COVID-19 ဂယက်ကြောင့် ထိုင်းခရီးသွားလုပ်ငန်းထဲက ဆင်တွေ အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရဟု ဆို

COVID-19 ဂယက်ကြောင့် ထိုင်းခရီးသွားလုပ်ငန်းထဲက ဆင်တွေ အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရဟု ဆို

မတ် ၃၁

ထိုင်းနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် (COVID-19) ကူးစက်ဖြစ်ပွားမှုကြောင့် ခရီးသွားဝင်ရောက်မှု လျော့နည်းလာခဲ့တဲ့အတွက် ယင်းနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းထဲက ဆင်တွေဟာလည်း အကျပ်အတည်းနဲ့ ရင်ဆိုင်နေရပြီ ဆိုပြီး တိရစ္ဆာန်အခွင့်အရေး လှုပ်ရှားသူတွေက သတိပေးလျက် ရှိပါတယ်။

အစာရေစာ ၀၀လင်လင် မစားရဘဲ နာရီများစွာ ထူးခတ်ခံထားရပြီး ထိုင်းခရီးသွားလုပ်ငန်းထဲက အသုံးချခံ ဆင်တွေအနေနဲ့ လက်ရှိ အခြေအနေတွေကြောင့် အစာရေစာ ငတ်ပြတ်သွားနိုင်တာ၊ တိရစ္ဆာန်ရုံတွေဆီ ရောင်းချခံရ နိုင်တာ ဒါမှမဟုတ် တရားမဝင် သစ်ထုတ်လုပ်မှု လုပ်ငန်းထဲ ပြောင်းရွှေ့ခံရနိုင်တာ စတဲ့ အခြေအနေတွေနဲ့ ကြုံရနိုင်တယ်လို့ တိရစ္ဆာန်အခွင့်အရေး လှုပ်ရှားသူတွေက သတိပေးသွားခဲ့ပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု မတိုင်မီကတည်းက ယင်းနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းထဲက  ဆင်ကောင်ရေ ၂,၀၀၀ လောက်ဟာ ဖိစီးမှုတွေနဲ့ ကြုံတွေ့ထားခဲ့ရပြီးဖြစ်ပါတယ်။ ဝင်ငွေဖြစ်ထွန်းရရှိတဲ့ တိရစ္ဆာန် စွမ်းရည်ပြပွဲတွေမှာ ပြ ကွက်ဆန်းတွေ တင်ဆက်ပြသစေဖို့၊ ခရီးသွားတွေ တင်ဆောင်သွားလာစေဖို့အတွက် ဆင်တွေကို ခိုင်းစေရာမှာ တစ်ခါတစ်ရံမှာ ကြမ်းတမ်းတဲ့ နည်းလမ်းတွေ အသုံးပြုတာတွေလည်း ရှိခဲ့ပါတယ်။

လက်ရှိကာလ ကမ္ဘာ့ခရီးသွားလုပ်ငန်းမှာ ထိခိုက်မှုတွေ ဖြစ်လာတာနဲ့အတူ ဆင်တွေဟာလည်း ယင်းတို့ တစ်နေ့တာ ရှင်သန်ဖို့ လိုအပ်တဲ့ အစားအစာ ၃၀၀ ကီလိုဂရမ် (ပေါင် ၆၆၀) အပါအဝင် လိုအပ်တဲ့ စရိတ်စကအတွက် ဝင် ငွေ ရှာဖွေပေးနိုင်စွမ်း မရှိရှာတော့ပါဘူး။

ဒါကြောင့််မို့ အရေးပေါ် ငွေကြေး ထောက်ကူမှု မရပါက ဆင်တွေအနေနဲ့ ဆာလောင်မွတ်သိပ်မှု၊  နည်းလမ်းသစ်နဲ့ အသုံးချခံရနိုင်မှု စတဲ့ ခြိမ်းခြောက်မှုတွေနဲ့ ရှေ့မှာ ရင်ဆိုင်သွားရနိုင်တယ်ဆိုပြီး ဆင် စခန်းတွေနဲ့ ဆင် ထိန်း သိမ်းစောင့်ရှောက်သူတွေက သတိပေးလာခဲ့ကြပါတယ်။

“ကျွန်တော့်သူဌေးဆို သူတတ်နိုင်သလောက် လုပ်နေတာပါပဲ၊ ဒါပေမယ့် ကျွန်တော်တို့မှ ခုဆိုပိုက်ဆံ မရှိတော့ပါဘူး” ဟု ချင်းမိုင် ဆင်စခန်းတစ်ခုမှ ဆင်ထိန်းတစ်ဦးဖြစ်တဲ့ ကိုဆင်က ပြောပါတယ်။

လက်ရှိကာလတွင် ကိုရိုနာဗိုင်းရပ်စ်က ထိုင်းခရီးသွားလုပ်ငန်းကို ထိခိုက်စေခဲ့ပြီးနောက် ဆင်ကောင်ရေ ၂,၀၀၀ ခန့်လည်း လက်တလော အလုပ်လက်မဲ့ဖြစ်နေတယ်လို့ ထိုင်း ဆင် ထိန်းသိမ်းစောင့်ရှောက်ရေးဆိုင်ရာ ပူးပေါင်း အဖွဲ့ရဲ့ ဥက္ကဌ တီရာပတ် ထရွန်ပရာကန် က ပြောပါတယ်။

ငွေ မရှိတဲ့အတွက်ကြောင့်လည်း ဆင်တွေကို ကျွေးလို့ရတဲ့ အစားအစာများကို အကန့်အသတ်ဖြစ်စေလျက် ရှိရာ ယင်းအတွက်ကြောင့် ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုတစ်ခုကို ဖြစ်စေခဲ့ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားပါတယ်။

တချိန်တည်းမှာလည်းပဲ ခရီးသွားလုပ်ငန်းထဲက ဆင်တွေကို ကြည့်ရှုစောင့်ရှောက်ရတဲ့ ဆင်ထိန်းတွေ ရတဲ့ လုပ်ခလစာတွေဟာလည်း ၇၀ ရာခိုင်နှုန်းလောက် ကျဆင်းသွားခဲ့တယ်လို့ သိရပါတယ်။

အလားတူ သစ် သယ်ယူပို့ဆောင်မှုတွေမှာ ဆင်တွေကို ခိုင်းစေမှုအပေါ် တားမြစ်ထားတဲ့ နှစ် ၃၀ ကြာ ဥပဒေတစ်ရပ်ကို ချိုးဖောက်ပြီး ဒီဆင်တွေကို ထိုင်း-မြန်မာ နယ်စပ်တလျှောက်က တရားမဝင် သစ်ထုတ်လုပ်ငန်းတွေမှာ အသုံးချခံရမယ့်အရေး စိုးရိမ်ပူပန်နေမိတယ်လို့ တီရာပတ်က ပြောသွားခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly