မြို့ရွှေမန်းသား ဖိုးချစ်မှ ငါသည်အောင်ဆန်းပြဇာတ် လွတ်လပ်ရေးနေ့တွင် တင်ဆက်ကပြမည်

မြို့ရွှေမန်းသား ဖိုးချစ်မှ ငါသည်အောင်ဆန်းပြဇာတ် လွတ်လပ်ရေးနေ့တွင် တင်ဆက်ကပြမည်

ရန်ကုန်၊ နိုဝင်ဘာ ၂ ။ ။ နှစ်နှစ်နီးပါး အချိန်ယူခဲ့သည့် ငါသည်အောင်ဆန်း ပြဇာတ်အသစ်ကို မြို့ရွှေမန်းသား ဖိုးချစ်က လွတ်လပ်ရေးနေ့တွင် အနုပညာရှင်များစွာဖြင့် ရန်ကုန်မြို့၌ ကပြဖျော်ဖြေရန် စီစဉ်ထားသည်။

မြို့ရွှေမန်းသား ဖိုးချစ်အတွက် အသစ်စက်စက် ပြဇာတ်ကြီးဖြစ်သည့် ငါသည်အောင်ဆန်း ပြဇာတ်ကပြဖျော်ဖြေမည့် အကြောင်း စာနယ်ဇင်း မိတ်ဆက်ပွဲကို နိုဝင်ဘာ ၂ရက်တွင် ရန်ကုန်မြို့ရှိ ဆရာစံပလာဇာတွင် ကျင်းပ ပြုလုပ်ခဲ့သည်။

ငါသည်အောင်ဆန်း ပြဇာတ်ကို အကယ်ဒမီ မောင်ယဉ်အောင်(မြို့တော်)မှ ရေးသားထားပြီး မြို့ရွှေမန်းသား ဖိုးချစ်မှ ကပြဖျော်ဖြေမည် ဖြစ်သည်။ ထိုကပြဖျော်ဖြေမှုတွင် ဖိုးချစ် နှင့် အတူ အနုပညာရှင် များစွာ ပါဝင် တင်ဆက်ကြမည် ဖြစ်သည်။

မြို့ရွှေမန်းသား ဖိုးချစ်က "အဓိကက ဗိုလ်ချုပ်ကို လေးစားလွန်းလို့ ကျွန်တော် ဒီပွဲလေးကို စီစဉ် ဖြစ်တာပါ။ တိုင်းပြည်အတွက် အရေးကြီးတဲ့ ဘယ်တော့မှ မြန်မာနိုင်ငံ ရှိသရွေ့ မေ့လို့မရမယ့် ပုဂ္ဂိုလ်မျိုးတွေ ကပြရတဲ့အခါ ပိုပြီး တာဝန်ကြီးသလို ပျော်လည်းပျော်တယ်" ဟု ပြောသည်။

လွတ်လပ်ရေးနေ့တွင် ဗိုလ်ချုပ်အောင်ဆန်းကို ဂုဏ်ပြုသောအားဖြင့် ငါသည်အောင်ဆန်းပြဇာတ်ကို ကပြဖျော်ဖြေခြင်း ဖြစ်ပြီး အကယ်ဒမီ မောင်ယဉ်အောင်(မြို့တော်) မှ ဗိုလ်ချုပ်အောင်ဆန်းကို လေးစားအားကျသည့် လူငယ် တစ်ယောက် အကြောင်းကို ရေးဖွဲ့ ပေးထားခြင်း ဖြစ်သည်။

ငါသည်အောင်ဆန်း ပြဇာတ်ကို လွတ်လပ်ရေးနေ့တွင် ရန်ကုန်မြို့ရှိ ပြည်သူ့ရင်ပြင် နှင့် အမျိုးသားကဇာတ်ရုံ တစ်ခုခုတွင် ကပြဖျော်ဖြေ တင်ဆက်ရန် စီစဉ်ထားပြီး ပြည်သူ့ရင်ပြင်တွင် ကျင်းပဖြစ်ပါက မြို့ရွှေမန်းသား ဖိုးချစ်မှ ၎င်း၏ ဇာတ်ရုံဖြင့် ဖျော်ဖြေ တင်ဆက်သွားမည် ဖြစ်သည်။

ပြဇာတ်အတွက် လက်မှတ်များကိုလည်း ရောင်းချသွားမည် ဖြစ်ပြီး ပြဇာတ် အတွက် ဒီဇင်ဘာလတွင် စတင်ပြီး ဇာတ်တိုက်သွားမည် ဖြစ်သည်။ လက်ရှိတွင် ဖိုးချစ်သည် ဆက်တင်ပိုင်း ဆိုင်ရာ များကို  ပြင်ဆင်နေပြီ ဖြစ်သလို အမှားခံမရသည့် အတွက်လည်း သေချာပြင်ဆင် ဆောင်ရွက်နေကြောင်း ဖိုးချစ်က ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags