မကြီးစန်းတို့လို အချစ်မျိုးကို လူတွေက အသိအမှတ် မပြုကြဘူး ဆိုတဲ့ မိတ်ကပ် ခင်စန်းဝင်း ဘယ်လို အောင်မြင်လာသလဲ

မကြီးစန်းတို့လို အချစ်မျိုးကို လူတွေက အသိအမှတ် မပြုကြဘူး ဆိုတဲ့ မိတ်ကပ် ခင်စန်းဝင်း ဘယ်လို အောင်မြင်လာသလဲ

ဒီတစ်ပါတ် Meet The Succefful အစီစဉ်မှာတော့ မိတ်ကပ်ဖန်တီးရှင် ခင်စန်းဝင်းရဲ့  ဘဝဟာ အောင်မြင်မှုကို ရရှိဖို့အတွက် ဘယ်လိုမျိုးကြိုးစားခဲ့ရတယ် ဆိုတာ သိရှိနိုင်ဖို့ အောင်မြင်သူနဲ့အတူ တွေ့ဆုံ စကား ပြောကြည့်ပါမယ်။

 

ငယ်ဘဝမှာ မိန်းမလျာ ဆိုတာ မတူကွဲပြားမှုကြောင့် မကြီးစန်းဘဝမှာ အခက်ခဲတွေကော ဘယ်လိုမျိုး ကြုံခဲ့ရလဲ။

အခက်ခဲဆိုတာတော့ နည်းနည်း အရွယ်ရောက်လာပြီ လူမှန်းသိတတ်စပေါ့။ ၇တန်း၊ ၈တန်းလောက်မှာဆိုရင် ကိုယ့်ကိုကိုယ် မိန်းမလျာ ဆိုတာ သိသွားပြီပေါ့နော်။ အဲချိန်မှာ ကျောင်းနေဘက် သူငယ်ချင်း အတန်းထဲက စနောက်သန်တဲ့ သူတွေက စတာ နောက်တာမျိုးပေါ့။ အဲလိုမျိုးလည်း ဖြစ်တယ်။ တစ်ဘက်မှာလည်း အဲယောက်ျားလေးထဲမှာပဲ ကိုယ့်ကို မိန်းမလို သဘောထားပြီး ချစ်ခင်တဲ့ သူလည်း ရှိတယ် အဲလိုမျိုးပေါ့။ ဟို ဒွိဟလိုမျို ဖြစ်နေတာပေါ့နော်။ ဒါပေမယ့် သူငယ်ချင်းတွေဆိုတာ အပျော်သဘောမျိုး စတာ နောက်တာပဲ ဆိုတော့ သိပ်ထိခိုက် နစ်နာအောင် စတာမျိုးလဲ မဟုတ်ဘူးပေါ့။ ဒါ့ပေမယ့် အဲလို အစနောက်ခံရတယ် ဆိုရင် စိတ်ညစ်တယ်။ ပြီးတော့ စိတ်ညစ်တဲ့ အပြင်ကို မင်းတို့ အနိုင်ကျင့်တာ ငါခံရမယ့်သူ မဟုတ်ဘူး ဆိုတဲ့ အမြင်ပေါ့  တွန်းလှန်ချင်တဲ့ စိတ်လည်းရှိတယ်။

 

မိတ်ကပ်ခင်စန်းဝင်းဟာ ငယ်စဉ်ကတည်းက မိန်းမလျာတစ်ယောက် အနေနဲ့ မတူညီတဲ့ အခက်ခဲတွေကို ဖြတ်ကျော်ခဲ့ရပြီး ကလေးဘဝကတည်းက မိတ်ကပ်ပညာကို စတင် စိတ်ဝင်စားခဲ့သူဖြစ်ပါတယ်။

မစန်း ခုနကပြောသလိုပေါ့ ငယ်ငယ်လေး ကတည်းက ပန်းချီဆွဲတာကို ဝါသနာပါတယ်။ ရုပ်ရှင်ကြည့်တယ်။ ရုပ်ရှင်ကြည့်ပြီးရင် နိုင်ငံခြား မင်းသမီးဆိုလဲ နိုင်ငံခြား မင်းသမီးပေါ့။ ဗမာမင်းသမီးဆိုလည်း ဗမာမင်း သမီးပေါ့။ အဲတာမျိုး ရုပ်ရှင်ထဲမှာ ဝတ်ဆင်တဲ့ အဝတ်စားပေါ့။ ဆံပင်တွေ ထုံးတာမျိုး အဲတာတွေကို ကိုယ့်က မျက်လုံးနဲ့ ကြည့်ပြီး ပန်းချီဆွဲတာမျိုးပေါ့။ အဲတာမျိုးတွေ လုပ်နေပြီပေါ့။ အဲတုန်းကတော့ ဒီအလှပြင်တဲ့ ပညာကို ဆက်နွယ်နေပြီ စိတ်ဝင်စားနေပြီ ကိုယ့်ကိုကိုယ် သိတယ်ပေါ့။ ဒါအပြင် မကြီးစန်း အထက်မှာ အစ်မရှိတဲ့ အတွက်ကို အစ်မသုံးတဲ့ မိတ်ကပ် ပစ္စည်းပေါ့။ မကြီးစန်း တစ်ခုကံကောင်းတာက မကြီးစန်းတို့ အဒေါ်က နိုင်ငံခြားပေ့ါ အဲခေတ်က နိုင်ငံခြား သွားဖို့ ဆိုတာ မလွယ်ဘူးလေ။

 

နိုင်ငံခြားသွားပြီးတော့ အဆက်သွယ် ရှိတယ်ဆိုတော့ နိုင်ငံခြားကပြန်လာရင် အစ်မအတွက် မိတ်ကပ်ပစ္စည်းပါလာတယ်။ သူသုံးဖို့ပေါ့နော်။ အစ်မကလည်း အပျိုပေါက်ကလေး ဆိုတော့ အလှအပ ပစ္စည်းပေါ့ ဝယ်တာမျိုး ကိုယ့်ဆီမှာ မိတ်ကပ်ပစ္စည်းက ရှိတာပေါ့။ အဲပစ္စည်းတွေကို ယူပြီးတော့ ဘီစကွတ်မုန့် ပုံးတစ်ပုံးထဲ ထည့်ပြီးတော့ အိမ်နီးနားခြင်းတွေ သူတို့သွားစရာ ရှိတယ်။ မင်္ဂလာဆောင်သွားမယ်တို့၊ အလှူသွားမယ်တို့ မွေးနေ့တို့ လျှောက်လိမ်းပေးတာ။ လိမ်းတယ် ဆိုတာက တတ်လို့ လိမ်းတာ မဟုတ်ဘူး။ မကြီးစန်းတို့ ငယ်ငယ်က သပြေတို့ လှသထက်လှမယ်ဆိုရင် ဒေါ်နန်းရီဇာက သပြေမဂ္ဂဇင်းမှာ သူလစဉ်တိုင်း အခန်းဆက်ပေါ့။ သူဘာသာပြန် ဆောင်းပါးတွေရေးတယ်။ ရေးတဲ့ အခါမှာ အဲတာကိုပဲ စာဖတ်တယ်။ ဖတ်ပြီးတော့ အဲစာထဲကတိုင်း လိုက်လုပ်ပြီးတော့ ဘယ်လိုလိမ်းရတယ်ဆိုတာ ကံကောင်း ထောက်မစွာ ကိုယ့်မှာကလည်း မိတ်ကပ်ပစ္စည်းတွေ ရှိနေတော့ အဲတာလေး တစ်ခုပေါ့နော် လက်တည့် စမ်းတာပေါ့။ အိမ်နီးနားချင်းတွေကို။

 

ဟုတ်ကဲ့ ဒါဆိုရင် ငယ်ဘဝကလည်း အမှတ်တရလေးတွေပေါ့။ ဒါပေမယ့် ဒီငယ်ဘဝက ဆံပင်၊မိတ်ကပ် ပညာကိုပေါ့ ထဲထဲဝင်ဝင်ဆရာအနေနဲ့  စသင်ပေးခဲ့တဲ့ ဆရာတွေကော ရှိခဲ့လားဗျ။

 

ဆရာမရှိလို့ မရဘူးလေ။ ဒီအတတ်ပညာဆိုတာ လက်ဦး ဆရာရှိတယ်။ လက်ဦးဆရာ ဆိုတာကတော့ မကြီးစန်း ခုနက ပြောသလို စာတွေ့အနေနဲ့ ဒေါ်နန်းရီဇာပေါ့။ သူဘာသာပြန်တဲ့ ဆောင်းပါးတွေ ကိုယ်ဖတ်ရတာကိုး။ နောက်တစ်ခုက မကြီးစန်း မေမေနဲ့ ကိုယ်နဲ့  အတိုက်ခံဖြစ်တာပေါ့။ ဖေဖေကတော့ ဘာမှ မပြောဘူး အခြောက်ဖြစ်လည်း ဘာမှ မဖြစ်ဘူး။ ဆူလည်း မဆူ ရိုက်လဲ မရိုက်ဘူး။ တစ်ခါမှ မကြီးစန်းတို့ ဘဝမှာ အဖေ ဆူတာ ရိုက်တာ တစ်ခါမှ မရှိဘူး။ ဒါပေမယ့် မေမေ ကတော့ သူ့စိတ်ဓါတ်လေးက နည်းနည်း Stroung  ဖြစ်တယ်။ တကယ်တမ်းကျ ဒီမိတ်ကပ်ပညာနဲ့ အလှပြင်တဲ့ ပညာနဲ့ ဘဝကို ရပ်တည်ဖို့ ဆုံးဖြတ်ထားတယ် ဆိုတော့ မေမေက မဖြစ်စေချင်ဘူးပေါ့လေ။ ပညာတတ်တစ်ယောက် ဖြစ်စေချင်တယ်။ ဒါပေမယ့် ကိုယ့်ရဲ့ ဆုံးဖြတ်ချက်ပေါ့။ ဒါပဲလုပ်ချင်တယ်။ ကျောင်းတက်မယ့် လေးနှစ်ကြီးကို အချိန်ကုန် မခံချင်တော့ဘူး။ အဲတာနဲ့ မတက်ဘဲနဲ့ မေမေနဲ့ ဆန့်ကျင်ပြီးတော့ မေမေက နောက်ဆုံးမှာ လုပ်ကြည့်လိုက်ပေါ့။ လုပ်ကြည့်လိုက်လို့ မအောင်မြင်ရင် ငါပြောတဲ့ လမ်း ပြန်လျှောက်ပေါ့။ အဲတာပြီးတော့ သင်တန်းတက်တယ်ပေါ့။

အဲချိန်တုန်းကလည်း မကြီးစန်းတို့ မိသားစုက နည်းနည်းလေး အဆင်မပြေတဲ့ မိသားစုဆိုတော့ မကြီးစန်းစိတ်ထဲမှာ  အတတ်ပညာတစ်ခု၊ အသက်မွေးဝမ်းကျောင်း တစ်ခုကို ကိုယ့်ဝါသနာပါတာနဲ့ပဲ ရပ်တည်ချင်တဲ့ စိတ်ပေါ့။ ဆန္ဒတစ်ခုပေါ့ အဲတာလေး ရှိတယ်။ နောက်တစ်ခုက မိဘကို ကိုယ့်ရှာတဲ့ ပိုက်ဆံနဲ့ ပံ့ပိုးချင်တဲ့ စိတ်ပေါ့။ မိသားစုကို ပြန်ကြည့်ချင်တဲ့ စိတ်ပေါ့ အဲတာလေး ရှိနေတယ် ဆိုတဲ့ ခါကျတော့ ကျောင်းတက်ရင် ပိုက်ဆံကုန်တယ်။ လေးနှစ်တောင် ကိုယ့်က ဘာမှ သုံးကျတဲ့ သူလဲ မဟုတ်ဘူး။ မိဘဆိုတာကလည်း ရှာရဖွေရတာ လွယ်တာ မဟုတ်ဘူးလေ။ အဲတော့ တစ်ဖက်မှာ ကိုယ့်ရဲ့ ဝင်ငွေလေး ရှိနေချင်တဲ့ စိတ်ကလေး ပါတာပေါ့လေ။ အဲတော့ အလှပြင်သင်တန်းကို တက်တယ်ပေါ့။ တက်တဲ့ အခါမှာ သူများတွေ သင်တန်းကြေးတွေ ပေးတက်နေတဲ့ အချိန်မှာ မကြီးစန်းတို့က သင်တန်းကြေး ပေး မတက်နိုင်ဘူး။ မတတ်နိုင်တော့ မကြီးစန်းတို့ ဆံပင်သွားသွား ညှပ်နေတဲ့ ကိုတိုးဆိုတာ ရှိတယ်။ အဲ့ကိုတိုးက ဆံပင်ညှပ်တာ အရမ်းတော်တယ်။ တကယ့်ပညာရှင်လိုပေါ့။ မကြီးစန်းတို့ မြန်မာနိုင်ငံမှာ သူရဲ့ ပညာက အဲခေတ်၊ အဲခါမှာ ခေတ်မှီဆုံးပေါ့။ ခေါင်းလျှော်ပြီး ဆံပင်ညှပ်တာမျိုး တစ်လွှာခြင်း လွှာပြီး ညှပ်တာမျိုးပေါ့။ သူ့နည်းပညာက တကယ့်ကို စနစ်တကျပေါ့။ အဲခေတ် အဲခါမှာ သူ့ဟာ အရမ်းကို နာမည်ကြီးတဲ့ ဆံပင်ပညာရှင်ပေါ့။ ဆံပင်ပညာရှင် ဖြစ်တဲ့ အပြင်ကို သူက မိတ်ကပ်လည်း လိမ်းတာ။ အဲတော့ မိတ်ကပ် ဆံပင်ပိုင်းဆိုင်ရာ သင်တန်းတက်ချင်တော့ အမြဲတမ်းသွားသွားပြီးတော့ သူဆီမှာ ဆံပင် သွားညှပ်ပြီးတော့ ခင်တာပေါ့။ သင်ချင်တယ်ဆို နင်လာသင် ငါသင်ပေးမယ်ပေါ့။ အဲလိုမျိုး စကားပြောထားတာ ရှိတော့ ကိုယ့်က အဲလိုနဲ့ သူ့ဆီမှာ သွားပြီးတော့ သင်လိုက်တာပေါ့။ သင်လိုက်တဲ့ အခါမှာတော့ သင်တန်းကြေး မပေးနိုင်ဘူး။ အဲချိန်မှာလည်း သူက အခြားတစ်ယောက်နဲ့ ရှယ်ယာလုပ်တာပေါ့။

အဲတော့ အခြားတစ်ယောက်နဲ့ ရှယ်ယာလုပ်တဲ့ အခါမှာ မကြီးစန်းတို့ ကြည်ဖြူဖို့ လိုတယ်လေ။ ကိုယ့်က ပိုက်ဆံပေးတက်တဲ့ သူ မဟုတ်တဲ့ အခါကျတော့ အောက်ခြေသိမ်း က အစ အမှန်တိုင်းပြောရရင် ရိုင်းရိုင်းပြောရရင်တော့ ကျွန်တစ်ပိုင်းပဲပေါ့ အဲလို လုပ်ရတာပေါ့။ လုပ်ပြီးတော့ ပညာကို သင်ရတယ်။ ခိုးပြီးသင်ရတာပေါ့။ သူက သင်ပေးမယ်ဆိုပေမယ့်လည်း ကိုယ့်ရဲ့ လက်ရှိမှ ကိုယ့်က အလုပ်သမားလို ဖြစ်နေတာပေါ့လေ။ အဲခါကျတော့ ဆရာဆီက ပညာရဖို့ ဆိုတာ အာရုံ စူးစိုက်မှု အရမ်းထားရတယ်။ ဝီရိယ ရှိရတယ်ပေါ့နော်။ မနက် ၃နာရီ ၄နာရီ အဲခေတ် မကြီးစန်းတို့ ငယ်ငယ်တုန်းကဆို မနက် ၃နာရီ မိတ်ကပ်လိမ်းပေါ့နော်။ အဲလို ရှိတယ် ဆိုရင်လဲ အဲမိတ်ကပ် လိမ်းတာကို အိပ်ရေး ပျက်ခံပြီး သွားကြည့်တယ်။

ပြီးတော့မှ အဲဒီ ၃နာရီ ၄နာရီ မိတ်ကပ်လိမ်းပြီးတော့ အစောကြီး ထကြည့်ပြီးတော့ အိပ်ရေးပျက်နေပေမယ့်လည်း နေ့ခင်း တစ်နေကုန် သူက ဆံပင် ညှပ်တာ အရမ်းနာမည် ကြီးတာကို အဲခေတ်က မင်းသားပြေညိမ်းတို့ ကျော်သူတို့၊ စိုးသူတို့၊ မိုးမိုးမြင့်အောင်တို့ သူတို့တွေကုန်လုံးက ကိုတိုးနဲ့ ဆံပင်ညှပ်ကြတယ်။ အဲလိုမျိုး မြန်မာပြည်ရဲ့ နာမည်ကြီး သူဌေးသား သမီးတွေ ကုန်လုံး သူနဲ့ပဲ ညှပ်ကြတယ်။ မနက် ၇နာရီ ၈နာရီကတည်းက ည ၉နာရီထိ တစ်လျှောက် ထမင်စားချိန်တောင် မရှိဘူး။ အဲလောက် အလုပ် လုပ်ရတယ်။ အဲတော့ မနက်အစောကြီး မိတ်ကပ်လိမ်းတာ ကိုယ်က ကြည့်ချင်တော့ သွားကြည့်ပြီးတော့ အဲ ကြည့်ပြီးတာနဲ့ တစ်နေ့ကုန် Run ပေါ့နော်။ လိုတဲ့ ပစ္စည်းပြေးဝယ်။ လုပ်စရာရှိတာလုပ်ပေါ့ အဲကြားထဲ ခိုးပြီး ကြည့်ပေါ့။ ပညာကို ခက်ခက်ခဲခဲ ယူခဲ့ရတာပေါ့။

 

ငယ်စဉ်ကတည်းက မိမိဝါသနာပါတဲ့ မိတ်ကပ်ပညာကို ခက်ခက်ခဲခဲ သင်ယူခဲ့တာကြောင့် သူရဲ့ဘဝအစ ဖြစ်တဲ့ အဲဒီနေ့ရက်တွေဟာ သူ့အတွက်တော့ အမြဲတမ်း အမှတ်တရရှိနေတယ်လို့ ပြောပြပါတယ်။

ဆိုတော့ ခုလိုမျိုး အခွင့်အရေးတွေမရခင်မှာ ခုနက မကြီးစမ်းပြောတဲ့ အခက်ခဲတွေလဲ အများကြီး ကြုံခဲ့ရတယ်။ အဲလို ကြုံရတဲ့ အချိန်မှာ ဘဝမှာပေါ့နော် စိတ်ဓါတ်ကျပြီးတော့ ဟာ ငါရွေးချယ်တဲ့ လမ်းဟာ မှားများ မှားသွားပြီလားပေါ့ နောင်တရတဲ့ အချိန်ကော ရှိခဲ့ဘူးလား။

 

တစ်ခါမှ စိတ်ဓါတ်လည်း မကျဘူး။ ခုနက မကြီးစန်းပြောသလို မနက်စောကြီး ထပြီးတော့ ဆရာကို မိတ်ကပ်လိမ်းနိုင်အောင်ကူတယ်။ တစ်နေ့ကုန်လည်း အလုပ်ထဲမှာ ကူနေတယ်။ အဲချိန်မှာ ဆရာကလည်း ကိုယ့်ကို ထမင်းမကျွေးဘူး ကိုယ့်ကို ထမင်းကျွေးပြီး ပညာသင်ပေးမယ်လို့ အာမခံထားတာ မဟုတ်တော့ မကျွေးဘူးပေါ့နော်။ ကိုယ့်ကလည်း မိုးမလင်းခင်က ဆရာဆိုင်ရောက်လာပြီးတော့ အိမ်ကနေလည်း ထမင်းချိုင့် ပါမလာဘူး။ စားစရာ ထမင်းလဲ မရှိဘူး။ ဆရာသမားက ဒီလိုမျိုး ပင်ပန်းလို့ ထမင်းဝယ်ကျွေးတာမျိုးလဲ မဟုတ်ဘူး။ အဲတော့ တစ်ခါတစ်လေကျရင် သူကျွေးတာမျိုးလဲ ရှိတယ်။ မကျွေးတဲ့ အခါက များတာပေါ့လေ။

 

 အဲခါကျတော့ သင်တန်းတက်တဲ့ သူတွေဆီက ဟိုချိုင့်က တစ်ဇွန်းစားလိုက်၊ ဒီချိုင့်က တစ်ဇွန်းစားလိုက် အဲလိုပဲပေါ့နော်။ အကြာကြီး အချိန်တစ်ခုကို ဖြတ်ကျော်လာတာပေါ့။ ဒါပေမယ့် တစ်ခါမှလဲ စိတ်မပျက်ဘူး။ ဆရာကိုလည်း တစ်ခါမှ စိတ်မဆိုးဘူး။ စိတ်လဲ မကွက်ဖူးဘူး။ ဒါမကြီးစန်းတို့ရဲ့ မြန်မာလူမျိုး ဗုဒ္ဓဘာသာလူမျိုးတွေရဲ့ ဆရာသမားပေါ်မှာ ရိုသေလေးစားတဲ့ စိတ်ပေါ့။ အဲစိတ်က မိဘတွေက ငယ်ငယ် ကတည်းက ရိုက်သွင်းထားတော့ ဆရာပေါ်မှာလည်း အပြစ်တင်တာမျိုး စိတ်ကွက်တာမျိုး မရှိဘူးပေါ့နော်။ ဆရာဆိုရင် တစ်ခါတလေကျရင် စိတ်တိုင်းမကျရင် လူကြားထဲမှာ ဆူတာပေ့ါနော်။ ဆူလိုက်ရင် တစ်ခါမှ မျက်နှာ မပျက်ဘူး။ အပြုံး မပျက်ဘူး။ ဆရာသမားဆူတယ်ဆိုတာ အပြုံးပျက်စရာမှ မလိုတာ သူဆူတယ်ဆိုတာက ကိုယ့်ရဲ့ဆရာပဲပေါ့နော်။ ကိုယ့်မှာလဲ အဲလို ခံယူတဲ့ စိတ်ကလေး ရှိနေတာပေါ့။ ငယ်ငယ်တုန်းကတည်းက အဲစိတ်ကလေး တစ်ခု ရှိနေတာပါ။

 

ဆရာဆီမှာ ပညာသင်ကြားခဲ့ပြီးတဲ့ နောက်ပိုင်း လုပ်ငန်းခွင် ဝင်တဲ့ အခါမှတော့ ထင်ထားသလို လွယ်လွယ်ကူကူ ဖြစ်မလာခဲ့ပါဘူး။ အလုပ်ကိုင်ရယ်လို့ အတည်တကျမရှိသေးပဲ အလုပ်တစ်ခုမှ တစ်ခု ပြောင်းလဲ နေခဲ့တာကြောင့် နောက်ဆုံးမှာတော့ အလုပ်လက်မဲ့ တစ်ယောက်ဘဝကို ကြုံတွေ့ခဲ့ရပါသေးတယ်။

အလုပ်မရှိဘဲ ဒီအတိုင်း လျှောက်သွားနေတာပေါ့။ အလုပ်ရှာနေတဲ့ အချိန်မျိုးမှာပေါ့။ အဲချိန်က ဝင်ငွေလည်း မရှိဘူး လမ်းပေါ်မှာ လျှောက်သွားနေတာပေါ့။ အဲချိန်မှာ ဗိုလ်ချုပ်ဈေးထဲမှာ မကြီးစန်းနဲ့ခင်တဲ့ သူငယ်ချင်းတစ်ယောက်ပေါ့။ မကြီးစန်းထက် အသက်အများကြီး ကြီးပါတယ်။ အဲတစ်ယောက်က ငါ့သူငယ်ချင်း ၃၅ လမ်းမှာ ဆိုင်ဖွင့်ထားတယ်တဲ့။ အဲတာ သူ့ဆိုင် လည်ပတ်ဖို့ အလုပ်သမားလို လို့တဲ့ လုပ်နေတဲ့ တစ်ယောက်ကလည်း ထွက်သွားလို့ပေါ့ နင်လုပ်မလား ဆိုတော့ အဲတာနဲ့ လုပ်မယ်ပေါ့။ ကိုယ်ကလည်း အလုပ်လိုချင်နေတဲ့ သူကိုး။ ဆရာသမားဆီလည်း မသွားတော့ဘူးလေ။ ခုနက သူငယ်ချင်းနဲ့လဲ လမ်းခွဲလိုက်ပြီဆိုတော့ အလုပ် လိုချင်နေတာပေါ့။ အဓိက ဝင်ငွေလို ချင်နေတာပေါ့လေ။ အဲတာနဲ့ ၃၅ လမ်းလာလိုက်တဲ့ အခါကျတော့ နှင်းဝတ်ရည် ဆိုတဲ့ အလှပြင်ဆိုင်ပေါ့။

သူတို့က ဆိုင်ပဲ ဖွင့်ထားတာ သူတို့က ဘာမှ မတတ်ဘူး။ တစ်ခြားအလုပ်သမားကို ခေါ်ပြီးတော့ ဆိုင်ဖွင့်ထားတာပေါ့။ ဟိုတစ်ယောက်နဲ့ အဆင်မပြေလို့ ထွက်သွားတာပေါ့။ အလုပ်သမား မရှိဘူး ဖြစ်နေတယ် အဲတော့ သူတို့က ၄၀% ပေးမယ် လုပ်နိုင်မလားပေါ့။ မကြီးစန်းက အခန်းခ ပေးစရာ မလိုဘူး။ ပစ္စည်းဖိုး ပေးစရာ မလိုဘူး။ ၁၀၀ ရရင် ၄၀ ရမယ်။ ဆိုတော့ ကိုယ်လဲ မဆိုးဘူးလေ ကိုက်တယ်ပေါ့ လုပ်မယ်ပေါ့။ လုပ်တယ်ပေါ့။ အဲတော့ ပထမ မကြီး ဆိုင်ဖွင့်တုန်းက လိုက်လာတဲ့ Customer  တွေ ပြီးရင် သူတို့နဲ့ ပတ်သက်တဲ့ Customer တွေပေါ့။ တစ်ဆင့်တစ်ဆင့်ပေါ့။ မကြီးစန်းရဲ့ အတတ်ပညာနဲ့ ပတ်သက်ပြီး လူတွေ သဘောကျပြီး လူတွေ တစ်ဖြေဖြေး နဲ့ များလာပြီး ဝင်ငွေလုံးဝမရှိတဲ့ ဆိုင်က တစ်နေ့ကို အဲခေတ်က ဆံပင် တစ်ခေါင်း ညှပ်ရင် ၇ ကျပ်တို့ ဘာတို့ ရတဲ့ ခေတ်ပေါ့။ အရမ်းနည်းသေးတယ်။ ဆံပင် တစ်ခေါင်းလုံးကောက်မှ ၃၅ ကျပ်လောက်ရတဲ့ ခေတ်မှာ တစ်နေ့တစ်နေ့ကို ၅၀၀/၁၀၀၀ ရအောင် ရှာနိုင်တဲ့ ဆိုင်ကြီး တစ်ဆိုင် ဖြစ်လာတယ်။

မကြီးစန်းလဲ ဝင်ငွေတွေ တိုးလာတာပေါ့နော်။ ဒါပေမယ့် တစ်ခုရှိတာက မကြီးစန်းက မူလပထမ မိတ်ကပ်လိမ်းတာ ဝါသနာ ပါတာကို။ အဲတော့ အဲချိန်မှာ တင့်တင့်ထွန်းက မင်းသမီး စဖြစ်ခါစ ဆိုတော့ မင်းသမီး မဖြစ်သေးဘူးပေါ့။ မဂ္ဂဇင်း ကာဗာတွေမှာစပါနေပြီပေါ့။ အဲတော့ တင့်တင့်ထွန်းကို မိတ်ကပ်လိမ်း ဖို့ မကြီးစန်းကို အသိ ဓါတ်ပုံဆရာ မကြီးစန်းဆီမှာ ဆံပင်ညှပ်နေတဲ့ အစ်ကိုကြီး တစ်ယောက်ပါပဲ။ သူက ဓါတ်ပုံဆရာ ဓါတ်ပုံရိုက်ဖို့ ခင်စန်းဝင်းရယ် ငါ့ကို မိတ်ကပ်လိမ်းပေးမလားတဲ့ တင့်တင့်ထွန်းကို အဲခေတ်က ပေဖူးလွှာလား မသိဘူး နာမည်ကြီး မဂ္ဂဇင်း မျက်နှာဖုံး ရိုက်ရမှာတဲ့ လိမ်းပေးမယ်လို့ ဆိုတော့ ခုနက မကြီးစန်း အလုပ်လုပ်နေတဲ့ ဆိုင်ရှင်ကိုပေါ့ မနက်ဖြန်ကျရင် တင့်တင့်ထွန်းကို မိတ်ကပ်လိမ်းပေးရမယ်။ သူက အောက်ဒိုး ရိုက်မှာဆိုတော့ သူနောက်ကို လိမ်းဖို့ လိုက်သွားရမယ်ပေါ့။

အဲချိန်မှာ ဆိုင်ရှင်က ဘာပြောလဲ ဆိုတော့ ရှင့်ကို အဲဒီမိတ်ကပ် ဘောက်နဲ့ အဲဒီ ပစ္စည်းတွေနဲ့ ထည့်ပေးလိုက်ဖို့ ကျွန်မတို့ စိတ်မချဘူးတဲ့။ စိတ်မချဘူးဆိုတဲ့ စကားက မကြီးစန်းပေါ် မယုံကြည်ရာ ရောက်တာပေါ့။ အဲချိန်မှာ ကိုယ့်မှာလဲ ပရော်ဖက်ရှင်နယ် လိမ်းလို့ရတဲ့ မိတ်ကပ် ပစ္စည်း မရှိဘူး။ ဒီဆိုင်ရှင်ရဲ့ ပစ္စည်းပဲ ရှိတယ်ဆိုတော့ ကိုယ်က ဒီမိတ်ကပ် ဘောက်မှ မရရင် တင့်တင့်ထွန်းကိုလည်း မိတ်ကပ် လိမ်းပေး ဖို့ မဖြစ်နိုင်ဘူးပေါ့။ အဲတော့ ကိုယ့်က မိတ်ကပ်လိမ်းတာ ဝါသနာပါတဲ့ သူဖြစ်တဲ့ အတွက် ကိုယ့်ရဲ့ အခွင့်အရေးတစ်ခု ဆုံးရှုံးသွားတာပေါ့။ အခွင့်အရေးတစ်ခု ဆုံးရှုံးတဲ့ အပြင် ကိုယ့်ပေါ် ယုံကြည်မှု မရှိဘူးဆိုတဲ့ကြီး တစ်ခုက ကိုယ့်စိတ်ထဲမှာ ဒီဆိုင်ကနေ ထွက်ဖို့ တွန်းအားတစ်ခု ဖြစ်လာတယ်ပေါ့။ အမှန်တကယ်တော့ မကြီးစန်းက အရမ်းသစ္စာရှိပါတယ်။ ဒီလူတစ်ယောက်ပေါ်မှာ လုံးဝချိုးဖောက်ဖို့ စိတ်ကူးမရှိခဲ့ဘူး။ အဲလူတစ်ယောက် ကောင်းနေရင်ပေါ့လေ။

သူရဲ့ဘဝမှာ ကြုံတွေခဲ့ရတဲ့ အခက်ခဲတွေကြောင့် ကိုယ်ပိုင် လုပ်ငန်းကိုလုပ်နိုင်ဖို့အတွက် တွန်းအားတစ်ခုလဲ ဖြစ်ခဲ့ပါတယ်။ ဒီလိုနဲ့ပဲ အခက်ခဲတွေကြားက ကိုယ်ပိုင်ဆိုင်လေးတစ်ခု ဖွင့်နိုင်ဖို့အတွက် ကြိုးစားခဲ့ရပုံကိုလည်း ပြောပြခဲ့ပါတယ်။

အလုပ်လက်မဲ့ဘ၀ ပြန်ရောက်သွားပြန်တော့ ကိုယ့်က အဲချိန်မှာ ငါ့ဘာသာ ဆိုင်ဖွင့်နိုင်မှ ဖြစ်တော့မယ်ပေါ့။ ဆိုင်ဖွင့်မှ ဖြစ်မယ်ဆိုတော့ မိဘကလည်း ဆင်းရဲတယ် မတတ်နိုင်ဘူး။ ငွေရေးကြေးရေး အားဖြင့် မကူညီနိုင်ဘူး။ အဲတော့ သူငယ်ချင်း အပေါင်းအသင်းတွေဆီမှာ နီးစပ်ရာ ပိုက်ဆံလိုက်ချေးတာပေါ့။ ပိုက်ဆံချေးပါ ပြီးရင် ပြန်ဆပ်ပါ့မယ် အတိုးနဲ့ ချေးပါပေါ့။ ဒါပေမယ့် အဲချိန်မှာကိုယ့်က လူငယ်ပဲ ရှိသေးတဲ့ အခါကျတော့ ဘယ်သူကမှ ကိုယ့်ကို ယုံကြည်ပြီးတော့ ဒီပိုက်ဆံကို ဘယ်ချေးမလဲ။

ပိုက်ဆံဆိုတာ ကဲနင့်ကိုချေးလိုက်မယ်။ ပြန်ဆပ်မယ် ဆိုပြန်တော့လဲ ကိုယ့်အနေထားကလည်း အနေထားမဟုတ်သေးတော့ ဘယ်သူမှ မချေးကြဘူး။ အဲတော့ ဆိုင်ဖွင့်ဖို့ ပိုက်ဆံချေးမယ့် သူလဲ မရှိသေးဘူး။ အဲမှာ လတွေချီပြီးတော့ နှစ်လလောက် လည်နေတာပေါ့။ နောက်ဆုံးမှာ မကြီးစန်းအစ်မက အဲလောက်တောင်ဖြစ်ရင်တဲ့ သူ့ဆွဲကြိုးလေးနဲ့ လက်ကောက်လေး ချွတ်ပြီးတော့ ရောင်းပေါ့။ ရောင်းပြီးရင် အဲဆိုင်ဖွင့်ဆိုတော့ အဲအစ်မရဲ့ ဆွဲကြိုးနဲ့ လက်ကောက်ကို ရောင်းပြီးတော့ ရတဲ့ပိုက်ဆံလေးနဲ့ ဆိုင်စဖွင့်တာ။ အဲက ခင်စန်းဘဝအစပဲပေါ့နော်။

အဲဒီလို ဘဝမှာ ဘာမှမရှိတဲ့ သုညကနေစပြီး ကြိုးစားခဲ့တဲ့အခါမှာ ခုလိုမျိုး စလုပ်ဆိုတဲ့ အခါမှာ မကြီးစန်းအနေနဲ့ ကြောက်တဲ့စိတ်တွေကော မဖြစ်ဘူးလား။ ငါတစ်ခုခု အောင်မြင့််ပါ့မလား။ ရှုံးသွားမှာ မကြောက်ဘူးလား။

 

ကြောက်တော့ မကြောက်ဘူး။ မကြောက်ဘူးဆိုတာက အဲမတိုင်ခင် မကြီးစန်းကို လက်ခံတဲ့သူ အတော်များများ ရှိနေတာကို။ ရှိနေတဲ့ အခါကျတော့ အဲလူတော်တော်များများ လက်ခံတဲ့ အရှိန်အဝါက ကိုယ်လုပ်ငန်းကြီး တစ်ခု မဖြစ်ရင်တောင်မှ ကိုယ်ပုံမှန် လည်ပတ်ဖို့ ငွေရှိမယ်ဆိုတဲ့ ယုံကြည်ချက်တော့ ရှိနေတဲ့ တာမျိုးပေါ့။ ကြောက်တော့ မကြောက်ဘူး ဒါပေမယ့် ပိုက်ဆံကို ဝင်လို့ရှိရင် လကုန်ရင် ဆိုင်လခ ပေးနိုင်ပါ့မလား။ ပြီးရင် လုပ်ငန်းလည်ပတ်ဖို့ နည်းနည်းတော့ စိတ်ပူနေရတာမျိုးပေါ့။ဝင်ငွေနဲ့ ထွက်ငွေ မျှပါ့မလား ဆိုတာမျိုးပေါ့။ ပြီးတော့ အဲချိန်မှာ မကြီးစန်းတို့က မိသားစုကို ပြန်ထောက်ရတဲ့ အချိန်ဖြစ်နေတဲ့ အခါကျတော့ နည်းနည်းတော့ ခက်ခဲနေတာပေါ့လေ။ ခက်ခဲရင်းနဲ့ပဲ ကိုယ့်ဘဝကြီးကို ဒီလို ကြိုးစားရတာပေါ့လေ။ အဲချိန်မှာ မကြီးစန်းက တစ်ဖက်မှာ ဗွီဒီယိုကား ရိုက်လိုက်တာပေါ့။ကားရိုက်လိုက်ပြီး ဗွီဒီယိုကား ရိုက်လို့ရတဲ့ ပိုက်ဆံလေး ဆံပင်ညှပ်ဆိုင်က ရတဲ့ ပိုက်ဆံလေး တစ်ခါတစ်ခါကျရင် ဗွီဒီယိုကားဆိုတာ ကိုယ့်က မိတ်ကပ်လဲ လိမ်းချင်နေတာကိုး လိမ်းချင်တော့ ဒီဆံပင်ညှပ်တာ အောင်မြင်တဲ့ ဘဝတစ်ခု အဲချိန်မှာ မကြီးစန်းက ဆံပင်ညှပ်တာ အရမ်းအောင်မြင်နေပြီ။ဆံပင်ညှပ်တာ အရမ်းနာမည် ကြီးတယ်။

သို့သော်ကိုယ့်က မိတ်ကပ်လိမ်းတဲ့ ဘက်မှာ နာမည် မရသေးဘူး။ မရသေးတော့ ကဲဗွီဒီယိုတွေလာပြီ ဗွီဒီယိုကားတွေမှာ မိတ်ကပ် ဘယ်သူဆိုတာ စာတန်းထိုးရင်တော့ ခင်စန်းဝင်းဆိုတဲ့ နာမည် ပါလာရင် လူတွေသိမယ်ပေါ့။ သိမယ် လူတွေသိသွားမယ်ဆိုရင် ငါ့ဆီကို မိတ်ကပ်လိမ်းတဲ့သူတွေလာမယ်။ သတိုးသမီးတွေ လာမယ်ပေါ့။ ကိုယ့်မျှော်လင့်ချက်လေးပေ့ါ။

 

အဲတာနဲ့ ရုပ်ရှင်မိတ်ကပ် ဘက်ကိုမကြီးစန်း လိုက်လိုက်တာ။ လိုက်လိုက်တဲ့အခါမှာ တစ်ဖက်မှာ ဆံပင်ညှပ်တဲ့ အောင်မြင်တဲ့ ဘဝကို စွန့်လွှတ်လိုက်ရတာပေါ့။ မိတ်ကပ်ဘက်ကို ပါလာတော့လေ။ အဲတော့ လူတစ်ယောက်မှာ အခွင့်အရေးဆိုတာ အများကြီး ရှိနေပေမယ့်လည်း ကိုယ်လိုချင်တဲ့ အရာတစ်ခုကို ဖမ်းဆုပ်လို့ရှိရင် ကျန်တဲ့အရာတစ်ခုကို ဖြုတ်ချရတယ်ဆိုတဲ့ အသိမျိုးပေါ့နော်။ ဒါလူငယ်တွေကို သိစေချင်တယ်ပေါ့နော်။ တကယ်လိုချင်တယ်။ ကိုယ်တတ်မတ်တဲ့ ဘဝတစ်ခုပေါ့ ကိုယ့်နှစ်သက်တဲ့ အရာတစ်ခုကို လိုချင်ပြီ ဆိုရင် တစ်ခြားအရာတွေကိုလည်း ဖမ်းဆုပ်ထားလို့ မရဘူး ကုန်လုံးလွှတ်ချမှ ကိုယ့်လိုချင်တဲ့ အရာတစ်ခုကို ရမှာပေါ့။

