စင်ကာပူ၌ COVID-19 ကာလအတွင်း နေအိမ်မှ အလုပ်လုပ်သည့် ဝန်ထမ်းများကို ပံ့ပိုးခြင်းမရှိသော အလုပ်ရှင်များ ထောင်ဒဏ် သို့မဟုတ် ငွေဒဏ် ချမှတ်ခံရနိုင်

စင်ကာပူ၌ COVID-19 ကာလအတွင်း နေအိမ်မှ အလုပ်လုပ်သည့် ဝန်ထမ်းများကို ပံ့ပိုးခြင်းမရှိသော အလုပ်ရှင်များ ထောင်ဒဏ် သို့မဟုတ် ငွေဒဏ် ချမှတ်ခံရနိုင်

ဧပြီ ၃

ကိုရိုနာဗိုင်းရပ်စ် (COVID-19) ဖြစ်ပွားမှုကာလအတွင်း စင်ကာပူတွင် နေအိမ်ကနေ အလုပ်လုပ်၍ ရနိုင်သည့် ဝန်ထမ်းများကို လိုအပ်သည့် ထောက်ပံ့စီစဉ်မှုများ ပံ့ပိုးပေးခြင်းမရှိသော အလုပ်ရှင်များအနေဖြင့် ထောင်ဒဏ် သို့မဟုတ် ငွေဒဏ် ချမှတ်ခံ ရနိုင်သည်ဟု သိရသည်။

ကူးစက်ရောဂါများ အက်ဥပဒေဆိုင်ရာ အပြောင်းအလဲများအရ အလုပ်ရှင်များအနေဖြင့် နေအိမ်ကနေအလုပ်ဆင်း၍ ရနိုင်သော ဝန်ထမ်းများကို နေအိမ်ကနေသာ အလုပ်ဆင်းခွင့်ပြုရမည်ဖြစ်ပြီး ယင်းအတိုင်း ခွင့်ပြုပေးခြင်း မရှိပါက ပြစ်ဒဏ်များ ကျခံရမည် ဖြစ်သည်။

ဧပြီ ၁ ရက်ညပိုင်းက အစိုးရပြန်တမ်းတွင် ဖော်ပြထားသော အက်ဥပဒေ ဖြည့်စွက်ချက်တစ်ခုတွင် နေအိမ်ကနေအလုပ်လုပ်၍ ရနိုင်သည့် ဝန်ထမ်းများကို နေအိမ်ကနေ အလုပ်လုပ်ရန် ညွန်ကြားခြင်း မရှိသော အလုပ်ရှင်များ သို့မဟုတ် အလုပ်ခွင်တွင် ဝန်ထမ်းများကို ဘေးကင်းလုံခြုံမှုရှိစေသော အကွာအဝေး သတ်မှတ်ထားရှိသည့် အစီအမံများ ဖော်ဆောင်ခြင်းမရှိသော အလုပ်ရှင်များအတွက် ချမှတ်နိုင်သည့် ပြစ်ဒဏ်များကို ဖော်ပြပေးထားသည်။

အဆိုပါ ပြောင်းလွယ်ပြင်လွယ် ရှိသော အလုပ်အကိုင် စီစဉ်နေရာချမှုများသည် စင်ကာပူတွင် COVID-19 ကူးစက်မှုကို ထိန်းချုပ်ရန် ရည်ရွယ်ခြင်းလည်း ဖြစ်သည်။

နေအိမ်ကနေ အင်တာနက်သုံး အလုပ်လုပ်ခြင်း (telecommuting) စနစ် ကျင့်သုံးနိုင်လျက်သားနဲ့ ကျင့်သုံးခွင့်မပြုသော ကုမ္ပဏီများအနေဖြင့် အလုပ်ရပ်နားခိုင်းမည့် ညွန်ကြားချက်များ သို့မဟုတ် အခြား ပြစ်ဒဏ်များနှင့် ရင်ဆိုင်ရနိုင်ကြောင်း လူ့စွမ်း အားဝန်ကြီး Josephine Teo က မတ်လ ၃၁ ရက်တွင် ပြောသည်။

ထို့ပြင် ကုမ္ပဏီများကို စစ်ဆေးရန် စစ်ဆေးရေးအရာရှိ ၁၀၀ ကျော် ထားရှိတာဝန်ပေးရန် စင်ကာပူလူ့စွမ်းအားဝန်ကြီးဌာနက စီစဉ်နေကြောင်း သူမက ပြောသည်။

ယခု COVID-19 ကာလအတွင်း ကုမ္ပဏီတိုင်းအနေဖြင့် နေအိမ်ကနေ အလုပ်လုပ်နိုင်သည့် ဝန်ထမ်းတိုင်းအတွက် လိုအပ်သည့် ပံ့ပိုးထောက်ပံ့မှုများ ပေးရလိမ့်မည်ဖြစ်ကြောင်း ယခု အက်ဥပဒေ ထပ်တိုးဖြည့်စွက်ချက်တွင် ဖော်ပြထားသည်။

အလုပ်ရှင်တိုင်းအနေဖြင့် နေအိမ်ကနေ အလုပ်လုပ်၍ အဆင်ပြေနိုင်သည့် ဝန်ထမ်းများကို နေအိမ်ကနေသာ အလုပ်လုပ်ရန် ညွန်ကြားရမည်ဖြစ်သည်။

ယင်းသို့ လိုက်နာလုပ်ဆောင်ခြင်း မရှိသည့် အလုပ်ရှင်များအနေဖြင့် ဒဏ်ငွေ စင်ကာပူဒေါ်လာ ၁၀,၀၀၀ ထက် မပိုသည့် ဒဏ်ကြေးတစ်ရပ် သို့မဟုတ် အများဆုံး ထောင်ဒဏ် ခြောက်လ သို့မဟုတ် ယင်းပြစ်ဒဏ် နှစ်ရပ်စလုံး ချမှတ်ခံရနိုင်ကြောင်း သိရ သည်။

အလုပ်ခွင်သို့ မဖြစ်မနေ သွားရောက်ရန် လိုအပ်သူများအတွက် ထုတ်ပြန်ထားသော ဥပဒေပြဋ္ဌာန်းချက်များအရ ဝန်ထမ်းများကို အဖွဲ့ခွဲရမည်ဖြစ်ပြီး ၎င်းတို့ကို မတူညီသည့် အချိန်များတွင် အလုပ်သို့ ရောက်ရှိလာစေရန် စီစဉ်ပေးရမည်ဖြစ်သည်။ ၎င်းတို့အနေဖြင့် အလုပ်သို့ ရောက်ရှိချိန်နှင့် အလုပ်ကနေ ပြန်ချိန်တွင် တူညီသော အချိန်တစ်ခုတွင် အားလုံး စုပြုံ သွားပြန်ခြင်းမျိုး မဖြစ်စေရဟု သိရသည်။

ယင်းသို့ လုပ်ဆောင်ခြင်းသည် မတူညီသော အဖွဲ့များမှ ဝန်ထမ်းများအကြား ခန္ဓာကိုယ်ပိုင်းဆိုင်ရာ ထိတွေ့ဆက်ဆံရမှုကို ရှောင်ကြဉ်ရန် သို့မဟုတ် လျှော့ချနိုင်ရန်အတွက် ဖြစ်သည်။

ထို့ပြင် အလုပ်ခွင်အတွင်း ဝန်ထမ်းများအကြား အနည်းဆုံး တစ်မီတာခန့် အကွာအဝေး ရှိနေစေရန် သင့်တော်သည့် စီစဉ်လုပ်ဆောင်ချက်များကို အလုပ်ရှင်များဘက်က ပြုလုပ်ရမည်ကြောင်း သိရသည်။

စားစရာများထားရာ အခန်း နှင့် နားနေဆောင် စသည့် လူတန်းစီမှု သို့မဟုတ် လူစုဖွဲ့မှု ဖြစ်နိုင်သည့် လုပ်ငန်းခွင် ဧရိယာများတွင်လည်း အထက်ပါ စီစဉ်လုပ်ဆောင်ချက်များ ချမှတ်လုပ်ဆောင်ရန်လိုအပ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly