COVID-19 တိုက်ဖျက်ရေး သူရဲကောင်းများကို AYA SOMPO ငွေကြေးထောက်ပံ့မည်

COVID-19 တိုက်ဖျက်ရေး သူရဲကောင်းများကို AYA SOMPO ငွေကြေးထောက်ပံ့မည်

ဧပြီ၂၊ ရန်ကုန်

ကျန်းမာရေးဝန်ကြီးဌာနနှင့် AYA SOMPO အာမခံကုမ္ပဏီလိမီတက်တို့မှပူးပေါင်းကာ မြန်မာနိုင်ငံရှိ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်စောင့်ရှောက်ရေး၊ ကုသရေးလုပ်ငန်းများတွင် တာဝန်ထမ်းဆောင်နေသော အစိုးရကျန်းမာရေးဝန်ထမ်းများကို ထောက်ပံ့ငွေပေးအပ်နိုင်ရန် စီစဉ်နေသည်။

ကျန်းမာရေးဝန်ထမ်းများ COVID-19 သံသယလူနာအဖြစ် အိမ်တွင် သော်လည်းကောင်း၊ ဆေးရုံတွင် သော်လည်းကောင်း စောင့်ကြည့်ခံရလျှင် မြန်မာကျပ်ငွေ တစ်သိန်း၊ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရလျှင် မြန်မာကျပ်ငွေ ဆယ်သိန်း၊ COVID-19ကြောင့် သေဆုံးခဲ့လျှင် မြန်မာကျပ်ငွေ သိန်းငါးဆယ်အား ထောက်ပံံ့ရန် စီစဉ်ထားသည်ဟု AYA SOMPO အာမခံကုမ္ပဏီလိမီတက်မှ ကျန်းမာရေးအာမခံဌာနမှ တာဝန်ရှိသူ ဒေါက်တာ စိုပြည်အောင်ဝင်းက ပြောသည်။

“အဓိကကတော့ ရှေ့တန်းမှာလုပ်ကိုင်နေတဲ့ ကျန်းမာရေးဝန်ကြီးဌာနလက်အောက်မှာ လုပ်ကိုင်နေတဲ့ ကျန်းမာရေးဝန်ထမ်းတွေပေါ့ ဆရာဝန်၊ သူနာပြု မှမဟုတ်ဘူး ။ဓာတ်ခွဲခန်းပညာရှင်တွေနဲ့ တခြားနည်းပညာရှင်တွေကော အောက်ခြေဝန်ထမ်းတွေကအစ ဘယ်သူမဆို မတော်တဆ ဖြစ်ခဲ့မယ်ဆိုရင် ကျွန်တော်တို့က ထောက်ပံ့သွားမှာပါ”ဟု ၎င်းကပြောသည်။

ထိုသို့ ထောက်ပံ့ပေးနိုင်ရန် AYA SOMPO အာမခံကုမ္ပဏီလိမီတက်နှင့် ဧရာဝတီဖောင်ဒေးရှင်းတို့ ပူးပေါင်းကာ ကျန်းမာရေးဝန်ကြီးဌာနသို့ ကျန်းမာရေးစောင့်ရှောက်မှုရန်ပုံငွေအဖြစ် ကျပ်သိန်း ၅၀၀၀ မတည်လှူဒါန်းထားကြောင်း သိရသည်။

လက်ရှိတွင် အဆိုပါအစီအစဉ်ကို အကောင်အထည်ဖော်ခွင်ပြု၊ မပြုကို ကျန်းမာရေးဝန်ကြီးဌာန၏ တရားဝင်ခွင့်ပြုချက်စောင့်ဆိုင်းလျှက်ရှိသည်ဟု ဆိုသည်။

ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိသူများနှင့် အနီးကပ်ထိတွေ့ခဲ့သော ကျန်းမာရေးဝန်းထမ်းများကိုလည်း ဝေဘာဂီအထူးကုဆေးရုံတွင် အသွားအလာကန့်သတ်ကာ စောင့်ကြည့်လျှက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly