ထိုင်ခုံမှာ ကြိုးနဲ့ချည်ပြီး အနုကြမ်းစီးခြင်းခံခဲ့ရတဲ့ အက်ရှ်လေကိုးလ်ရဲ့အမှု ဖွင့်ချခံရ

ထိုင်ခုံမှာ ကြိုးနဲ့ချည်ပြီး အနုကြမ်းစီးခြင်းခံခဲ့ရတဲ့ အက်ရှ်လေကိုးလ်ရဲ့အမှု ဖွင့်ချခံရ

အင်္ဂလန်အသင်းရဲ့နောက်ခံကစားသမားဟောင်း အက်ရှ်လေကိုးလ်တစ်ယောက်ကတော့ ဆာရေးပြည်နယ်၊ ဖက်ချန်မှာ ရှိတဲ့သူ့ရဲ့နေအိမ်မှာ နေထိုင်နေစဉ်မှာပဲ မျက်နှာဖုံးစွပ်ဓားပြတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

ကိုးလ်နဲ့ သူ့ရဲ့ချစ်သူဖြစ်တဲ့ ရှာရွန်ကာနူးတို့ဟာ သူတို့ရဲ့နေအိမ်မှာ ရှိနေစဉ်မှာပဲ မျက်နှာဖုံးစွပ်ထားသူတွေ အိမ်ထဲ ဝင်ရောက်လာခဲ့ကြတာဖြစ်ပြီး ပြီးခဲ့တဲ့ ဇန်နဝါရီ (၂၁)ရက်မှာ ဖြစ်ပွားခဲ့တဲ့ အမှုဟာ မီဒီယာတွေရဲ့ ဖော်ပြမှုကြောင့် လက်ရှိအချိန်မှာ အားလုံးသိသွားခဲ့ရတာပါ။

အဲဒီည (၉)နာရီ(၄၅)မိနစ်မှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်မှာ ဖောက်ထွင်းဝင်ရောက်သူတွေဟာ အသက် (၃၉)နှစ်အရွယ် ဘောလုံးသမားဟောင်းကြီးကို ထိုင်ခုံမှာ ကြိုးနဲ့ချည်ထားခဲ့ပြီး အဖိုးတန်လက်ဝတ်ရတနာတွေကို ယူဆောင်သွားခဲ့တယ်လို့ ပြည်နယ်ရဲတပ်ဖွဲ့က ဖော်ပြပါတယ်။

ကိုးလ်ကိုယ်တိုင်ကတော့ ဒီအဖြစ်အပျက်ကို မီဒီယာတွေဆီ ထုတ်ဖော်ပြောကြားခြင်းမရှိခဲ့ပဲ နောက်တစ်ကြိမ် ကြုံလာနိုင်မယ့်အခြေအနေကို ကြောက်ရွံ့နေတာဖြစ်တယ်လို့ TheSun က ရေးသားခဲ့ပါတယ်။

ကိုးလ်ရဲ့အိမ်နီးချင်းတွေက ဒီအဖြစ်အပျက်ကို အတည်ပြုပေးခဲ့ကြပြီး ရဲကားတွေ ရောက်ရှိလာတာကို တွေ့ခဲ့ကြရပေမယ့် တခြားအသံတွေ မကြားခဲ့ရသလို လူဆိုးတွေရဲ့ အရိပ်အယောင်ကိုလည်း မမြင်ခဲ့ရဘူးလို့ ဆိုပါတယ်။

ကိုးလ် နေထိုင်တဲ့ နေအိမ်ရဲ့ အနီးတဝိုက်မှာ တခြားနာမည်ကြီးသူတွေလည်း နေထိုင်ကြပြီး သူတို့ရဲ့နေအိမ်တွေကို ကိုယ်ပိုင်လုံခြုံရေးတွေ၊ အဆင့်မြင့် လုံခြုံရေးစနစ်တွေနဲ့ ကာကွယ်ထားခဲ့ကြတာပါ။

ရဲတွေဟာ ကိုးလ်ရဲ့ အိမ်အနီးအနားမှာ နေသူတွေကိုလည်း မေးခွန်းအချို့မေးမြန်းခဲ့ကြပြီး ဖောက်ထွင်းမှု တစ်ခု ဖြစ်သွားခဲ့တယ်ဆိုတာက လွဲလို့ အက်ရှ်လေကိုးလ်ရဲ့နာမည်ကို ထုတ်ဖော်ပြောဆိုခြင်း မရှိခဲ့ကြဘူးလို့လည်း အိမ်အနီးအနားမှာ နေထိုင်သူအချို့က ဆိုပါတယ်။

ဒါပေမယ့်လည်း လက်ရှိအချိန်အထိ ကျူးလွန်သူတွေကို ဖမ်းဆီးနိုင်ခြင်းမရှိသေးပဲ အခုလို သတင်းထွက်ပေါ်လာခဲ့တဲ့အတွက် အက်ရှ်လေကိုးလ်အနေနဲ့ စိတ်ရှုပ်နေရပြီဖြစ်ကြောင်း အင်္ဂလန်သတင်းစာတွေမှာ ဖော်ပြနေကြပါတယ်။

ဒီဖြစ်ရပ်ဟာ ကိုးလ်အတွက် ပထမဆုံးအကြိမ်မဟုတ်ခဲ့ပဲ (၂၀၁၀) စက်တင်ဘာလတုန်းကလည်း သူ့ရဲ့နေအိမ်ကို ဖောက်ထွင်းသူတွေ ဝင်ရောက်ကာ ခိုးယူမှုနဲ့ ရင်ဆိုင်ခဲ့ရပါသေးတယ်။

အက်ရှ်လေကိုးလ်ဟာ လက်ရှိအချိန်မှာ ချယ်လ်ဆီးအကယ်ဒမီအသင်းရဲ့နည်းပြတစ်ယောက်အဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်ပြီး TV အစီအစဉ်တင်ဆက်သူ တစ်ယောက်အဖြစ်လည်း လုပ်ကိုင်နေသူဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly