ဆွစ်ဇာလန်ဟိုတယ်တစ်ခုက COVID-19 စောင့်ကြည့်စစ်ဆေးရန် ဇိမ်ခံ quarantine အခန်းများဖြင့် ဝန်ဆောင်မှုပေးနေ

ဆွစ်ဇာလန်ဟိုတယ်တစ်ခုက COVID-19 စောင့်ကြည့်စစ်ဆေးရန် ဇိမ်ခံ quarantine အခန်းများဖြင့် ဝန်ဆောင်မှုပေးနေ

ဧၿပီ ၂

 ဆွစ်ဇာလန်ဇိမ်ခံဟိုတယ်လုပ်ငန်းတစ်ခုဖြစ်သည့် Le Bijou က ယခုအခါ ကိုရိုနာဗိုင်းရပ်စ် သီးသန့်စောင့်ကြည့်မှု (quarantine) ပြုလုပ်နိုင်မည့် ဇိမ်ခံအခန်းများ ဖွဲ့စည်းထားရှိကာ ဧည့်သည်များကို အထူးဝန်ဆောင်မှုပေး နေကြောင်း သိရသည်။ အဆိုပါ ဇိမ်ခံ quarantine အခန်းများတွင် ကိုရိုနာဗိုင်းရပ်စ် ရှိမရှိ စစ်ဆေးခြင်း ကဲ့သို့သော အခန်းတွင်း ကျန်းမာရေး ဝန်ဆောင်မှုများ ပါဝင်မည်ဟု သိရသည်။

Le Bijou ဟိုတယ်၏ အဆိုပါ ဇိမ်ခံ အခန်းများတွင် တည်းခိုမည့်သူများအနေဖြင့် တစ်ညလျင် ဒေါ်လာ ၈၀၀ ကနေ ဒေါ်လာ ၂,၀၀၀ အထိ ကျသင့်နိုင်ကြောင်း သိရသည်။ ရရှိနိုင်မည့် ဝန်ဆောင်မှုများထဲတွင် အစားအသောက် ပို့ဆောင်ခြင်း၊ သီးသန့် စားဖိုမှူးတစ်ဦး ထားရှိပေးခြင်း တို့အပါအဝင် သီးသန့် အားကစားခန်းတစ်ခန်းနှင့် သီးသန့်ရုံးခန်းတစ်ခန်းလည်း ပါဝင်သည်။

အဆိုပါ Le Bijou ဟိုတယ်တွင် တည်းခိုသွားသည့် ဧည့်သည်များထဲတွင် အမေရိကန် စာရေးဆရာ Jordan Belfort နှင့် Apple ပူးတွဲတည်ထောင်သူ Steve Wozniak တို့လည်း ပါဝင်ကြောင်း သိရသည်။

အဆိုပါ Le Bijou ၏ ဇိမ်ခံ quarantine အခန်းများတွင် တည်းခိုသူများအနေဖြင့် ကိုရိုနာဗိုင်းရပ်စ် ရှိမရှိ စစ်ဆေးခြင်းအတွက် ဒေါ်လာ ၅၀၀ ကျသင့်မည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် ဧည့်သည်များအနေဖြင့် ဒေါ်လာ ၁,၈၀၀ ကျသင့်မည့် တစ်နေ့နှစ်ကြိမ် သူနာပြု လာကြည့်ခြင်း နှင့် ဒေါ်လာ ၄,၈၀၀ ကျသင့်မည့် ၂၄ နာရီ သူနာပြုငှားရမ်းခြင်း စသည့် ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ အခြားသော ကျန်းမာရေးဝန်ဆောင်မှုများကိုလည်း ရွေးချယ် အသုံးပြုနိုင်ကြောင်း သိရသည်။

မကြာသေးမီကာလအတွင်း ဧည့်သည်များဘက်က ပုံမှန် သုံးညအိပ် အခန်းကြိုတင်မှာယူမှု လျော့နည်းသွားပြီး ၁၄ ရက် နှင့်အထက် အခန်းကြိုတင်မှာယူမှုက ပိုများလာသည်ကို Le Bijou ၏ စီအီးအို အလက်ဇန္ဒား ဟက်ဘ်နာက သတိပြုမိသွားပြီးနောက် ယခုကဲ့သို့ ဇိမ်ခံ quarantine ဝန်ဆောင်မှုကို စတင်မိတ်ဆက်ခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် ဟက်ဘ်နာသည် အဆိုပါ ဇိမ်ခံ quarantine အခန်းများကို အပြည့်အဝ အလိုအလျောက်စနစ် ဖြစ်စေရန် ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။ ထို့ပြင် ဒစ်ဂျစ်တယ်ဝန်ဆောင်မှုများ ကမ်းလှမ်းပေး ခြင်းအားဖြင့် ယခုကာလအတွင်း check-in ၊ check-out လုပ်ရာတွင် လူအချင်းချင်း ထိတွေ့ဆက်ဆံစရာ မလိုအောင် အဆင်ပြေသွားစေခဲ့သည်ဟု သိရသည်။

တချိန်တည်းမှာပင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှုကို နိုင်နင်းစွာ ကိုင်တွယ်နိုင်ရေး အကူအညီပေးသည့်အနေဖြင့် အချိန်ပိုဆင်း အလုပ်လုပ်ကိုင်နေသော ကျန်းမာရေးစောင့်ရှောက်မှု ဝန်ထမ်းများကိုလည်း Le Bijou ဟိုတယ်က အခမဲ့ တည်းခိုခွင့်များ ကမ်းလှမ်းပေးလျက် ရှိကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly