COVID-19 ကြောင့် ဝန်ထမ်းတွေကို အလုပ်ထုတ်ခဲ့တဲ့ မိုက်အက်ရှ်လေဆိုတာ ဘယ်လိုလူမျိုးလဲ

COVID-19 ကြောင့် ဝန်ထမ်းတွေကို အလုပ်ထုတ်ခဲ့တဲ့ မိုက်အက်ရှ်လေဆိုတာ ဘယ်လိုလူမျိုးလဲ

Covid-19 ရောဂါဖြစ်ပွားနေမှုကို အကြောင်းပြပြီး အသင်းရဲ့ ဝန်ထမ်းတွေကို အလုပ်ကနေ ရပ်နားပစ်ခဲ့တဲ့ နယူးကာဆယ်အသင်းပိုင်ရှင် မိုက်အက်ရှ်လေဟာ ဘယ်လိုလူမျိုးလဲဆိုတာ သိချင်ကြပါလိမ့်မယ်။ သူက အားလုံးဒုက္ခရောက်နေတဲ့အချိန်မှာ သူ့ရဲ့ဝန်ထမ်းတွေဖက်ကို တစ်ချက်လေးတောင် ငဲ့မကြည့်ခဲ့ပဲ အလုပ်လက်မဲ့ ဖြစ်သွားစေခဲ့တဲ့သူပါ။

ပရိသတ်တချို့ကတော့ မိုက်အက်ရှ်လေဟာ ဘီလီယံနာ တစ်ယောက်ဆိုပေမယ့် သူ့မှာလည်း သူ့ဒုက္ခနဲ့သူရှိလိမ့်မယ်လို့ နားလည်ပေးနေကြပါတယ်။

ဒါပေမယ့် မိုက်အက်ရှ်လေရဲ့ ပိုင်ဆိုင်မှုတွေကို ကြည့်မယ်ဆိုရင်တော့ သူဟာ သူ့အသင်းက ဝန်ထမ်းတွေကို တစ်သက်လုံး လစာပေးထားနိုင်တဲ့အခြေအနေကို ပိုင်ဆိုင်ထားသူပါ။

အသင်းပိုင်ရှင်တွေရဲ့ ပိုင်ဆိုင်မှုကို တွက်ချက်တဲ့ ငွေကြေးဝက်ဆိုက်တစ်ခုကတော့ မိုက်အက်ရှ်လေဟာ (၂.၃) ဘီလီယံအထိ ချမ်းသာတဲ့သူလို့ ဖော်ပြကြပါတယ်။ သူပိုင်ဆိုင်ထားတဲ့ နယူးကာဆယ်အသင်းရဲ့ တန်ကြေးကလည်း ပေါင်သန်း(၃၅၀)လောက်ရှိတာမို့ မိုက်အက်ရှ်လေဟာ တော်ရုံချမ်းသာတဲ့သူမျိုး မဟုတ်ဘူးဆိုတာ သိနိုင်မှာပါ။

သူက နယူးကာဆယ်အသင်းကို ၂၀၀၇ ခုနှစ်မှာ ပေါင်(၁၃၅)သန်းနဲ့ ဝယ်ခဲ့ပြီး အခုအချိန်မှာတော့ အဲဒီထက် (၂)ဆလောက်များတဲ့ တန်ကြေးမျိုးကို ပိုင်ဆိုင်နေရပါပြီ။

မိုက်အက်ရှ်လေဟာ လန်ဒန်မြောက်ပိုင်းက စံအိမ်ကြီးတစ်ခုမှာ နေထိုင်သူဖြစ်ပြီး သူ့ရဲ့အိမ်က အိပ်ခန်းပေါင်း (၃၃)ခန်းအထိ ရှိတဲ့ ဧရာမစံအိမ်ကြီးပါ။ ဒါ့အပြင် သူက စပိန်မှာ နေအိမ်(၅)လုံး ဝယ်ယူထားသူဖြစ်ပြီး မိုင်ယာမီမှာလည်း အပန်းဖြေဖို့ စံအိမ်တစ်လုံး ဝယ်ယူထားသူပါ။

သူက ခရီးစဉ်တွေအတွက် ပေါင်(၅)သန်းတန် ကိုယ်ပိုင်ဟယ်လီကော်ပတာကို သုံးလေ့ရှိပြီး သူ့လုံခြုံရေးအတွက် ကိုယ်ရံတော် တပ်ဖွဲ့တစ်ဖွဲ့ကိုလည်း ခန့်အပ်ထားပါတယ်။

စပိန်နိုင်ငံ၊ မာယော့ကာမှာ ဝယ်ယူထားတဲ့ နေအိမ်ကတော့ သူဝယ်ယူထားသမျှထဲမှာ အကောင်းဆုံးဖြစ်ပြီး ပေါင်(၁၀)သန်း တန်ကြေးရှိပါတယ်။ အိပ်ခန်း(၇)ခန်း၊ နေအိမ်တွင်းရေကူးကန်၊ တင်းနစ်ကွင်းတွေနဲ့ လှပတဲ့ ပင်လယ်ကိုပါ မြင်ရနိုင်တဲ့ မြင်ကွင်းနဲ့ပါ။

ဒါ့အပြင် သူက တီနီရိုက်ဖ်မှာလည်း နေအိမ်နှစ်လုံး ပိုင်ဆိုင်ထားပါသေးတယ်။ သူ့ရဲ့ အပန်းဖြေအိမ်တွေဆီကို နာမည်ကျော်တွေဖြစ်ကြတဲ့ ပန်နီလုပ်ခရုဇ်၊ ဂျနီဖာလိုပက်ဇ်နဲ့ မာရီယာကာရေးတို့က မကြာခဏ လာရောက်လည်ပတ်လေ့ရှိတယ်လို့ သတင်းတွေက ဖော်ပြခဲ့ကြဖူးပါတယ်။

သူက ဘီလီယံနာတွေရဲ့ထုံးစံအတိုင်း မော်တော်ကား လှလှလေးတွေကို သဘောကျသူဖြစ်ပြီး Bentley ၊ BMW ၊ Aston Martin စတဲ့ ကားမျိုးစုံကိုလည်း ပိုင်ဆိုင်ထားပါသေးတယ်။ သူက သူ့ရဲ့ ကုမ္ပဏီဖြစ်တဲ့ Sports Direct ကို တနင်္လာနေ့မနက်တိုင်း အစည်းအဝေးသွားလေ့ရှိပြီး အဲဒီအတွက်တော့ ကိုယ်ပိုင်ဟယ်လီကော်ပတာကို အသုံးပြုပါတယ်။

မိုက်အက်ရှ်လေဟာ ဝန်ထမ်းတွေကို လစာပေးဖို့သာ စဉ်းစားနေသူဖြစ်ပေမယ့် ပါတီပွဲတွေနဲ့ ပတ်သက်ရင် တကယ့်ကို အကုန်အကျခံလေ့ရှိသူပါ။ ၂၀၀၈ ခုနှစ်တုန်းက ပါတီပွဲတစ်ပွဲအတွက် ပေါင်(၁၂၅၀၀၀)အထိ သုံးခဲ့ဖူးတယ်လို့ သတင်းတွေထွက်ခဲ့ပြီး ဘားမယ်တွေကို မုန့်ဖိုးပေးတာတောင် ပေါင်(၃၀၀၀၀)လောက် သုံးခဲ့တယ်လို့ သတင်းတွေက ဖော်ပြခဲ့ဖူးတာပါ။

မိုက်အက်ရှ်လေဟာ အရာအားလုံးမှာ ပြည့်စုံပြီး ချမ်းသာအောင် နေနိုင်သူဖြစ်ပေမယ့် အသင်းကိုတော့ ဂရုစိုက်သူ တစ်ယောက် မဟုတ်ဘူးလို့ မီဒီယာတွေက သုံးသပ်နေပါတယ်။ ကစားသမားတွေ ဝယ်ဖို့အတွက် နည်းပြတွေကို ငွေထုတ်ပေးဖို့ အရမ်းစဉ်းစားလွန်းပြီး လက်အောက်က ဝန်ထမ်းတွေကိုလည်း လေးစားမှု  မရှိဘူးဆိုပြီး နာမည်ကြီးသူပါ။

ကဲ…ဒီလောက်ဆိုရင် မိုက်အက်ရှ်လေကြီး ဘယ်လောက်ချမ်းသာလဲဆိုတာ သိရောပေါ့..။ သူ့အနေနဲ့ ဝန်ထမ်းတွေကို လစာပေးနိုင်ဖို့ ခက်ခဲတယ်ဆိုတဲ့ သတင်းတွေ ထွက်လာတာကို တကယ်ပဲ ယုံရမှာလား…ဆိုတာ ချိန်ဆကြည့်နိုင်ဖို့ပဲ လိုပါတော့တယ်..။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly