COVID-19 အရေး ရန်ကုန်က လွှတ်တော်ကိုယ်စားလှယ် နော်လှလှစိုးကို မေးမြန်းခြင်း

COVID-19 အရေး ရန်ကုန်က လွှတ်တော်ကိုယ်စားလှယ် နော်လှလှစိုးကို မေးမြန်းခြင်း
ပုံ- အမျိုးသားလွှတ်တော်ကိုယ်စားလှယ် နော်လှလှစိုး (ပုံ- supplied)

ရန်ကုန်၊ ဧပြီ ၁

မေး။        ။ အခုလက်ရှိ အင်းစိန်မြို့နယ်ရဲ့ အခြေအနေလေး ပြောပြပေးပါဦး ခင်ဗျ။

ဖြေ ။       ။ ကျွန်မတို့ အခု တောက်လျှောက်ပေါ့နော်။  ဒီ ကိုဗစ်-၁၉ ပိုးတွေ့ရှိသူ‌တွေ နေထိုင်တဲ့ ရပ်ကွက်တွေ ကို နေ့စဉ် ဆေးဖြန်း နေတယ်။ ဒီရပ်ကွက်တွေထဲမှာ နေထိုင်တဲ့ မိသားစုတွေအတွက် ဆန်တို့၊ ဆီတို့ကို ပရဟိတ အဖွဲ့တွေနဲ့ လိုက်လံပေး လှူနေပါတယ်။ ပြီးတော့ ဒီရောဂါပိုး တွေ့ရှိသူတွေရဲ့ မိသားစုကို ကျွန်မတို့ သွားပြီးတော့ နှစ်သိမ့် အားပေး တယ်။
နောက်ပြီးတော့ ရောဂါဖြစ်တဲ့သူ ကိုယ်တိုင်နဲ့လည်း ကျွန်မ ဖုန်းပြောရတယ်။ သူတို့ မိသားစု ဖုန်းခေါ်ပေးလို့။ သူတို့ရဲ့ ကျန်းမာရေး အခြေအနေကို မေးပြီးတော့ အားပေးဖြစ်ခဲ့တယ်။ နောက်ပြီးတော့ အဲ့ဒီရပ်ကွက်ထဲက ရောဂါပိုးရှိသူ နေ ထိုင်တဲ့ လမ်းတွေကို ပိတ်ထားတယ်။ နောက်ပြီးတော့ ရပ်ကွက်ထဲကိုလည်း သိပ်ပြီးတော့ PANIC(တထိတ်တလန့်) မဖြစ်ဖို့ ကျွန်မတို့တွေက အားလုံးကို ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေပါတယ်။

မေး ။       ။ ရောဂါပိုးရှိသူနဲ့ ဖုန်းလက်ခံ စကားပြောဆိုခဲ့ ရတယ်ဆိုတော့ သူတို့ရဲ့ အခြေအနေကရော၊ ဘယ်လိုရှိတယ်လို့ ကြားသိရလဲ။

ဖြေ ။       ။ အခု အင်းစိန်မြို့နယ်က Case- 3 လူနာနဲ့ Case-6 လူနာတွေက ကျန်းမာရေး အခြေအနေ ကောင်းမွန် နေ တယ်လို့ သူတို့ပြောတယ်။ Case-6 လူနာဆိုရင် ခြင်းတောင် ခတ်နေတယ်ပြောတယ်။ စားရေး သောက်ရေးကအစ လိုအပ်မှုမရှိအောင် ထားတယ်လို့လည်း ပြောတယ်။

မေး ။      ။ ဒီလူနာနှစ်ဦးရဲ့ မိသားစုတွေ အခြေအနေကရော ဘယ်လိုရှိလဲဗျ။ ဆရာမက သူတို့ကိုလည်း သွားအားပေး ဖြစ်တယ် ဆိုတော့လေ။

ဖြေ ။      ။ မိသားစုတွေရဲ့ အခြေအနေကတော့ ကောင်းပါတယ်။ ဒါပေမယ့် ဒီလူနာရဲ့ မိသားစုတွေအတွက် လုံခြုံရေး အတွက်တော့ ကျွန်မတို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖွဲ့ရယ်၊ ကျွန်မတို့ မြို့နယ်က ဖွဲ့ထားတဲ့  voluteers တွေရယ်၊ ရဲရယ် သူတို့အိမ်တွေမှာ လုံခြုံရေး ချထားတယ်။ ပြီးတော့ သူတို့ လိုအပ်တာတွေကို ကူညီပေးနေပါတယ်။

မေး ။     ။ လုံခြုံရေး ချထားရတယ်ဆိုတော့ ဘာကြောင့်လဲဗျ။  

ဖြေ ။      ။ ဒီ ကိုဗစ်-၁၉ ရောဂါကို အင်းစိန်မြို့နယ်မှာ စတွေ့ခဲ့တဲ့ Case-3 လူနာတွေ့တဲ့နေ့က အဲ့ဒီရပ်ကွက်က လူတွေက ကြောက်ကြတာပေါ့။ ကြောက်တယ်ဆိုတာက Case- 3 တုန်းကတော့ ဝိုင်းပြီးတော့ အပြစ်တင်တာတို့ ဘာတို့ရှိတယ်။ နောက်ပြီးတော့ နည်းနည်း ရန်လုပ်ချင်တာပေါ့နော်၊ အပြစ်တင်ချင်တာပေါ့နော်။ ညဘက်တွေ ဘာတွေဆို လာအော်ကြ တယ်လေ။ အိမ်ရှေ့မှာ မင်းကြောင့် ငါတို့တွေ ဒုက္ခရောက်တယ် ဘာညာနဲ့။ ဆိုတော့ မိသားစုကလည်း စိတ်ညစ်တာပေါ့။
မလုံခြုံဘူးပေါ့။ ဒါပေမယ့် ရပ်ကွက်က လူတွေနဲ့ဝိုင်းပြီးတော့ နားလည်မှု ရှိအောင် ကူညီဖေးမတဲ့အခါမှာ နောက်ပိုင်းတော့ လျော့သွားပါတယ်။

မေး ။       ။ ဆိုတော့ ဆရာမအနေနဲ့ ရောဂါပိုး တွေ့ရှိသူရဲ့နေအိမ်တွေအထိ လိုက်ပါ အားပေးရတဲ့အတွက် ဆရာမရဲ့ ကျန်းမာရေး အခြေအနေရော ဘယ်လိုရှိလဲဗျ။

ဖြေ ။       ။ ကျန်းမာရေး အခြေအနေကတော့ ကောင်းပါတယ်။ ဒါပေမယ့် မနေ့က အပူတော့ ရှပ်သွားတယ်။ အဲ့ဒါနဲ့ ဆေးရုံ သွားလိုက်ရသေးတယ်။ ဒီနေ့တော့ ဘယ်မှ မသွားဘဲ အိမ်ထဲမှာပဲ နေနေတယ်။ ဆရာဝန်ရဲ့ ပြောဆိုချက်အရ Home Quarantine ကတော့ မလုပ်ဖြစ်သေးပါဘူး။

မေး ။      ။ အခု ဆရာမ ကိုယ်စားပြုတဲ့ အင်းစိန်အပြင် မင်္ဂလာဒုံမှာလည်း ထိုင်းက ဝင်လာတဲ့ ပြည်တော်ပြန် တစ်ယောက် စတင် တွေ့ရှိတယ်လို့ ကြားတယ်။ ဆိုတော့ အခ ုဒီပြည်တော်ပြန်တွေအတွက် ဆရာမ ဘယ်လို စီစဉ်ထားလဲ။

ဖြေ ။      ။ အခုကစပြီးတော့ ပြည်တော်ပြန်လာတဲ့ သူတို့ကို Home Quarantine မလုပ်ခိုင်းတော့ဘူး။ Community Quaratine ကို မဖြစ်မနေ ယူခိုင်းနေပြီ။ နောက်ပြီးတော့ မနေ့တုန်းက အင်းစိန်မှာဆိုရင် ပြည်တော်ပြန်ပေါ့နော်။ ထိုင်းက ပြန်လာတဲ့တစ်ယောက် အစစ်ဆေး မခံဘူးဆိုလို့ ရဲကိုလွှတ်ရသေးတယ်။ အဲ့လို ငြင်းဆန်တဲ့သူကျတော့ ဖျောင်းဖျပေးဖို့ ရဲကို လွှတ်ရတာပေါ့နော်။

မေး။ ဒါဆိုရင် အင်းစိန်တစ်မြို့နယ်လုံးကို Lockdownလုပ်ဖို့အစီအစဉ်ရှိမရှိ။

ဖြေ။ တစ်မြို့နယ်လုံးတော့လုပ်ဖို့မရှိဘူး။ အခုရောဂါလက္ခဏာရှိတဲ့သူတွေရဲ့ လမ်းကိုပိတ်ထားတယ်။ အဲ့မှာလည်းကျွန်မ တို့အုပ်ချုပ်ရေးမှူးတို့ ပရဟိတအဖွဲ့တွေပေါင်းပြီးအစောင့်ချထားပြီးတော့မှ လိုအပ်တာတွေကို ကူညီဖြည့်ဆည်းပေးနေပါတယ်။
 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required