အဲတော့ မကြီးစန်းတို့ အလုပ်က အပြိုင်အဆိုင်လည်း အရမ်းများတာပေါ့နော်။ အပြိုင်ဆိုင်များတဲ့ အခါကျတော့ ဒီလို အပြိုင်ဆိုင်တွေနဲ့ တွေ့တဲ့ အခါမှာ ကိုယ့်ဘဝကို အမြဲတမ်း ရှေ့ရောက်နေအောင် မကြီးစန်းအနေနဲ့ ဘယ်လိုမျိုး စိတ်ဓါတ်တွေမွေးပြီးတော့ ရှေ့ဆက်ခဲ့ရလဲ ခင်ဗျ။

ဟို ရှေ့ရောက်အောင်ဆိုတာက မကြီးစန်း ဒီအလုပ်ကိုစလုပ်ကတည်းကပေါ့နော်။ ငါတစ်နေ့ကျရင် ဒီလိုဖြစ်ရမယ် ဒီလို ရောက်အောင်လုပ်မယ် ဆိုတဲ့ စိတ်ကူးမျိုးတော့ မဟုတ်ပါဘူး။ မကြီးစန်းယနေ့ထက်ထိ ခံယူထားတဲ့ စိတ်ဓါတ်က ဘာလဲဆိုတော့ မကြီးစန်း အတတ်ပညာပေါ်မှာ ကြိုးစားတယ်။ နောက်တစ်ခုက အဲဒီအတတ်ပညာပေါ်မှာ စေတနာထားတယ်။ ပြီးရင် အဲဒီအတတ်ပညာပေါ်မှာ သစ္စာထားတယ်ပေါ့။ ဒီပညာရပ်ပေါ်မှာ ကိုယ်စေတနာထားရမယ်။ တာဝန်ကျေရမယ်။ လုပ်ရပ်တိုင်းကို စေတနာ ထားတယ်ပေါ့။ အဲCustomer  လက်ခံတဲ့ နေရာမှာ ကိုယ့်ဘက်ကနေ တာဝန်ကျေအောင်လုပ်တယ်။ စိတ်တိုင်း မကျမချင်းပေါ့။ မကြီးစန်းတို့ လုပ်တယ်။ တိုးတက်မှု မရှိသေးတဲ့ မအောင်မြင်တဲ့ သူတစ်ယောက်ပုံစံမျိုးနဲ့ လုပ်တယ်။ ပြီးရင် ဒီမကြီးစန်း ဒီလုပ်ငန်းအဆင်မပြေဘူး နောက်လုပ်ငန်းတစ်ခုပြောင်းမယ်။

အဲလိုမျိုးတစ်ခါမှလည်း ကိုယ့်အလုပ်ပေါ်မှာ ဖောက်ပြားချင်တဲ့ စိတ်မရှိဘူးပေါ့။ ဒီလမ်းကို ငါ့ဖြောင့်ဖြောင့် လျှောက်ရမယ်။ အဲစိတ်ကလေး တစ်ခုနဲ့ပဲ ကြိုးစားလာတာ မျိုးပေါ့။ အောင်မြင်လာတယ် ဆိုတာကလည်း လက်ခံတဲ့သူ ရှိလို့ပေါ့။ လက်ခံတဲ့သူ တစ်ယောက်ကနေ တစ်ရာထိ ဖြစ်လာလို့။ တစ်ရာကနေ တစ်ထောင်ထိ ဖြစ်လာလို့။ ဒါအောင်မြင်တယ်လို့ ယူဆလို့ ရတာမျိုးပေါ့။ လက်ခံတဲ့သူ ရှိလို့လဲ အောင်မြင်လာတာမျိုးပေါ့။ အဲလက်ခံတဲ့သူ လက်ခံအောင် ကိုယ့်ဘက်က တာဝန်ကျေဖို့ လိုတာပေါ့။

 

ကိုယ်လုပ်နေတဲ့ အလုပ်တစ်ခုပေါ်မှာ သစ္စာရှိရှိနဲ့ တစ်စိုက်မတ်မတ် ကြိုးစားခဲ့လိုသာ အများက လက်ခံပြီး နေရာတစ်ခုကို ရောက်ရှိလာတယ်လို့ ခံယူထားတဲ့ မိတ်ကပ် ခင်စန်းဝင်း ဖြစ်ပါတယ်။ ဒါကြောင့်လဲ အောင်မြင်မှုကို ရရှိဖို့ ဆိုရင် မိမိအလုပ်ပေါ်မှာ စေတနာ ထားပြီး လုပ်ကိုင်ဖို့ကလည်း အရေးကြီးတဲ့ အချက်တစ်ခု ဖြစ်ပါတယ်။

ခု ကျွန်တော်တို့ ဒီဘက်ခေတ် လူငယ်တွေထဲမှာလဲ ကြိုးစားနေတဲ့ အထဲမှာ တစ်ခါတစ်လေကျရင် ကိုယ့်ရဲ့ စိတ်ခံစားချက်တွေနဲ့ အလုပ်တွေနဲ့ လျောထွေးသွားတဲ့ အခါမှာ အောင်မြင်မှု လမ်းကြောင်းသွားဖို့ ေ၀ဝါးသွားတဲ့ အရာတွေ ရှိပါတယ်။ အဲတော့ မကြီးစန်းအနေနဲ့ကော ခုပရိတ်သတ်တွေလည်း သိချင်နေကြတာပေါ့နော်။ အဲတော့ မကြီးစန်းရဲ့ နှလုံးသား ရေးရာ ကိစ္စလေးနဲ့ ပတ်သက်ပြီးတော့ မကြီးစန်း ဘာ ပြောချင်လဲ ခင်ဗျ။

 

မကြီးစန်းတို့ ဆိုတာက သဘာကျတဲ့ သူတွေပေါ့နော်။ သာမန် ယောက်ျား မိန်းမ မဟုတ်ဘူးလေ။ ယောက်ျား ကိုယ့်ခန္ဓာနဲ့ မိန်းမစိတ်ရှိနေတဲ့ သူတွေပေါ့။ ဆိုတော့ မကြီးစန်းတို့နဲ့ ပတ်သက်တဲ့ အချစ်ရေးကိုလည်း လူတွေက သိပ်ပြီးတော့ လူရာ မဝင်ဘူးပေါ့။ ဟို အသိမှတ်မပြုချင်ကြဘူးပေါ့။ နောက်တစ်ခုက ကိုယ့်နဲ့ ချစ်တဲ့ ကြိုက်တဲ့ ယောက်ျားတစ်ယောက်ကိုလည်း သူတို့ရဲ့ အမြင်မှာ အခြောက်တစ်ယောက်ကို လာပြီး ချစ်တယ်ကြိုက်တယ်။ ဒါမဟုတ်ဘူး။ ဒါညာစားနေတာပေ့ါ အဲလိုမျိုး။ ချုစားနေတာ။ လိမ်စားနေတာ။ တကယ်ချစ်တာ မဟုတ်ဘူး ဆိုတဲ့ လူတွေရဲ့ ဆုံးဖြတ်ချက် သတ်မှတ်ချက်ပေါ့နော်။

အဲချိန်မှာ တစ်ဘက်ကကြည့်ရင် မကြီးစန်းက လူတစ်ယောက်ပေါ့နော်။ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ကို ချနိုင်တဲ့ လူတစ်ယောက်။ မှန်လမ်းတစ်ခုကို လျှောက်နေတဲ့ လူ တစ်ယောက်ပေါ့။ လမ်းကြောင်းတစ်ခုပေါ်မှာ အနေထားတစ်ခုကို ဆုပ်ကိုင် ထားနိုင်တဲ့ လူတစ်ယောက်ပေါ့။ အဲလူတစ်ယောက်မှာ အသိဉာဏ်မဲ့တဲ့ စိတ်တော့ ရှိမှာ မဟုတ်ဘူးလို့ လူတွေကို သိစေချင်တယ်။ နောက်တစ်ခုက ယောက်ျားလေးတစ်ယောက် ကိုယ့်ကို လာပြီး ချစ်တယ် ကြိုက်တယ် ဆိုတာကို မဟုတ်ဘူးဆိုတဲ့ လူတွေယူဆနေတဲ့ အယူဆ တစ်ခုကို လူတွေခေါင်းထဲကနေ ထုတ်ပေးစေချင်တယ်။ ထုတ်ပေးချင်တယ်ပေါ့နော်။ အဓိကတော့ ခုနက မကြီးစန်းပြောတဲ့ အကြောင်းအရာပါပဲ။ မကြီးစန်း စတင်အလုပ်လုပ်တဲ့ အချိန်မှာ ကိုယ်ရေးကိုယ်တာတွေ ရှိတယ်။ လုပ်ငန်းခွင်ရှိတယ်။

ကိုယ်ရေးကိုယ်တာ ဆိုတာက ကိုယ့်ရဲ့ ကိုယ်ပိုင် အချိန်မှာ ခံစားရမယ့် အရာပေါ့။ ကိုယ်သူများ ပိုက်ဆံကို ယူပြီး အလုပ်လုပ်နေတဲ့ အချိန်က ကိုယ့်ရဲ့ ကိုယ်ပိုင် အချိန်မဟုတ်ဘူး။ သူတို့ရဲ့ ပိုက်ဆံပေးတဲ့ သူတွေရဲ့ အချိန်ပေ့ါ။ အဲတော့ ကိုယ့်ရဲ့ စိတ်ခံစားမှုသည် လုပ်ငန်းခွင်ကြီး ပြီးသွားလို့ ကိုယ့် ကိုယ်ပိုင်အချိန် ရောက်တယ်ဆိုရင်တော့ မကြီးစန်း ဒီအများကြီး ကြုံရပါတယ်။ အဲကြုံတဲ့ အချိန်မှာ ကိုယ့်ကိုယ်ပိုင်ချိန်ရောက်လို့ ရှိရင် ကုတင်ပေါ်မှာ ပက်လက် ကိုယ့်ဘာကိုယ် ငိုရင်လဲငိုမယ်။ ထမင်းမစားပဲ နေချင်လဲ နေမယ်။ တစ်ယောက်တည်း ငြိမ်ငြိမ်လေး နေချင်လဲ နေမယ်ပေါ့။ ဒါကိုယ့်စိတ်ခံစားချက်။

ဒါပေမယ့် အလုပ်ရှိတဲ့ အခါမှာ ဒါသူများရဲ့ အချိန်ဖြစ်သွားပြီ ဖြစ်တဲ့ အတွက် ကိုယ့်ခံစားချက်ကို ခဏမေ့ထားရတာ မျိုးပေါ့နော်။ အဲလိုမျိုးပေါ့။ ဘယ်လိုခေါ်မလဲ လူတိုင်းမှာတော့ စိတ်ခံစားမှုပေါ့ ပုဂ္ဂိုလ်ရေး ခံစားမှုတွေ အများကြီး ရှိပါတယ်။ ကြုံတွေ့ရမယ် အခက်ခဲတွေလဲ အများကြီး ရှိတယ်။ ဒါပေမယ့် အဲစိတ်ခံစားမှုက ကိုယ့်ရဲ့ ခံစားမှု သက်သက်။ အလုပ်က အလုပ်သက်သက်ပေါ့။ အဲတာမျိုး ကဏ္ဍခွဲထားတဲ့ အခါမှာ အလုပ်ကို မထိခိုက်တဲ့ အတွက် မကြီးစန်း ယနေ့ထိ ရပ်တည် လာနိုင်တာပေါ့။

အဲတော့ ကျွန်တော်တို့ Meet The Succeffful အစီစဉ်ကိုကြည့်နေတဲ့ ပရိတ်သတ်အတွက်လည်း ဘဝမှာ အောင်မြင်မှုတွေကို ရရှိအောင် ကြိုးစားမယ် ဆိုရင် ဘယ်အချက်က အရေးအကြီးဆုံးဖြစ်မလဲ စကားလက်ဆောင်လေး ပြောပြပါအုံး ခင်ဗျ။

 

အဓိက ကတော့ ကိုယ့်ဘာလိုလဲ ဘာဖြစ်ချင်လဲ ဆိုတာ ကိုယ်ကိုတိုင် မှန်ကန်တဲ့ ဆုံးဖြတ်ချက်လေး ချဖို့လိုတယ်။ ပြီးရင် အဲဆုံးဖြတ်ချက်တစ်ခုဟာ ကိုယ်လိုချင်တဲ့ ပန်းတိုင် မရောက်မချင်းပေါ့။ မရောက်မချင်းကို အခက်ခဲတွေလဲ ကြုံလာ နိုင်တယ်။ အနှောက်ယှက်တွေလဲ ကြုံလာနိုင်တယ်။ အဲအရာတစ်ခုကို စိတ်မပျက်ပဲနဲ့ ငါလိုချင်တာ ဒီလမ်းကြောင်းတစ်ခုကို မဖြစ်မနေသွားမယ် ဆိုတဲ့ ခိုင်မာတဲ့ စိတ်တစ်ခု လိုတာပေါ့။ နောက်တစ်ခုက လူတစ်ယောက်က အောင်မြင်လာပြီ နာမည်ကြီးလာ ပြီဆိုရင် ဖြစ်လာတတ်တဲ့ ကိုယ့်ကိုကိုယ် အထင်ကြီးမှုတွေ လူတွေအပါ်မှာ မလေးစားမှုတွေ ဖြစ်လာတဲ့ အခါကျရင် လူအများရဲ့ ငြိုငြင်ခြင်း ခံလာရတယ်။ ကြာလို့ရှိရင်တော့ သူနေရာ ကွယ်ပျောက်သွားမှာပေါ့ အဲတော့ အဲတာမျိုးလေးတစ်ခုကိုလဲ နည်းနည်း သတိထား စေချင်တာပေါ့နော်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly