COVID-19 စစ်ဆေးအတည်ပြုရန်လိုအပ်ပါက တပ်မတော်ကူညီမည်

ရန်ကုန်၊ ဧပြီ ၂

ကမ္ဘာ့ကူးစက်မြန်ရောဂါအဖြစ်သတ်မှတ်ခံထားရသည့် COVID-19 ကိုစစ်ဆေးအတည်ပြုရန်လိုအပ်ပါက တပ်မတော်မှ ပါဝင်ကူညီသွားမည်ဖြစ်သည်ဟု တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှပြောသည်။

“ စစ်ဆေးဖို့ဟာကတော့ လိုအပ်လာရင်လုပ်ပေးမှာပေါ့။ လောလောဆယ်ကတော့ တပ်မတော်သားတွေအတွက် စစ်ဆေးနေတာတော့ရှိပါတယ်” ဟု အတွင်းရေးမှူးဗိုလ်မှူးချုပ်ဇော်မင်းထွန်းကပြောသည်။

COVID-19 ဗိုင်းရပ်စ်ကို ဓာတ်ခွဲ စစ်ဆေး အတည်ပြုနိုင်သည့်စက်မှာ နေပြည်တော်ရှိ တပ်တွင်း နှစ်နေရာတွင် အနည်းဆုံးစက်နှစ်လုံးရှိပြီး လက်ရှိတွင် တပ်မတော်သားများအတွက် စစ်ဆေးပေးနေကြောင်းသိရသည်။

“ နေပြည်တော်မှာပဲရှိတယ်။ ကျွန်တော်တို့က မော်လီကျူးသုတေသန ဌာနရှိတယ်။ နောက်ပြီးတော့ တပ်မတော်ရဲ့ဇီဝလုံခြုံရေးအဆင့်-၃ ပေါ့ တပ်မတော်ဆေးသုတေသနဌာနမှာရှိတယ်။ အဲ့မှာတွေရှိတယ်။စစ်ဆေးနိုင်တဲ့ဟာတွေဖြစ်တယ် ” ဟု ၎င်းက ဆိုသည်။

ဇီဝလုံခြုံရေးအဆင့်-၃ ဆိုသည်မှာ ဇီဝနှင့်ဆိုင်သော ရောဂါပိုးအားလုံးကိုစစ်ဆေးနိုင်ရန် လုပ်ဆောင်ထားသည့်စက်ဖြစ်သည်ဟုလည်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဆက်ပြောသည်။
 
လက်ရှိတွင် ရန်ကုန်မြို့ရှိ အမျိုးသားကျန်းမာ‌ရေးဓါတ်ခွဲဌာနသည် လူဦးရေ ၅၄ သန်းရှိသော မြန်မာနိုင်ငံတွင် Covid-19 ရောဂါပိုးရှိ/ မရှိကို စမ်းသပ်ပေးနိုင် သည့်တစ်ခုတည်းသော ဓာတ်ခွဲခန်းဖြစ်နေပြီး ဝန်ထမ်းပေါင်း ၂၀၀ ကျော်ရှိသော်လည်း ဇီဝဗေ ဒပညာရှင်မှာ ခုနှစ်ဦးသာရှိသည်။ အဆိုပါဌာနသည် ကိုရိုနာဗိုင်းရပ်စ်ပိုးသာမက အခြားသော ဗိုင်းရပ်စ်နှင့် ဘက်တီးရီးယား အမျိုး ၆၀ ခန့် စစ်ဆေးပေးနိုင်သည်။

နေ့စဉ်ရက်ဆက် ဓာတ်ခွဲစမ်းသပ်မှုမြောက်များစွာလုပ်ဖို့ လိုအပ်လာသဖြင့် ဓာတ်ခွဲခန်းပညာရှင်များမှာ နေ့ဆိုင်း ညဆိုင်းမနားဘဲ လုပ်နေကြရသည်။

သို့သော် ကိုရိုနာဗိုင်းရပ်စ်ပိုး ရှိ/ မရှိ တရက်လျှင် လူနှစ်ရာ စစ်ဆေးနိုင်သည့် ဓာတ်ခွဲခန်းနှင့် အဖွဲ့ဝင် ၁၄ ဦးပါဝင်သည့် တရုတ်ဆေးပညာရှင်အဖွဲ့သည် မြန်မာနိုင်ငံကိုကူညီရန် ဧပြီ ၄ ရက်တွင် ထပ်မံရောက်ရှိလာနိုင်သည်ဟုလည်း ကျန်းမာရေးဝန်ကြီး ဌာနတာဝန်ရှိသူတစ်ဦးက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly