မိသားစုတစ်စုတည်းမှ ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်ခံရသူ လေးဦးတွေ့ရှိ၊ ကလေးနှစ်ဦး ပါဝင်

မိသားစုတစ်စုတည်းမှ ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်ခံရသူ လေးဦးတွေ့ရှိ၊ ကလေးနှစ်ဦး ပါဝင်

ပဲခူးတိုင်းဒေသကြီး ပေါက်ခေါင်းမြို့နယ်အတွင်းရှိ မိသားစုတစ်စုတည်းမှ ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်ခံရသူ လေးဦးကို တွေ့ရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ယနေ့ညတွင် ထုတ်ပြန်လိုက်သည်။

သူတို့အားလုံးသည် အစောပိုင်းရက်များကဆေးစစ်ချက်တွေ့ရှိခဲ့သော COVID-19 လူနာအမှတ် ၁၅ နှင့် အနီးကပ်ထိတွေ့ဆက်စပ်ခဲ့သူများဖြစ်ကြပြီး လူနာအမှတ် ၁၅၏ ခင်ပွန်းဖြစ်သူ အသက် ၄၇ နှစ်၊ သားဖြစ်သူ ၁၀ နှစ်၊ သမီးဖြစ်သူ အသက် ရှစ်နှစ်နှင့်တူမဖြစ်သူ ၁၈ နှစ်တို့ ဖြစ်ကြသည်။

လူနာအမှတ် ၁၅တွင် ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိခဲ့ပြီးနောက် ၎င်းနှင့် အနီးကပ်ထိတွေ့ဆက်စပ်သူ မိသားစုဝင်လေးဦးအားပေါက်ခေါင်းမြို့နေအိမ်တွင် အသွားအလာကန့်သတ်၍ စောင့်ကြပ်ကြည့်ရှု့ပြီး ဓာတ်ခွဲနမူနာရယူစစ်ဆေးခဲ့ခြင်းဖြစ်သည်။

 

လူနာအမှတ် ၁၅ သည် နိုင်ငံခြားသားများကို ကျန်းမာရေးဝန်ဆောင်မှုပေးနေသော International SOS Clinic က သူနာပြုဆရာမဖြစ်ပြီး ရန်ကုန်မြို့ ဗဟန်းမြို့တွင်လည်း နေထိုင်ခဲ့သည်။

ဓာတ်ခွဲအတည်ပြုလူနာအမှတ် (၈) ဖြစ်သော ဧည့်လမ်းညွှန်အမျိုးသမီးနှင့် အတူ ခရီးသွားလာခဲ့သော ပြင်သစ်နိုင်ငံသားအုပ်စုသည်SOS Clinic တွင် ကျန်းမာရေး ထောက်ခံစာရယူခဲ့ဖူးသည်ကို မဇ္ဈိမက စုံစမ်းသိရှိရသည်။ ယခုအခါအဆိုပါ ခရီးသွားအုပ်စုမှ ပြင်သစ်နိုင်ငံသား သုံးဦးသည်လည်း COVID-19 အတည်ပြုလူနာများဖြစ်ကြသည်။

ရန်ကုန်မြို့အင်းလျားလိတ်ဟိုတယ်တွင် ရုံးခန်းဖွင့်ထားသော International SOS Clinic သူတို့ဆေးခန်းနှင့်ဆက်စပ်၍ COVID-19 အတည်ပြုလူနာတွေ့ရှိကြောင်း ကြေညာအပြီး ဆေးခန်းကို အကန့်အသတ်မရှိ ပိတ်ပင်ခဲ့သည်။

 မြန်မာနိုင်ငံတွင် ဓာတ်ခွဲအတည်ပြုလူနာများထဲမှ ကင်ဆာရောဂါအခံရှိသူလူနာတစ်ဦး ကွယ်လွန်ခဲ့ရာ ၁၉ ဦး ကျန်သည်။ ဆေးရုံတွင် ကုသမှုခံယူနေသော အတည်ပြုလူနာ လူနာ၁၇ ဦး၏ ကျန်းမာရေးမှာ တည်ငြိမ်လျက်ရှိပြီး ဝေဘာဂီအထူးကုဆေးရုံကြီးရှိ လူနာ နှစ်ဦးအားအထူးကြပ်မတ်ခန်းတွင် သီးခြားထားရှိဆေးကုသပေးနေသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly