နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွင် ရွေ့လျားမဲရုံ စနစ်ဖြင့် မဲပေးနိုင်ရန် စီစဉ်

နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွင် ရွေ့လျားမဲရုံ စနစ်ဖြင့် မဲပေးနိုင်ရန် စီစဉ်

နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသရှိ မဲရုံများအား ဒေသခံ တိုင်းရင်းသားများ မဲပေးခွင့် လွယ်ကူစေရန် ရွေ့လျား မဲရုံစနစ်ဖြင့် မဲပေးနိုင်ရန် စီစဉ်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း စစ်ကိုင်တိုင်း ဒေသကြီး ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးမှ သိရသည်။

နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသသည် တောင်ပေါ်ဒေသ ဖြစ်သည့်အတွက် ရွံ့နွံဗွက်များဖြင့် သွားလာရခက်ခဲပြီး မဲပေးပိုင်ခွင့် အချိန်အတွက် လာရောက် မဲပေးနိုင်ရန် ခက်ခဲနိုင်သဖြင့် ယင်းသို့ ရွေ့လျား မဲရုံစနစ်ဖြင့် ဆောင်ရွက်ပေးခြင်းဟု ဆိုသည်။

" မိုင်က မဝေးဘူးဆိုပေမဲ့ တောင်ပေါ်ဒေသ ဖြစ်တဲ့အတွက် လာရောက် မဲပေးဖို့ ခက်ခဲပါတယ်၊ သက်မှတ်ချိန် အတွင်း လာရောက်မဲပေးနိုင်ဖို့ မလွယ်ကူတဲ့အတွက် ရွှေ့လျား မဲရုံစနစ်နဲ့ မဲပေးနိုင်ဖို့ စီစဉ်ဆောင်ရွက်ပေးခြင်း ဖြစ်ပါတယ်၊ မြို့နယ် ရွေးကောက်ပွဲကော်မရှင်နဲ့ ဒေသဆိုင်ရာ အုပ်ချုပ်ရေးတို့ ပူးပေါင်းဆောင်ရွက်တာ ဖြစ်ပါတယ် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကလည်း ခွင့်ပြုပေးခဲ့ပါတယ်” တိုင်းဒေသကြီး ရွေးကောက်ပွဲ ကေ်ာမရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးတင်ဦး ကပြောသည်။

ယင်းသို့ ရွှေ့လျား မဲရုံစနစ်ဖြင့် မဲပေးနိုင်ရန် ဆောင်ရွက်ရာတွင် ပါတီ အသီးသီးမှ ကိုယ်စားလှယ် လောင်းများ အနေဖြင့်လည်း လိုက်ပါ စောင့်ကြည့်နိုင်ကြောင်း၊ သက်ဆိုင်ရာ မဲရုံမှူးနှင့် မဲရုံ တာဝန်ရှိသူများမှ တစ်ရက်ကြိုတင် သွားရောက်ကာ နိုဝင်ဘာ (၈)ရက်နေ့တွင် အချိန်နှင့် တစ်ပြေးညီ မဲပေးနိုင်ရန်အတွက် ဆောင်ရွက်ပေးသွားမည် ဟုလည်း ဆိုသည်။

နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် လေရှီး၊ လဟယ်၊ နန်းယွန်း မြို့နယ်တို့ ရှိပြီး မဲရုံပေါင်း ၂၀၀ နှင့်  မဲဆန္ဒရှင် (၆)သောင်းကျော် ရှိကြောင်း တစ်ရွာနှင့် တစ်ရွာ သွားလာရာတွင် တစ်ရက်ကြာမျှ သွားလာ ရကြောင်း သိရသည်။

အဆိုပါ နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွင် လာမည့် အထွေထွေ ရွေးကောက်ပွဲအတွက် ပါဝင် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်များမှာ NLD ပါတီ နှင့် ပြည်ခိုင်ဖြိုး ပါတီတို့သာ ဝင်ရောက် ရွေးချယ်ခံ သွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags