တရုတ်နိုင်ငံ အရှေ့တောင်ပိုင်းရှိ ရှန်ကျန့်မြို့သည် နိုင်ငံတွင် ခွေးသားနှင့် ကြောင်သား စားသုံးခြင်းကို တားမြစ်သည့် ပထမဆုံး မြို့ ဖြစ်လာကြောင်း အစိုးရက ဧပြီ ၂ ရက်တွင် ကြေညာသည်။
မေ ၁ ရက်တွင် စတင်အသက်ဝင်မည်ဖြစ်သည့် စည်းမျဉ်းသစ်များအရ အိမ်မွေးတိရစ္ဆာန်အဖြစ် မွေးမြူကြသော တိရစ္ဆာန်များကို စားသုံးခြင်းသည် ဥပဒေမဲ့လုပ်ရပ် ဖြစ်လာမည်ဟု အစိုးရက ပြောသည်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့လာ၍ ဖေဖော်ဝါရီလအတွင်းက တရုတ်နိုင်ငံသည် တောရိုင်းတိရစ္ဆာန်များ စားသုံးခြင်းကို တားမြစ်သည့် ဥပဒေအား အတည်ပြု ထုတ်ပြန်ခဲ့သည်။
ယခုတွင် ရှန်ကျန့်မြို့သည် နိုင်ငံက ကာကွယ်ပေးသော တောရိုင်းတိရစ္ဆာန်များနှင့် တောတွင်းမှ ဖမ်းယူလာသော တိရစ္ဆာန်များအပြင် မွေးမြူထားသော တောရိုင်းအနွယ်ဝင် တိရစ္ဆာန်များ စားသုံးခြင်းကိုပါ တားမြစ်တော့မည် ဖြစ်သည်။
ထိုထက်ပို၍ အိမ်မွေးတိရစ္ဆာန်အဖြစ် မွေးမြူကြသော ကြောင်၊ ခွေးစသည့် တိရစ္ဆာန်များကို စားသုံးခြင်းကိုလည်း တားမြစ်မည် ဖြစ်သည်။
ဝက်၊ ကျွဲ၊ နွား၊ သိုး၊ မြည်း၊ ယုန်၊ ကြက်၊ ဘဲ၊ ဘဲငန်း၊ ခို၊ ငုံးတို့အပြင် အခြားသော ဥပဒေများ၊ စည်းမျဉ်းများနှင့် ငြိစွန်းမှုမရှိသော ရေနေတိရစ္ဆာန်များကိုမူ စားသုံးနိုင်မည် ဖြစ်သည်။
“တားမြစ်ချက်ကို ဖောက်ဖျက်ကျုးလွန်ပါက စားသုံးခံရသော တိရစ္ဆာန်၏ တန်ဖိုးက တရုတ်ယွမ်ငွေ ၁၀၀၀၀ အထက်(အမေရိကန်ဒေါ်လာ ၁၄၀၀) ရှိရင် ထို တိရစ္ဆာန် တန်ဖိုး၏ အဆ ၃၀ ကို ဒဏ်ရိုက်ခံရမည် ဖြစ်သည်။”ဟု အာဏာပိုင်များက ကြေညာသည်။
တရုတ်၊ ဝူဟန်မြို့ရှိ တောရိုင်းတိရစ္ဆာန်ဈေးကွက်မှ စတင်ကာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့ပြီးနောက်တွင် အာဏာပိုင်များက အကျိုးအမြတ်များသော တောရိုင်းတိရစ္ဆာန်ဈေးကွက် ထိန်းချုပ်လာခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း အဆိုပါ တောရိုင်းတိရစ္ဆာန် အရောင်းအဝယ်ဈေးကွက် အဆုံးသတ်ရေးက ခက်ခဲလိမ့်မည် ဖြစ်သည်။ တရုတ်၏ ယဉ်ကျေးမှုအရ တောရိုင်းတိရစ္ဆာန်များကို စားသုံးခြင်းအပြင် တိုင်းရင်းဆေး၊ အဝတ်အစား၊ အလှတန်ဆာနှင့် အိမ်မွေးတိရစ္ဆာန်အဖြစ် မွေးမြူခြင်းများ အမြစ်တွယ်နေ၍ ဖြစ်သည်။