အခါ” အစရှိသည့်တေးသီချင်းများကို လက်ခုပ်တီးသူက တီး၊ ဂစ်တာတီးသူက တီး၊ တေးသီချင်းသံနှင့် လိုက်ပါကပြသူက က နှင့် သီချင်းသံဆုံးသောအခါ  စောင့်ကြည်ရေးစင်တာတိုက်ခန်းများပေါ်မှ ကြည့်ရှုအားပေးသူများက လက်ခုပ်တီးပြီး အားပေးကြသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly