COVID ကြောင့် လူချင်း ဝေးနေပေမယ့် ရင်ခုန်သံချင်း နီးစပ်စေမယ့် နည်းလမ်းများ

COVID ကြောင့် လူချင်း ဝေးနေပေမယ့် ရင်ခုန်သံချင်း နီးစပ်စေမယ့် နည်းလမ်းများ

ရေးသားသူ Ye Zon Aung
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

COVID-19 ကပ်ဘေးကြီး ကြုံဆုံလာရတဲ့အခါ လူတစ်ဦးချင်းစီရဲ့ လူနေမှုဘဝတွေ၊ လုပ်ငန်းဆောင်တာတွေနဲ့ လူမှုပတ်ဝန်းကျင်တွေ အနည်းနဲ့အများဆိုသလို ထိခိုက်မှုတွေရှိလာပါတယ်။ ဒီလိုအချိန်မျိုးမှာ လူတိုင်းအတွက် စိန်ခေါ်မှုတွေ ပြည့်နှက်နေပါတယ်။

လူတွေကြားထဲက လူတွေပဲဖြစ်ကြတဲ့ ချစ်သူရည်းစားတွေအတွက်တော့ ပိုဆိုးပါတယ်။ အပြင်ထွက်ဖို့ အဆင်မပြေနိုင်သလို အတူရှိနေဖို့ဆိုတာကတော့ ပိုလို့တောင် ခက်ခဲပါသေးတယ်။ Work from Home ကြောင့်ပဲဖြစ်ဖြစ် Social Distancing ကြောင့်ပဲဖြစ်ဖြစ် ကိုယ့်ဒေသ Lock-down ချခံထားရတာကြောင့်ပဲဖြစ်ဖြစ် ချစ်သူရည်စားတွေအတွက်ကတော့ ဒီအချိန်ကို ဖြတ်သန်းရတာက စိတ်မချမ်းမြေ့ဖွယ်ကာလတွေဖြစ်ပါတယ်။

ခုလို ရောဂါကပ်ဘေးမျိုး ကြုံဆုံနေရချိန်မျိုးမှာ လူအများအစုအနေနဲ့ ပူပင်သောကတွေ၊ စိတ်ဖိစီးမှုတွေ၊ ကြောက်ရွံ့မှုနဲ့ မျှော်လင့်ချက်မဲ့မှုတွေ ခံစားနေရနိုင်ပါတယ်။ ချစ်သူရည်စားတွေအတွက်တော့ ချစ်ရသူနဲ့ မထင်မှတ်ပဲ ကွေကွင်းရတဲ့ အပူပါ တစ်ပူထပ်တိုးနေကြရမှာပါ။

ဒီလိုအခြေအနေမှာ ချစ်ရသူနဲ့ ရှိနှင့်ပြီးသား ဆက်ဆံရေးကို တည်မြဲဖို့၊ အဖုအထစ်တွေ ဖြစ်မလာစေဖို့၊ နှလုံးသားချင်းဆက်ပြီးနီးစပ်နေစေဖို့ နည်းလမ်းလေးတွေ လိုအပ်လာပြီနော်။ ဒီတော့ ကိုယ်ချစ်ရသူနဲ့ ကပ်ဘေးကာလအတွင်းမှာ အဆင်ပြေပြေ ချောချောမွေ့မွေ့ဆက်ပြီး ဖြတ်သန်းနိုင်စေဖို့ နည်းလမ်းလေးတွေ လမ်းညွှန်ပေးပါရစေ။

တိကျတဲ့ အချိန်ဇယား သတ်မှတ်ပါ

ဒီလိုအချိန်မျိုးမှာ ချစ်သူရည်းစားတွေအနေနဲ့ တိကျတဲ့ အချိန်ဇယား ရှိထားဖို့ လိုအပ်ပါတယ်။ ကိုယ်က Work from Home လုပ်နေတာဆိုရင် အလုပ်ချိန် ချစ်သူနဲ့ စကားပြောဆိုမယ့်အချိန်၊ မိသားစုကို ပေးရမယ့် အချိန်စတာတွေကို သေချာ အစီအစဉ်ဆွဲထားဖို့ လိုအပ်ပါတယ်။

အရာရာတိုင်းက စိန်ခေါ်မှုဖြစ်နေချိန်မှာ စနစ်တကျ စီမံခန့်ခွဲနိုင်တာမျိုးမရှိရင် ချစ်မှုရေးရာ ဆက်ဆံရေးကို ထိခိုက်လာနိုင်ပါတယ်။ နဂိုကမှ ခုလို ခွဲခြားနေရတာမို့ စိတ်ဖိစီးမှု၊ ကြောက်ရွံ့မှုနဲ့ သောကတွေရှိနေမှာမို့ ဒီလို မစီမံနိုင်ရင် အဆင်မပြေမှုတွေ ကြုံလာပြီး အခြေအနေဆိုးသွားနိုင်ပါတယ်။

မိမိကိုယ်ကို ဂရုစိုက်နိုင်ဖို့ ကိုယ်ပိုင်အချိန်လည်း ထားပါ

အမြဲတမ်း ချစ်သူကိုချည်း အချိန်ပေးနေတာရုံနဲ့ နှစ်ဦးသား ဆက်ဆံရေးကို အဆင်ပြေစေလိမ့်မယ်လို့ ယတိပြတ် မယုံကြည်လိုက်ပါနဲ့။ ကိုယ့်အတွက် ကိုယ်ပိုင်အချိန်၊ ကိုယ့်ကိုယ်ကို ဂရုစိုက်ဖို့ ကိုယ်အနားယူဖို့ အချိန်ခွဲခြားမထားနိုင်ရင် ရေရှည်မှာ အဆင်မပြေနိုင်ပါဘူး။ ပင်ပန်းတယ်၊ စိတ်ရှုပ်တယ်ဆိုတဲ့ စိတ်ခံစားချက်မျိုး ခံစားရလာပါလိမ့်မယ်။

အတူတကွ အချိန်ဖြုန်းပါ

အတူတကွ အချိန်ဖြုန်းပါဆိုတဲ့ သဘောက သတ်မှတ်ထားတဲ့ အချိန်ကာလေတွေကို ဖုန်းထဲကနေပဲဖြစ်ဖြစ် အင်တာနက်တွေ၊ ဆိုရှယ်မီဒီယာတွေနဲ့ Video Call တွေကနေပဲဖြစ်ဖြစ် အတူတကွ ဖြတ်သန်းကြတာမျိုးကို ဆိုလိုပါတယ်။ တနေ့တာ အတွေ့အကြုံတွေ မျှဝေမယ်၊ တိုင်ပင်စရာရှိတာ တိုင်ပင်မယ်၊ ချစ်စကာလေးတွေဆိုကြမယ်။ ဒီလိုမျိုးပေါ့။

လိင်ကိစ္စကိုလည်း မမေ့ပါနဲ့

ခွဲနေပါတယ်ဆိုမှ ဘယ်လို သံဝါသအမှုပြုကြမလဲလို့ မေးစရာရှိပါတယ်။ ဟုတ်ပါတယ်။ ခွဲနေရတာမို့ ခုလိုတော့ လုပ်လို့မရနိုင်ဘူးပေါ့။ ဒါပေမယ့် တစ်ချို့ကိစ္စတွေကို နှစ်ကိုယ်ကြားပွင့်ပွင့်လင်းလင်း ပြောကြတာက တစ်ချို့သော စိတ်ဖိစီးမှုတွေကို လျော့ကျစေနိုင်ပါတယ်။ နောက်ပြီး တစ်ကိုယ်ရည်စိတ်ဖြေတာမျိုးကိုလည်း မရှောင်လွှဲသင့်ပါဘူး။

အလုပ်၊ အချစ်ရေးနဲ့ မိသားစုအကြား စည်းကမ်းကန့်လန့်နားထားပါ

အချစ်ရေးမှာ အဆင်ပြေဖို့ဆိုရင် တခြားကိစ္စတွေမှာလည်း အဆင်ပြေနေဖို့ လိုအပ်ပါတယ်။ မိသားစု၊ အလုပ်၊ ပတ်ဝန်းကျင် စတာတွေနဲ့ရောပေါ့။ မိသားစုအပါအဝင် တစ်ခုခုနဲ့ အဆင်မပြေဖြစ်နေရင် ကျန်တဲ့ ဆက်ဆံရေးတွေမှာလည်း စိတ်ရှုပ်ဖွယ် အခြေအနေမျိုးဖြစ်နေပါလိမ့်မယ်။ ဒါကြောင့် စည်းကမ်းသတ်မှတ်ချက်ထားပြီး စီမံခန့်ခွဲပါ။ ဒီလိုမှပဲ ပြဿနာတွေကို ကောင်းကောင်းစီမံနိုင်မှာဖြစ်ပါတယ်။

တစ်ဦးတည်း သွားလာပါ

COVID-19 ကာလအတွင်းမှာ သွားစရာ လာစရာ ကြုံလာရင် တစ်ဦးတည်း သီးခြားသွားလာတာက အားလုံးအတွက် ပိုအဆင်ပြေပါလိမ့်မယ်။ ဘယ်လောက် ချစ်ချစ် ကိုယ့်ချစ်သူကို အပြင်ကို ခေါ်ဆောင်သွားတာမျိုး မလုပ်သင့်သလို၊ မိသားစုဝင်တွေ၊ မိတ်ဆွေ အပေါင်းအသင်းတွေကိုလည်း ခုအတိုင်းပါပဲ။ ဒါဟာ ရောဂါကာကွယ်ရေးအတွက်လည်း ထိရောက်တဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။

အဆက်အသွယ်တော့ မပြတ်ပါစေနဲ့

ကိုယ်ချစ်ရတဲ့သူနဲ့ အဆက်အသွယ်မပြတ်ဖို့ဟာလည်း အရေးပါပါတယ်။ သတ်မှတ်ထားတဲ့ အချိန်မှာ ချစ်ခွန်းဆိုကြတာက တစ်ပိုင်းပါ။ တစ်ချို့သော အခြေအနေတွေမှာ နှစ်ဦးအကြား အဆက်အသွယ်အချိတ်အဆက်လေး ရှိထားဖို့ လိုအပ်ပါတယ်။

ဥပမာ အပြင်သွားတယ်ဆို မက်ဆေ့ချ်လေးပို့ထားခဲ့တာမျိုး၊ ကိစ္စတစ်စုံတစ်ရာ ပေါ်လာရင် လှမ်းအသိပေးတာမျိုးပေါ့။ ဒီလိုအပြုအမူမျိုးက တစ်ယောက်နဲ့ တစ်ယောက်အကြား ဆက်ဆံရေးမှာ လေးနက်မှုကို ပိုထင်ရှားစေတဲ့ အပြုအမူမျိုးဖြစ်ပါတယ်။

သံသယရဲ့ အကျိုးဆက်ကို ခံစားခွင့်ပေးပါ

ဟုတ်ပါတယ်။ သမီးရည်းစားတွေ ဝေးနေချိန်မှာ ပြဿနာ အဆက်စေဆုံးကိစ္စက သံသယကြောင့်ပါပဲ။ ဒါကြောင့် အထက်မှာ အဆက်အသွယ်မပြတ်ဖို့ ဆိုပြီး လမ်းညွှန်ခဲ့တာပါ။ ဒါပေမယ့်လည်း အကြောင်းအမျိုးမျိုးကြောင့် အဆက်အသွယ်ပြတ်တာမျိုး၊ ဆက်သွယ်မရတာမျိုး၊ နားလည်မှုလွဲတာမျိုးတွေ ကြုံဆုံလာခဲ့မယ်ဆိုရင်လဲ တစ်က်လူကို သံသယရဲ့ အကျိုးဆက်ကို ခံစားခွင့်ပေးသင့်ပါတယ်။

ဒီလို ခေတ်ကာလဆိုးမျိုးမှာ တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် နားလည်မှုထားပေးနိုင်ဖို့ လိုအပ်ပါတယ်။ မဟုတ်ရင်တော့ ပြဿနာတွေ စိတ်ဖိစီးမှုတွေ ပိုကြုံလာရနိုင်ပြီး ဆက်ဆံရေးမှာ ကြီးမားတဲ့ အဖုအထစ်တွေ ဖြစ်လာဖို့ သေချာနေပါတယ်။ နောက်ပြီး အမှားတစ်စုံတစ်ရာကျူးလွန်မိရင်လည်း တောင်းပန်ဖို့ ဝန်မလေးသင့်သလို တစ်ဖက်ကလည်း နားလည်မှုထားပြီး အလျှော့ပေးဖို့ ပြင်ဆင်ထားသင့်ပါတယ်။

နှစ်ဦးစလုံးအတွက် နှစ်လိုဖွယ် အပြုအမူတွေ/အခိုက်အတန့်တွေ ဖန်တီးပါ

ဒီလိုအချိန်တွေမှာ အတူရှိနေချိန်တွေဆိုတာက ဖုန်းလိုင်းတွေ၊ အင်တာနက်လိုင်းတွေပေါ်မှာပဲဖြစ်နိုင်ပါတယ်။ ဒီတော့ ဒီလို အချိန် ဒီလို အခိုက်အတန့်တွေမှာ စိတ်ကြည်နူးစရာ၊ အမှတ်တရဖြစ်စရာ အခိုက်အတန့်တွေ ဖန်တီးကြည့်ကြဖို့ လိုအပ်ပါတယ်။ အမှတ်တရတွေဆိုတာမျိုးက လက်ဆောင်ပစ္စည်းကြီးတွေ အပြန်အလှန်ပို့၊ အကောင်းစား စားသောက်ဆိုင်ကြီးတွေမှာ ဒင်နာလိုက်ကျွေးမှဖြစ်တာမျိုးမဟုတ်ပါဘူး။

ဒီလိုအချိန်ကာလမျိုးမှာလည်း အဲ့လိုလုပ်ဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ဘူးလေ။ အကောင်းဆုံးကတော့ တစ်ယောက်နဲ့ တစ်ယောက် အရင်ထက်ပိုပြီး အပြန်အလှန် ဂရုစိုက်ပေးတာမျိုး၊ အပြန်အလှန် တစ်စိတ်တစ်ဝမ်းတည်း တစ်သားတည်းဆိုတာကို ပြသတာမျိုး၊ အခက်အခဲတွေကို အတူတကွ ဖြေရှင်းကြတာမျိုးတွေပေါ့။ ခုလိုကာလမှာ အတူဖြတ်ကျော်နေတာကိုက နောင်တချိန်ပြန်စဉ်းစားကြတဲ့အခါ တကယ့်ကို အမှတ်တရနဲ့ ကြည်နူးဖွယ်ဖြစ်နေမယ့် အခိုက်အတန့်ကို ဖန်တီးနေကြတာပါပဲ။

ကိုယ်ဘာလိုချင်တာလဲ ကိုယ်သိပါစေ

ကိုယ်ဘာဖြစ်ချင်တာလဲ၊ စိတ်ထဲ ဘာတွေရှိနေလဲဆိုတာကို ချစ်သူကို ဖွင့်ဟပါ။ တိုင်ပင်ပါ။ ဒါမှ ဖြစ်ချင်တာတွကို အဖြေရှာလို့ရနိုင်မှာဖြစ်ပါတယ်။ အပြန်အလှန်သဘောမျိုးဖြစ်ပါတယ်။ သူ့ရဲ့ ပြဿနာတွေ ဆန္ဒတွေ လိုအပ်ချက်တွေကိုလည်း နားထောင်ပေးပါ။

ဒီလိုပြုမူခြင်းအားဖြင့် အပြန်အလှန် စိတ်သက်သာရာရစေမှာဖြစ်သလို တစ်ယောက်အပေါ် တစ်ယောက်ပိုမိုနားလည်လာစေမှာဖြစ်ပါတယ်။ ဒီလို ကပ်ဘေးကာလမျိုးမှာ တစ်နေ့ကို မိနစ် ၃၀ လောက်ချစ်သူနဲ့ ရင်ဖွင့်စကားပြောဆိုဖို့ စိတ်ပညာရှင်တွေက တိုက်တွန်းထားကြပါတယ်။

မပြည့်စုံမှုကို လက်ခံပါ

အခြေအနေတွေက သိတဲ့အတိုင်း အကုန်လုံးခက်ခဲနေကြတာတွေချည်းပါပဲ။ ဒီလိုအချိန်မှာ အတူမျက်နှာချင်းဆိုင် ဆုံတွေ့ခွင့်မရတာကနေစလို့ စားဝတ်နေရေး ကိစ္စတွေ၊ လူမှုရေးပြဿနာတွေနဲ့ အတော်ကို ကသောင်းကနင်းအခြေအနေမျိုးဖြစ်ပါတယ်။ ဒါကြောင့် လူတိုင်းရဲ့ စိတ်အခြေအနေတွေဟာ အရင်လို အပြည့်အဝ ကြည်လင်၊ ကောင်းမွန်နေမှာမဟုတ်ပါဘူး။ ဒါကို နားလည်ထားဖို့ လိုပါတယ်။

ဒီလိုအချိန်မျိုးမှာ အပြန်အလှန်နားလည်မှုပေးနိုင်ရမှာဖြစ်သလို ဒီအချက်ကိုလည်း ဖြည့်တွေးပေးထားနိုင်ဖို့ လိုအပ်ပါတယ်။ မပြည့်စုံတဲ့ ကာလကို အတူတကွဖြတ်ကျော်နေတာမို့ လူချင်းမနီးပေမယ့် စိတ်ချင်းနီးကပ်စွာထားပြီး ရင်ထဲမှာ တွဲလက်တွေ ခိုင်ခိုင်မြဲထားဖို့က အရမ်းအရေးကြီးပါတယ်။ တယောက်နဲ့ တစ်ယောက် ဒီလိုနားလည်မှုထားပေးနိုင်မယ်ဆိုရင် ပြဿနာဆိုးတွေကို ကျော်ဖြတ်နိုင်ချိန်မှာ ပိုပြီးဖြောင့်ဖြူးတဲ့ ချစ်ခရီးလမ်းကို လျှောက်လှမ်းခွင့်ရကြမှာပါ။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly