COVID-19 ကြောင့် ပေါက်ခေါင်းမြို့မဈေးပိတ်ပြီး လူ ၂၀ ကျော် နေအိမ်မှာ သီးသန့်ခွဲနေထိုင်

COVID-19 ကြောင့် ပေါက်ခေါင်းမြို့မဈေးပိတ်ပြီး လူ ၂၀ ကျော် နေအိမ်မှာ သီးသန့်ခွဲနေထိုင်
ပုံ - ပေါက်ခေါင်းမြို့အဝင် (ပုံ- ပေါက်ခေါင်းသားတို့ဆုံစည်းရာ)

ရန်ကုန်၊ ဧပြီ ၃

ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့တွင် COVID -19 အတည်ပြုလူနာ တွေ့ရှိခဲ့ပြီးနောက် မြို့မဈေးကို ပိတ်လိုက်ပြီး ဖြစ်သလို COVID-19 ရောဂါ ကူးစက်ခံထားရသူနှင့်ဆက်စပ်သည့် လူ ၂၀ ကျော်ကို နေအိမ်မှာ သီးသန့်ခွဲခြား နေထိုင်ခိုင်းထားကြောင်း သိရသည်။

COVID – 19 အတည်ပြုလူနာ Case- 17  မှာ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဖြစ်ပြီး ၎င်းနှင့်အတူ အစည်းအဝေး ထိုင်ခဲ့သူတချို့ကို Home Quarantine ပြုလုပ်ထားကြောင်း ပေါက်ခေါင်းမြို့နယ် အမှတ်(၂) မဲဆန္ဒနယ်မှ ပဲခူးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသက်မင်းဇော်က ပြောသည်။

“ ပထမက Facility quarantine (အစိုးရ အစီအစဉ်ဖြင့် သီးသန့်စောင့်ကြည့်တဲ့နေရာ) လုပ်မယ်လို့ စဉ်းစားထားတာ။ ဒါပေမယ့် မဖြစ်ပြန်ဘူးပေါ့။ Home Quarantine ပဲ လုပ်ဖြစ်တယ်။ အဓိက အစည်းအဝေးမှာ သူနဲ့ နီးနီးကပ်ကပ် နေခဲ့တဲ့ သူတွေပေါ့”ဟု ၎င်းက ဆိုသည်။

အဆိုပါ COVID-19 အတည်ပြုလူနာ Case- 17  မှာ ရန်ကုန်မြို့မှာ ကျန်းမာရေး ဆေးကုသမှုခံယူပြီး ပြန်လာသည့် ၎င်း၏ ဇနီးထံမှ ကူးစက်ခံရခြင်းဖြစ်ကြောင်း သိရသည်။

ထိုအမျိုးသမီးတွင် COVID-19 ရောဂါ တွေ့ရှိသည့်အတွက် Case-15 လူနာအဖြစ် ကျန်းမာရေး ဝန်ကြီးဌာနမှ အတည်ပြု ထုတ်ပြန်ခဲ့ပြီးနောက် ပေါက်ခေါင်းမြို့မှာ ၎င်းနှင့်အတူ နေထိုင်သော မိသားစုဝင်များကိုပါ ကျန်းမာရေး စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။

ထို့နောက် မိသားစုဝင် လေးဦး ကူးစက်ခံခဲ့ရပြီး ယခု Case-17, Case-18, Case-19, Case-20 တို့ဖြစ်ကြကြောင်း သိရ သည်။

အဆိုပါ အတည်ပြု လူနာများ တွေ့ရှိပြီးနောက် Case-17 နှင့် အတူတူ အစည်းအဝေး ထိုင်ခဲ့သူများမှာ လက်ရှိတွင် Home Quarantine အဖြစ် နေထိုင်လျက်ရှိပြီး အားလုံး ကျန်းမာရေး ကောင်းမွန်လျက်ရှိကြောင်း သိရသည်။

လက်ရှိတွင် ပေါက်ခေါင်းမြို့ အဝင်/ အထွက် ဂိတ်များတွင် ကျန်းမာရေး စစ်ဆေးမှုများ တင်းကြပ်စွာ ပြုလုပ်နေသလို လူဝင်/ လူထွက် အများဆုံးဖြစ်သည့် ပေါက်ခေါင်းမြို့မဈေးကိုလည်း ဧပြီ ၃ ရက်နေ့ နံနက်မှစ၍ ပိတ်ထားပြီးဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ် ဦးသက်မင်းဇော်က ပြောသည်။

မြန်မာနိုင်ငံတွင် နှစ်ပတ်အတွင်း COVID-19 ကူးစက်လူနာ ၂၀ ဦး ရှိလာခဲ့ပြီးနောက် မတ်လ ၃၁ ရက်က လူနာတစ်ဦးမှာ ၎င်းတွင်ရှိသော အခံရောဂါဖြင့် သေဆုံးခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။

ဧပြီ ၂ ရက်နေ့က တွေ့ရှိခဲ့သည့် COVID-19  အတည်ပြု လူနာထဲတွင် အသက် အငယ်ဆုံးအဖြစ် ၈ နှစ်အရွယ်နှင့် ၁၀ နှစ် အရွယ်ကလေး နှစ်ဦးလည်း ပါဝင်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required