ဂရစ်ဇ်မန်းနဲ့ နေမာကို ဘာစီလိုနာ တကယ်လဲမှာလား

ဂရစ်ဇ်မန်းနဲ့ နေမာကို ဘာစီလိုနာ တကယ်လဲမှာလား

PSG အသင်းတိုက်စစ်မှူး နေမာ နဲ့ ဘာစီလိုနာအသင်းတို့ရဲ့ အပြောင်းအရွှေ့ပုံပြင်ကတော့ တကျော့ပြန်လည်လာခဲ့ပြန်ပါပြီ။ အသင်းနဲ့အတူ ခြေစွမ်းပြခဲ့တဲ့ တိုက်စစ်မှူးနေမာကို ပြန်လည်ခေါ်ယူဖို့  ကြိုးစားနေတဲ့ ဘာစီလိုနာရဲ့အခြေအနေဟာ လက်ရှိအချိန်မှာတော့ တိုးတက်မှုတွေရှိနေခဲ့တယ်လို့ သတင်းတွေက ဖော်ပြနေကြပါတယ်။

အကြောင်းရင်းကတော့ ဘာစီလိုနာရဲ့ တိုက်စစ်မှူး ဂရစ်ဇ်မန်းကြောင့်ပါပဲ။ ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့မှာမှ ဘာစီလိုနာအသင်းဆီကို ပေါင်(၁၀၈)သန်းနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ ဂရစ်ဇ်မန်းဟာ အသင်းအတွက် ဂိုးတွေသွင်းပေးနေနိုင်ခဲ့တယ်ဆိုပေမယ့်လည်း ခြေစွမ်းပြနိုင်မှုကတော့ နေမာနဲ့ ယှဉ်လိုက်ရင် တော်တော်လေး ကွာခြားနေခဲ့တာပါ။

ဘာစီလိုနာရဲ့အဓိက တိုက်စစ်မှူး မက်ဆီနဲ့ တွဲကစားလို့မရတဲ့အခြေအနေ၊ ဒဏ်ရာတွေနဲ့ ရုန်းကန်နေရတဲ့ ဆွာရက်ဇ်ကြောင့် အသင်းရဲ့တိုက်စစ်ကို ပုံဖော်ဖို့ တစ်ဦးတည်း ရုန်းကန်နေရတဲ့အခြေအနေတွေကြောင့် ဂရစ်ဇ်မန်းဟာ ဘာစီလိုနာမှာ ထင်သလောက်ခြေစွမ်းမပြနိုင်ခဲ့ပါဘူး။

ဒီတော့ ဘာစီလိုနာအသင်းတာဝန်ရှိသူတွေဟာ နေမာ ကို ပြန်လည်ခေါ်ယူဖို့ ဂရစ်ဇ်မန်းကို PSG အသင်းဆီ အလိုက်ပေးဖို့ စီစဉ်လာခဲ့တာဖြစ်ပါတယ်။

စပိန်သတင်းစာတွေရဲ့ဖော်ပြချက်အရတော့ ဒီအပြောင်းအရွှေ့မှာ ဘာစီလိုနာအနေနဲ့ တိုက်စစ်ကစားသမားတစ်ဦးကို မဖြစ်မနေခေါ်ယူသွားမှာဖြစ်ပြီး PSG တိုက်စစ်မှူး နေမာ နဲ့ အင်တာမီလန်ရဲ့ မာတီနက်ဇ်တို့က ရေပန်းအစားဆုံးဖြစ်နေတာပါ။

မကြာခဏဆိုသလို ဒဏ်ရာရနေတဲ့ ဒမ်ဘီလီ၊ အသင်းမှာ ခြေစွမ်းမပြနိုင်လို့ အငှားချထားရတဲ့ ကော်တင်ဟိုတို့ကိုလည်း ဘာစီလိုနာက ရောင်းထုတ်ဖို့ စီစဉ်နေပြီး ဂရစ်ဇ်မန်းကိုတော့ နေမာအတွက် အလိုက်ပေးသွားဖွယ်ရှိနေတာပါ။

ဘာစီလိုနာအတွက် (၃၇)ပွဲကစားပေးထားပြီး သွင်းဂိုး(၁၄)ဂိုး သွင်းထားနိုင်တယ်ဆိုပေမယ့် ဂရစ်ဇ်မန်းတစ်ယောက်ဟာ မက်ဆီရဲ့ ပါ၀ါကို ရင်ဆိုင်ရမှာဖြစ်ပြီး နေမာကို အသည်းအသန်ခေါ်ယူစေချင်နေတဲ့ မက်ဆီရဲ့ဆန္ဒကို ဘာစီလိုနာအသင်း တာဝန်ရှိသူတွေက မျက်ကွယ်ပြုထားလို့ မရပါဘူး။

Sky Sports က ဖော်ပြနေတဲ့ သတင်းအရတော့ ဘာစီလိုနာအသင်းဟာ ဂရစ်ဇ်မန်းနဲ့အတူ ငွေသား ပေါင်သန်း(၉၀)ကို အလိုက်ပေးပြီး နေမာကို ခေါ်ယူဖို့ရှိနေတယ်လို့ သိရပါတယ်။

(၂၀၁၇)ခုနှစ်က ဘာစီလိုနာကနေ PSG အသင်းကို ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်သန်း(၂၀၀)နဲ့ ရောက်ရှိသွားခဲ့တဲ့ နေမာ ဟာ (၂၀၂၂)ခုနှစ်မှာ PSG အသင်းနဲ့ စာချုပ်ကုန်ဆုံးမှာပါ။ နေမာနဲ့ PSG ရဲ့ ဆက်ဆံရေးကို ကြည့်မယ်ဆိုရင်လည်း သက်တမ်းတိုးစာချုပ် ချုပ်ဆိုနိုင်ဖို့က ၅၀-၅၀ ရာခိုင်နှုန်းပါပဲ။

ဒီတော့ PSG အသင်းအနေနဲ့ သန်းရာနဲ့ချီပြီးတန်တဲ့ ကစားသမားကို ဒီအတိုင်းလက်လွှတ်ခံမလား၊ ဒါမှမဟုတ် သူ့ရဲ့တန်ကြေးကို ပြန်ပြီး ရအောင် ရောင်းမလားဆိုတာ…ဘာစီလိုနာ၊ နေမာနဲ့ ဂရစ်ဇ်မန်းတို့ရဲ့ အပြောင်းအရွှေ့ပုံပြင် ကို စောင့်ကြည့်ရပါဦးမယ်….။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly