ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရသည့် အသက် ၁၀၁ နှစ်အရွယ် နယ်သာလန်အဘွားအို ပြန်လည်သက်သာလာ

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရသည့် အသက် ၁၀၁ နှစ်အရွယ် နယ်သာလန်အဘွားအို ပြန်လည်သက်သာလာ
Photo: EPA

 ဧပြီ ၁ 

နယ်သာလန်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသည့် အသက် ၁၀၁ နှစ်အရွယ် အဘွားအိုတစ်ဦးသည် ယခုအခါ ရောဂါဝေဒနာကနေ ပြန်လည်သက်သာကောင်းမွန်လာခဲ့ပြီဖြစ်ကြောင်း ၎င်းအား ကုသပေးနေသည့် ဆေးရုံက ထုတ်ပြန်သည်။

အမည် ဖော်ပြထားခြင်း မရှိသည့် အဆိုပါ အသက် ၁၀၁ နှစ်ရှိ အဘွားအိုသည် ပြီးခဲ့သည့် တစ်ပတ်ကျော်ခန့်က အသက်ရှုရခက်ခဲသည့် ဝေဒနာခံစားခဲ့ရပြီး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသည်ကို စစ်ဆေးသိရှိပြီးနောက် ရော့တာဒမ်မြို့အနီးရှိ IJsselland ဆေးရုံသို့ တက်ရောက်ခဲ့ရသည်။

ယင်းနောက် သူမကို သီးခြားခွဲပြီး ထားရှိကာ ကုသမှုပေးခဲ့ရပြီး ယခုအခါ ပြန်လည်သက်သာ ကျန်းမာလာခဲ့ပြီ ဖြစ်ကာ ဆေးရုံကနေ ဆင်း၍ ရနိုင်သည့် အခြေအနေ ဖြစ်နေပြီဟု သိရသည်။

တသီးတခြား နေထိုင်သူတစ်ဦးဖြစ်သည့် အဆိုပါ အသက် ၁၀၁ နှစ်အရွယ် အဘွားအိုသည် သူမ၏ နေအိမ်သို့ မပြန်မီ ဘိုးဘွားရိပ်သာတစ်ခုသို့ သွားရောက်အနားယူမည်ဖြစ်ကြောင်း ဆေးရုံ၏ ဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသည်။

“သူမက အတော့်ကို အကြမ်းပတမ်းခံနိုင်ပြီး စိတ်ဓာတ်မာကျောတဲ့ အမျိုးသမီးကြီးတစ်ယောက်ပါ၊ ဆရာဝန်ညွန်ကြားချက်တွေ လိုက်နာတာ၊ နှာချေရင်လည်း တံတောင်ဆစ်နဲ့ ကာပြီး ချေတာတွေ မြင်ရတာ အတော်လေး ဝမ်းသာစရာပါ၊ ကျွန်တော့်ကိုတောင် သူ့အနား မကပ်ဘဲ သတ်မှတ်အကွာအဝေးကနေ နေဖို့တောင် ပြောပါသေးတယ်” ဟု အဆုတ်ရောဂါ အထူးကုဆရာဝန် ဆွန်နီလ် ရမ်လယ်က ပြောသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly