ကျောက်မဲမြို့မှ လူနာအမှတ်(၁၄)၏မိသားစုဝင်များ ကန့်သတ်စောင့်ကြည့်ဆဲ

ကျောက်မဲမြို့မှ လူနာအမှတ်(၁၄)၏မိသားစုဝင်များ ကန့်သတ်စောင့်ကြည့်ဆဲ

ဧပြီ ၂

မတ်လ ၃၀ရက်နေ့က ကျန်းမာရေးဝန်ကြီးဌာနမှ ကြေညာခဲ့သည့် COVID-19ပိုးတွေ့ရှိသူ ရှမ်းပြည်နယ်ကျောက်မဲမြို့မှ လူနာအမှတ် (၁၄)၏ မိသားစုဝင်များအား  ကျန်းမာရေးစစ်ဆေးမှုမပြုလုပ်ရသေးခြင်းမှာ ကန့်သတ်စောင့်ကြည့်နေဆဲကာလကြောင့်ဖြစ်ကြောင်း  ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းဉာဏ်ကပြောသည်။

“ကျွန်တော်တို့ကသူ့မိသားစုအားလုံးကိုကန့်သတ်ထားပြီးသား။ဘယ်မှမထွက်ရဘူး။အဲ့အိမ်ထဲမှာပဲနေရမယ်။အဲ့ထဲမှာမှကျွန်တော်တို့စောင့်ကြည့်တယ်။ထူးခြားဖြစ်စဉ်ဖြစ်ရင်ကျန်းမာရေးဌာနကနေရောဂါနဲ့ပတ်သက်တဲ့ကိစ္စကို ဓာတ်ခွဲခန်းကိုပို့ပြီးဆောင်ရွက်မှာပါ။အခုလောလောဆယ်စောင့်ကြည့်နေတာ။သဘောကလာပြီးအိပ်တဲ့ညမှာသူတို့မိသားစုကူးစက်မှုရှိမရှိ။ကျွန်တော်တို့အားလုံးသတ်မှတ်ထားတယ်။ဒီတိုင်းကြီးကျွန်တော်စစ်ချင်တယ်လို့တော့မရဘူးပေါ့ဗျာ။ သူတို့ကိုသတ်မှတ်တဲ့ရက် ၁၄ရက်စောင့်ကြည့်ဖို့လို တာပေါ့နော်။ ”ဟု ဦးစိုင်းထွန်းဉာဏ်က ပြောသည်။

 COVID -19ရောဂါနှင့်ပတ်သက်၍ ကန့်သတ်စောင့်ကြည့်ဆဲကာလတွင်  ကျန်းမာရေးဖြစ်စဉ်ထူးခြားမှုရှိခဲ့ပါက သံသယလူနာအဖြစ်ထားရှိသွားမယ်လို့ ဦးစိုင်းထွန်းဉာဏ်က ဆက်လက်ပြောသည်။

“ဒီCOVID-19နဲ့ပတ်သက်ပြီး သူ့ရဲ့လုပ်ထုံးလုပ်နည်းတွေကိုနားလည်ဖို့လိုတယ်လေ။ ကျွန်တော်ဖြစ်ဖြစ် လူပုဂ္ဂိုလ် ဖြစ်ဖြစ် ဒီရောဂါရှိမရှိသွားစစ်ဆေးလို့မရဘူးလေ။ ဆိုလိုရင်းက ချက်ချင်းလည်းပေါ်တာမဟုတ်။ သူတို့ဘယ်မှ မသွားရအောင် ကျွန်တော်တို့ကန့်သတ်ထားတယ်။ဘယ်မှလည်းမသွားရဘူး။ဒါပေမယ့် အခုလောလောဆယ်ရှိ၊မရှိဆိုတာ ကျန်းမာရေးဌာနကနေပြီးတော့ စောင့်ကြည့်နေတယ်။ သူတို့ရဲ့ကျန်းမာရေးဖြစ်စဉ်ပြောင်းလဲမှုကို စောင့်ကြည့်နေတယ်။” ဟု ဦးစိုင်းထွန်းဉာဏ်က ပြောသည်။

လူနာအမှတ် (၁၄)တွင် မိသားစုဝင် လေးယောက်ရှိပြီး ၎င်းတို့နေထိုင်သည့်နေရာမှာ လမ်းမကြီးဘေးရှိ ကျေးရွာတွင်နေထိုင်ရခြင်းဖြစ်ခြင်ူးးကြောင့် လမ်းမများကို ပိတ်ဆို့ထားခြင်းမရှိဘဲ ၎င်းတို့နေအိမ်ကိုသာ သွားလာခွင့် ကန့်သတ်ပိတ်ဆို့ထားကြောင်း သိရသည်။

အသက် ၂၄နှစ်အရွယ် လူနာအမှတ်(၁၄)သည် ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့မှ မြန်မာနိုင်ငံ၊တာချီလိတ်မြို့တွင် ၂ပတ်တာ တည်းခိုခြင်း၊ တာချီလိတ်မြို့မှ မန္တလေးလေကြောင်းလိုင်းဖြင့် မန္တလေးမြို့၊ ထိုမှတစ်ဆင့်ကိုယ်ပိုင် မော်တော်ယာဉ်ဖြင့် မန္တလေးမြို့မှ ကျောက်မဲမြို့သို့ ရောက်ရှိခဲ့သည်။

လက်ရှိလူနာအမှတ်(၁၄)ကို ကျောက်မဲမြို့ ပြည်သူဆေးရုံကြီးတွင် ဆေးကုသမှုခံယူလျက်ရှိပြီး ကျန်းမာရေးအခြေအနေမှာလည်း ကောင်းမွန်လျက်ရှိကြောင်း သိရသည်။
    

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly