ဩစတြေးလျသိပ္ပံရှင်များက COVID-19 ကုသရန် အလားအလာရှိသောကာကွယ်ဆေးများ စတင်စမ်းသပ်

ဩစတြေးလျသိပ္ပံရှင်များက COVID-19 ကုသရန် အလားအလာရှိသောကာကွယ်ဆေးများ စတင်စမ်းသပ်

ဧပြီ ၂

Oxford တက္ကသိုလ်နှင့်အမေရိကန်ဆေးဝါးကုမ္ပဏီ Inovio Pharmaceutical တို့မှ ထုတ်လုပ်လိုက်သည့် ကာကွယ်ဆေးများကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)  က တိရိစ္ဆာန်များတွင် စမ်းသပ်ရန် ခွင့်ပြုလိုက်ပြီဖြစ်သည်။

အဆိုပါ ကာကွယ်ဆေးများ အလုပ်ဖြစ်/မဖြစ်နှင့် လူသားများအတွက် ဘေးကင်းမှုရှိ/မရှိကို သြစတြေးလျ အမျိုးသားသိပ္ပံအေဂျင်စီက အကဲဖြတ်မည်ဖြစ်သည်။

အမေရိကန်၌ ပြီးခဲ့သည့်လက ပထမဆုံး လူသားနှင့် စမ်းသပ်မှုပြုလုပ်ခဲ့ပြီး တိရစ္ဆာန်နှင့် စမ်းသပ်မှုအဆင့်ကို မလုပ်ခဲ့ပေ။ ယခုအချိန်၌ ကမ္ဘာတစ်လွှားတွင် ကာကွယ်ဆေးများစွာကို အလျင်အမြန် ထုတ်လုပ်လျက်ရှိသည်။

သြစတြေးလျ၌ အခြေစိုက်သည့် ဓနသဟာယနိုင်ငံပေါင်းစုံ သိပ္ပံနှင့်စက်မှုဆိုင်ရာ သုတေသနအဖွဲ့ (Commonwealth Scientific and Industrial Research Organization- CSIRO) က ၎င်းတို့၏ စမ်းသပ်မှုများသည် တိရိစ္ဆာန်တွင် ပထမဆုံး စမ်း သပ်မည့်   ပြီးပြည့်စုံသော ကာကွယ်ဆေး အကြိုလက်တွေ့စမ်းသပ်မှုဖြစ်လိမ့်မည်ဟု ပြောကြားခဲ့သည်။

 “ သာမန်အားဖြင့်တော့ ဒီအဆင့်ထိရောက်ဖို့ ၁ နှစ် ၂ နှစ်လောက်အချိန်ယူရပါတယ်၊ ကျွန်တော်တို့က နှစ်လ သုံးလလောက်ပဲကြာအောင် အချိန်လျှော့ချလိုက်တာပါ” ဟု CSIRO မှ Dr. Rob Grenfell က သတင်းထောက်များကို ကြာသပတေးနေ့က ပြော ခဲ့သည်။

CSIRO အဖွဲ့သည် ပြီးခဲ့သည့် ရက်အနည်းငယ်က လူကဲ့သို့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရတတ်သည့် မြွေပါကတိုးဖြူအကောင်များတွင် ကာကွယ်ဆေးနမူနာများကို ထိုးသွင်းစမ်းသပ်ခဲ့ကြသည်။

Sars-CoV-2 သည် Covid-19 ကူးစက်ရောဂါကိုဖြစ်စေသည့် ဗိုင်းရပ်စ်ဖြစ်ပြီး တစ်ကမ္ဘာလုံးတွင် ကာကွယ်ဆေးပါင်း အနည်းဆုံး ၂၀ ခန့်ရှိသည်။

‌သုတေသနအများစုကို ကြီးကြပ်သည့် အော်စလိုမြို့အခြေစိုက် Coalition for Epidemic Preparedness Innovations အဖွဲ့က စမ်းသပ်မှုနှစ်ခုကို ရွေးချယ်ခဲ့သည်။

ပထမတစ်ခုမှာ အောက်စ်ဖို့ဒ်တက္ကသိုလ်မှ တီထွင်ထုတ်လုပ်သည့်  vector vaccine ဖြစ်သည်။ ၎င်းသည် အားပျော့သော ဗိုင်းရပ်စ်ကိုအသုံးပြုကာ  ကိုရိုနာဗိုင်းရပ်စ်ပရိုတင်းများကို ကိုယ်ခံအားစနစ်ထဲထည့်သွင်းပြီး တုံ့ပြန်အောင်လုပ်ဆောင်စေမည် ဖြစ်သည်။

 “အဲဒီဗိုင်းရပ်စ်တွေက မျိုးမပွားနိုင်ကြပါဘူး။ ဒီကာကွယ်ဆေးကြောင့်လည်း ဖျားနာတာတွေ မဖြစ်နိုင်ပါဘူး”ဟု ဗစ်တိုးရီးယားပြည်နယ် သြစတြေးလျတိရိစ္ဆာန်ကျန်းမာရေးဓာတ်ခွဲခန်းမှ ဒါရိုက်တာဖြစ်သူ ပါမောက္ခ Trevor Drew က ပြောသည်။

အခြားကာကွယ်ဆေးတစ်ခုမှာ Inovio ဆေးဝါးအဖွဲ့အစည်းက ထုတ်လုပ်သည့် ကာကွယ်ဆေးဖြစ်ပြီး မတူကွဲပြားမှုများရှိသော်လည်း စိတ်ဝင်စားစရာကောင်းကြောင်း Trevor Drew က ပြောသည်။

ယင်းကာကွယ်ဆေးသည် ကိုရိုနာဗိုင်းရပ်စ်ပရိုတင်းအချို့ကို ကိုယ်ခံအားစနစ်ထဲ ထည့်သွင်းပြီး ကိုယ်ခံအားစနစ်က မတုံ့ပြန်မီ ကိုယ်ခန္ဓာဆဲလ်များက ၎င်းပရိုတင်းများကို ထုတ်လုပ်ရန် ဒီဇိုင်းထုတ်လုပ်ထားခြင်းဖြစ်သည်။

တိရိစ္ဆာန်များနှင့် စမ်းသပ်ထားသော ပထမဆုံးရလဒ်များကို ဇွန်လအစောပိုင်းတွင် သိရှိနိုင်မည်ဟု  သိပ္ပံပညာရှင်များက ခန့်မှန်းထားကြသည်။

စမ်းသပ်မှုအောင်မြင်ခဲ့ပါက ဈေးကွက်သို့ ကာကွယ်ဆေးရောက်ရှိရန် အရှိန်မြှင့်လုပ်ဆောင်နိုင်သော်လည်း စမ်းသပ်မှုစံချိန်စံညွှန်းများနှင့်အညီလုပ်ဆောင်ရန် အချိန်အားဖြင့် အနည်းဆုံး (၁၈) လ ကြာမည်ဟု ကျွမ်းကျင်ပညာရှင်များက ပြောသည်။

ဥပမာအားဖြင့် အမေရိကန်ကသတ်မှတ်ထားသော စည်းကမ်းချက်များနှင့်အညီဖြစ်စေရန် အောက်စ်ဖို့ဒ်တက္ကသိုလ်မှ ကာကွယ်ဆေးကို အခြားတိရစ္ဆာန်တစ်ကောင်ဖြင့် နောက်ထပ်ဓာတ်ခွဲခန်းတစ်ခုတွင် စမ်းသပ်လျက်ရှိသည်။

“အဖွဲ့အစည်းတစ်ခုတည်းနဲ့ ကာကွယ်ဆေးမထုတ်နိုင်တဲ့အတွက် ကာကွယ်ဆေးထုတ်တဲ့ သူတွေအားလုံးက တခြားကုမ္ပဏီ အဖွဲ့အစည်းတွေနဲ့ပူးပေါင်းလုပ်ဆောင်နေကြပါတယ်၊ အားလုံးပူးပေါင်းဆောင်ရွက်နေကြတာကို ကျွန်တော့်အနေနဲ့ ကောင်း တယ်လို့မြင်မိပါတယ်၊ ဒီအခြေအနေရောက်အောင် ပညာရှင်တွေ၊ ပြည်သူနဲ့ ပုဂ္ဂလိကကဏ္ဍတွေ အားလုံးပါဝင်လာတာဟာ စစ်မှန်တဲ့ ပူးပေါင်းမှုပါ” ဟု Dr Grenfell က ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly