ဆင်းရဲချို့တဲ့သူများအတွက် ထောက်ပံ့ရန် ဒေါက်တာသန့်မြင့်ဦးတိုက်တွန်း

ဆင်းရဲချို့တဲ့သူများအတွက် ထောက်ပံ့ရန် ဒေါက်တာသန့်မြင့်ဦးတိုက်တွန်း

ဧပြီ ၂

ကိုရိုနာရောဂါကပ်ဘေးနှင့် ရင်ဆိုင်နေရချိန်တွင် မြန်မာနိုင်ငံတွင်းရှိဆင်းရဲချို့တဲ့သော လက်လုပ်လက်စား မိသားစုများအတွက် ထောက်ပံ့ရေး အစိုးရဘဏ္ဍာ တိုးမြှင့်သုံးစွဲသည့် အစီအစဉ်တစ်ရပ်ကို လုပ်ဆောင်ပါရန် ထင်ရှားသော သမိုင်းပညာရှင် ဒေါက်တာသန့်မြင့်ဦးက အစိုးရအားတိုက်တွန်းလိုက်သည်။

" တိုင်းပြည်ဂျီဒီပီ၏ ၂ မှ ၃ ရာခိုင်နှုန်း အနည်းဆုံး သို့မဟုတ်  ဒေါ်လာ ၁.၅ မှ ၂ ဘီလီယံ ဝန်းကျင် တန်ဖိုးရှိ စီးပွားရေးဦးမော့ရေး ရန်ပုံငွေ အစီအစဉ်တစ်ခုကို စဉ်းစားသင့်ပါသည်။" ဟု ဒေါက်တာ သန့်မြင့်ဦးက သူ၏ လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားထားသည်။

နိုင်ငံစီးပွားရေးကို ပြန်အဖတ်ဆယ်ရန်နှင့် သာမန်ပြည်သူများကို ထောက်ပံ့ရန် အစိုးရဘဏ္ဍာ တိုးမြှင့်သုံးစွဲသည့် အစီအစဉ် (Stimulus Packages) အတွက် ထိုင်းနိုင်ငံတွင် တိုင်းပြည်ဂျီဒီပီ၏ ၄ ရာခိုင်နှုန်းခန့်၊ အမေရိကန်နှင့် သြစတေးလျတို့တွင် ဂျီဒီပီ၏ ၁၀ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းအထိပင် သုံးစွဲရန် စီမံထားသည်ကို သူက ထောက်ပြထားသည်။

"ဝင်ငွေထက် သုံးငွေပိုများမည်ကို စိုးရိမ်ရမည့် အချိန်မဟုတ်သလို ငွေရေးကြေးရေး ချွေတာရမည့် ကာလလည်း မဟုတ်ပါ။ ကမ္ဘာပေါ်ရှိ အစိုးရများက ယခုအကျပ်အတည်းကြီးကို ရင်ဆိုင်ရန် လိုအပ်သမျှကို ထုတ်သုံးနေ ကြပါသည်။"

"ထိုထောက်ပံ့ငွေမှာ စီးပွားရေးလုပ်ငန်းများ နလန်ထူလာနိုင်ရန် အတွက်သာ မဖြစ်သင့်ဘဲ သာမန် ပြည်သူပြည်သားများကို တိုက်ရိုက်ထောက်ပံ့ပေးရန် အတွက်လည်း ဖြစ်သင့်ပါသည်။ အထူးသဖြင့် ဆင်းရဲချို့တဲ့သော လက်လုပ်လက်စား မိသားစုများ အတွက် ဖြစ်သင့်ပါသည်။"
 
 ထောက်ပံ့ကြေးငွေကို နိုင်ငံသားများ လက်ထဲသို့ တိုက်ရိုက် အရောက်ပေးပို့စနစ်ကို ပြုလုပ်ရန် ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့၏ ဥက္ကဌလည်း ဖြစ်သူ ဒေါက်တာသန့်မြင့်ဦးက တိုက်တွန်းလိုက်ပြီး "အလုပ်လက်မဲ့ ဖြစ်သွားကြသော ဆင်းရဲသား လူတန်းစားများအတွက် ယနေ့အချိန်တွင် တစ်လလျှင် ဒေါ်လာတစ်ရာသည်ပင် တစ်မျိုးတစ်မည် ပြောင်းလဲမှု ဖြစ်စေနိုင်ပါသည်။"ဟု ပါရှိသည်။

ထိုင်းနိုင်ငံမှ ပြန်ရောက်လာသော ရွှေ့ပြောင်းလုပ်သားများအတွက်လည်း အထူးထည့်သွင်းစဉ်းစားပေးသင့်သည်ဟုလည်း သူက အကြံြ့ပုထားသည်။

ထိုင်းနိုင်ငံတွင်လည်း ကိုရိုနာဗိုင်းရပ်စ်ရောဂါကပ်ကျရောက်လာခဲ့ပြီးနောက်ပိုင်း   မတ်လ ၃၀ ရက်နေ့အထိ ဇာတိသို့ အလုံးအရင်းဖြင့် ပြန်ဝင်လာသော မြန်မာနိုင်ငံသား အနည်းဆုံး သုံးသောင်းခွဲအထိရှိပြီဟု အာဏာပိုင်များက ဆိုသည်။ တရားမဝင်ဝင်ရောက်မှုများလည်း ရှိနေသလို ဆက်လက်ဝင်ရောက်မှုများလည်း ရှိနေခဲ့သေးသည်။

"Stimulus Package အတွက်တင်မကဘဲ အစိုးရအနေနှင့် ဆေးကုသမှုစွမ်းအား မြှင့်တင်ရန်နှင့် ကျန်းမာရေး စောင့်ရှောက်မှုများကို တန်းတူညီမျှစွာ လက်လှမ်းမီနိုင်စေရန် လိုအပ်ချက် ရှိသလောက် သုံးစွဲသင့်ပါသည်။" ဟု ဒေါက်တာသန့်မြင့်ဦးက ပြောသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly