တစ်ကမ္ဘာလုံးမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှု တစ်သန်းနားအထိ ကပ်လာ

တစ်ကမ္ဘာလုံးမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှု တစ်သန်းနားအထိ ကပ်လာ

ဧပြီ ၂

ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးကို ဥရောပမှာ ခါးစည်းခံနေရချိန်၊ အမေရိကန်မှာလည်း သမ္မတ ဒေါ်နယ်ထရမ့် သတိပေးထားတဲ့ ‘ကြောက်မက်ဖွယ်နေ့တွေ’ လာတော့မယ်ဆိုတာအတွက် ပြင်ဆင်နေရချိန်မှာပဲ ကမ္ဘာတစ်လွှားမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားသူဦးရေဟာ ကြာသပတေးနေ့မှာ တစ်သန်းနားအထိ ကပ်လာပြီ ဖြစ်ပါတယ်။

တစ်ကမ္ဘာလုံးရဲ့တစ်ဝက်ကျော်ကျော်မှာ အဝင်အထွက်တွေပိတ် lockdown ချထားပေမယ့်လည်း စပိန်မှာ ထပ်မံသေဆုံးသူ ၁၀၀၀ နီးပါး ရှိတာနဲ့အတူ ကမ္ဘာတစ်လွှားမှာ ဗိုင်းရပ်စ်ရဲ့ ကပ်ဘေးအတွင်း ထောင်ပေါင်းများစွာ အသက်ဆုံးရှုံးရပြီ ဖြစ်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် အသက်တွေ ဆုံးရှုံးရတာတင်မက တစ်ကမ္ဘာဆိုင်ရာ စီးပွားရေးကိုလည်း ပျက်စီးပြိုလဲအောင် ဆက်လက်ထိုးနှက်နေပါတယ်။ စပိန်နိုင်ငံဟာ အလုပ်လက်မဲ့နှုန်း စံချိန်တင်အောင် မြင့်မားနေကြောင်း ထုတ်ပြန်ပြီး အမေရိကန်ဟာလည်း ဒီထက်ပို ဆိုးဝါးတဲ့ အလုပ်လက်မဲ့နှုန်း မြင့်မားလာမှာကို ခန့်မှန်းထားပါတယ်။

ဒီဇင်ဘာလအတွင်းက တရုတ်နိုင်ငံကနေ စတင်ဖြစ်ပွားပေါ်ပေါက်တဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားသူပေါင်းဟာ အခုဆိုရင် ဥရောပမှာ အနည်းဆုံး ငါးသိန်းရှိတာ အပါအဝင် တစ်ကမ္ဘာလုံးမှာ ကူးစက်ဖြစ်ပွားသူပေါင်း ၉၄၀၀၀၀ ကျော်အထိ ရှိသွားပြီး သေဆုံးသူပေါင်းလည်း ၄၇၀၀၀ ကျော် ရှိတယ်လို့ တရားဝင်သတင်းရင်းမြစ်တွေကနေ အေအက်ဖ်ပီက ကောက်ယူချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ သီတင်းငါးပတ်အတွင်းမှာ ကူးစက်ဖြစ်ပွားမှုနှုန်းဟာ နှစ်ဆနီးပါး တိုးပွားခဲ့ပြီး ကျန်ခဲ့တဲ့ သီတင်းတစ်ပတ်မှာ သေဆုံးနှုန်း နှစ်ဆ ခုန်တက်ခဲ့တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ရဲ့ အကြီးအကဲ တီဒရို့စ်အက်ဟန်နွမ်ဂျီဘရေယက်ဆက်က ပြောပါတယ်။

“လာမယ့် ရက်အနည်းငယ်မှာပဲ ကူးစက်ဖြစ်ပွားသူ တစ်သန်းအထိ ရောက်လာပြီး သေဆုံးသူ ၅၀၀၀၀ ရှိလာမှာ ဖြစ်တယ်။”လို့ ဗုဒ္ဓဟူးနေ့က အွန်လိုင်းသတင်းစာ ရှင်းလင်းပွဲမှာ ၎င်းက ပြောပြီး အာဖရိကနဲ့ လက်တင် အမေရိကအနေနဲ့ ပိုပြီး ကြီးမားတဲ့ သက်ရောက်မှုအတွက် ပြင်ဆင်ထားဖို့ လိုအပ်တယ်လို့ သတိပေးခဲ့ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly