တရုတ်နိုင်ငံ Lockdown ကြောင့် လူပေါင်း ခုနစ်သိန်းထက်မနည်း COVID-19 ကူးစက်ခံရမှုမှ ကာကွယ်ပေးနိုင်ခဲ့

တရုတ်နိုင်ငံ Lockdown ကြောင့် လူပေါင်း ခုနစ်သိန်းထက်မနည်း COVID-19 ကူးစက်ခံရမှုမှ ကာကွယ်ပေးနိုင်ခဲ့

ဧပြီ ၁

COVID-19 စတင်ဖြစ်ပွားခဲ့တဲ့ ဗဟိုချက် ဝူဟန်မြို့ကို  Lockdown ချမှတ်ခဲ့တဲ့ တရုတ်အစိုးရရဲ့ဆုံးဖြတ်ချက်ဟာ ကိုရိုနာဗိုင်းရပ်စ်ပြန့်ပွားမှုကို နှေးကွေးစေခဲ့ပြီး လူပေါင်း အနည်းဆုံး  ၇၀၀ ၀၀၀ ခန့်ကို ရောဂါကူးစက်ခံရမှုကနေ ကာကွယ်ပေးနိုင်ခဲ့တယ်လို့ သုတေသနပညာရှင်တွေက မတ်လ ၃၁ ရက်မှာ ပြောလိုက်ပါတယ်။

ရောဂါစတင်ဖြစ်ပွားခဲ့တဲ့ ပထမ ရက် ၅၀ အတွင်း ပြင်းထန်ပြီးထိရောက်မှုရှိတဲ့ တရုတ်တို့ရဲ့ကန့်သတ်ချက်အစီအမံတွေကြောင့် ကမ္ဘာ့နိုင်ငံတွေဟာ ကိုယ်တိုင် ကန့်သတ်ပိတ်ပင်မှုတွေလုပ်ဖို့ ကြိုတင်ပြင်ဆင်ချိန် ရခဲ့တဲ့အကြောင်း သုတေသနဂျာနယ်ထဲမှာ တရုတ်၊ အမေရိကန်နဲ့ ယူကေ က သုတေသနပညာရှင်တွေက ရေးသားခဲ့ကြပါတယ်။

ရောဂါကူးစက်ပြီး ရက် ၅၀ အကြာ ဖေဖော်ဝါရီ ၁၉ မှာ တရုတ်နိုင်ငံအတွင်း COVID-19 ကူးစက်ခံရသူ ၃၀ ၀၀၀ လောက်ရှိခဲ့တယ်လို့ စာရေးသူ အောက်စ်ဖို့ဒ်က သုတေသနပညာရှင်  Christopher Dye က ပြောပါတယ်။

“ကျွန်တော်တို့ရဲ့ လေ့လာချက်တွေအရ ဝူဟန်မြို့ကသာ အသွားအလာတွေမကန့်သတ်ဘူး နိုင်ငံကလည်း အရေးပေါ်ကြေညာချက်တွေ မထုတ်ပြန်ဘူးဆိုရင် ဝူဟန်မြို့ပြင်ပမှာ အဲဒီအချိန်လောက်က လူပေါင်း ၇၀၀ ၀၀၀ ထက်မနည်း ဗိုင်းရပ်စ်ကူးစက်ခံနေရပါပြီ၊ တရုတ်အစိုးရရဲ့ ထိန်းချုပ်ကန့်သတ်တဲ့စီမံချက်ကြောင့် ရောဂါကူးစက်မှုကွင်းဆက်ကို အောင်အောင်မြင်မြင်နဲ့ ဖြတ်တောက်နိုင်ခဲ့ပြီး အလုပ်ဖြစ်ခဲ့ပါတယ်” လို့ ရေသားဖော်ပြခဲ့ပါတယ်။

သုတေသနပညာရှင်တွေဟာ ဗိုင်းရပ်ပျံ့နှံ့မှုကို စုံစမ်းစစ်ဆေးဖို့  ပြည်သူတွေဆီက ကျန်းမာရေးဆိုင်ရာအချက်အလက်တွေနဲ့ မိုဘိုင်းဖုန်းတည်နေရာတွေကို ခြေရာခံလုပ်ဆောင်ခဲ့ကြတာဖြစ်ပါတယ်။

 သုတေသနပညာရှင်တွေအနေနဲ့ နွေဦးပွဲတော်နဲ့ တရုတ်နှစ်သစ်ကူးအားလပ်ရက်အတွင်းက ဆဲလ်ဖုန်းအချက်အလက်တွေနဲ့အတူ ရောဂါကူးစက်ပြန့်ပွားစဉ်အချိန် ဝူဟန်မြို့အဝင်အထွက်တွေကို နှိုင်းယှဉ်လေ့ လာခဲ့ကြတဲ့အကြောင်း  Penn ပြည်နယ်မှ ဇီဝဗေဒပါမောက္ခ Ottar Bjornstat က  ပြောပါတယ်။

“၂၀၂၀ ခုနှစ် ဇန်နဝါရီ ၂၃ ရက်မှာ ခရီးသွားလာခွင့်ကန့်သတ်ပြီးနောက်ပိုင်း အသွားအလာတွေ သိသိသာသာ လျော့နည်းခဲ့ပြီး တရုတ်နိုင်ငံက တခြားမြို့တွေမှာလည်း ကူးစက်မှုတွေ လျော့ကျသွားတာကို တွက် ချက်နိုင်ခဲ့တယ်” လို့ Bjornstat  က ဆိုပါတယ်။

တရုတ်နိုင်ငံမှာ လူဦးရေထက်ဝက်ခန့်ကို အိမ်ထဲမှာနေကြဖို့ မှာထားပြီး အသွားအလာကန့်သတ်မှုတွေကိုလည်း အလျင်အမြန် ဖြေလျော့ပေးလာပြီဖြစ်ပါတယ်။

တရုတ်နိုင်ငံမှာ COVID-19 ကြောင့် သေဆုံးသူ ၃၃၀၀ ခန့်ရှိခဲ့ပြီး ကူးစက်ခံရသူတွေထဲက  ၇၆ ၀၀၀ ကျော်ဟာ ကျန်းမာရေးပြန်လည်ကောင်းမွန်လာပြီလို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly