မြောက်ဥက္ကလာပဆေးရုံကြီးတွင် COVID-19 လူနာတစ်ဦး ထပ်တွေ့၊ ကူးစက်ခံရသူ ၁၆ ဦး ရှိလာ

မြောက်ဥက္ကလာပဆေးရုံကြီးတွင် COVID-19 လူနာတစ်ဦး ထပ်တွေ့၊ ကူးစက်ခံရသူ ၁၆ ဦး ရှိလာ

ရန်ကုန်၊ ဧပြီ ၁

မြောက်ဥက္ကလာပဆေးရုံကြီးတွင် ဧပြီ ၁ ရက်နေ့က COVID-19 လူနာတစ်ဦး ထပ်တွေ့ခဲ့ပြီး မြန်မာနိုင်ငံ၌ ရောဂါ ကူးစက်ခံရသူ စုစုပေါင်း ၁၆ ဦး ရှိပြီးဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်များအရ သိရသည်။

ယနေ့ ဧပြီ ၁ ရက်နေ့တွင် ထပ်မံတွေ့ခဲ့သော COVID-19 အတည်ပြုလူနာသည် ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည် မြို့နယ်၌ နေထိုင်သူ၊ အသက် (၆၃) နှစ်အရွယ်ရှိ အမျိုးသမီး ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

၎င်းသည် မတ်လ ၁၅ ရက်နေ့က ဒူဘိုင်းနိုင်ငံမှ ပြန်လာသော သားဖြစ်သူအား ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ သွားရောက် ကြိုဆိုခဲ့ပြီး၊ သားဖြစ်သူနှင့်အတူ မြောက်ဥက္ကလာပမြို့နယ်တွင် ခေတ္တတည်းခို နေထိုင်ခဲ့သည်။

ထိုသို့ နေထိုင်စဉ် (၂) ပတ်ကြာခန့် မောပန်းနွမ်းနယ်ခြင်း ခံစားခဲ့ရကာ မတ်လ ၃၀ ရက်နေ့တွင် ပိုမိုမောပန်းပြီး ကိုယ်အပူ ချိန်မြင့် တက်လာသဖြင့် မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီးသို့ မတ်လ ၃၁ ရက်နေ့က  တက်ရောက် ကုသမှုခံယူခဲ့ သည်။

ထို့နောက် အဆိုပါလူနာအား မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီးတွင် စောင့်ကြည့်လူနာအဖြစ် သီးသန့်ထားရှိကာ ဆေးကုသမှုများ ပေးခဲ့ပြီး ဓာတ်ခွဲနမူနာအား ပေးပို့စစ်ဆေးခဲ့ရာ ဧပြီ ၁ ရက်နေ့က ပိုးတွေ့ရှိကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက အတည်ပြု ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် လူနာကို ဧပြီ ၁ ရက်နေ့ ညနေပိုင်းတွင် ဝေဘာဂီအထူးကု ဆေးရုံကြီးသို့ ပြောင်းရွေ့ရန် စီစဉ် ဆောင်ရွက် လျက်ရှိပြီး လူနာတွင် ဆီးချိုရောဂါ အခံရှိသဖြင့် အထူးစောင့်ကြပ်ကုသမှု ပေးနေကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။

လက်ရှိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ကူးစက်ခံထားရသူ ၁၆ ဦးရှိပြီး ထို ၁၆ ဦးအနက် မင်္ဂလာတောင်ညွန့်မြို ့နယ်မှ လူနာ တစ်ဦးမှာ ၎င်း၌ရှိသော ရောဂါအခံဖြင့် မတ်လ ၃၁ ရက်က ကွယ်လွန်ခဲ့ပြီး ဖြစ်သည်။

ထို့နောက် ချင်းပြည်နယ်၊ တီးတိန် ပြည်သူ့ဆေးရုံတွင် လူနာ (၁) ဦး၊ ရန်ကုန်မြို့၊ ဝေဘာဂီအထူးကု ဆေးရုံကြီး၌ လူနာ (၁၀) ဦး၊ မန္တလေးမြို့၊ ကန်တော်နဒီဆေးရုံမှာ လူနာ (၁) ဦး၊ နေပြည်တော် ပြည်သူ့ဆေးရုံကြီးတွင် လူနာ (၁) ဦး၊ ရှမ်းပြည် နယ် (မြောက်ပိုင်း)၊ လားရှိုးမြို႕ ပြည်သူ့ဆေးရုံကြီးတွင် ကျောက်မဲမြို့ ပြည်သူ့ဆေးရုံမှ ပြောင်းရွေ့ လူနာ (၁) ဦး စုစုပေါင်း (၁၄) ဦးတို့၏ ကျန်းမာရေးအခြေအနေမှာ တည်ငြိမ်လျက်ရှိကြောင်း သိရသည်။

ယနေ့ ဧပြီ ၁ ရက်နေ့တွင် တွေ့ရှိသော COVID-19 ရောဂါ ကူးစက်ခံရသူ လူနာ အမျိုးသမီးကိုလည်း မြောက်ဥက္ကလာပ ဆေးရုံကြီးမှ ဝေဘာဂီအထူးကုဆေးရုံကြီးသို့ ပြောင်းရွေ ့ကာ သီးခြားထားရှိ၍ ဆေးကုသမှုပေးသွားကြောင်း စီစဉ်ထား ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly