COVID-19 ကန့်သတ်ကာလအတွင်း အိမ်ထောင်ရှင်မများလိုက်နာရမည့်အချက်များကို ဝန်ကြီးရုံးမှညွှန်ကြား

COVID-19 ကန့်သတ်ကာလအတွင်း အိမ်ထောင်ရှင်မများလိုက်နာရမည့်အချက်များကို ဝန်ကြီးရုံးမှညွှန်ကြား

ကွာလာလမ်ပူ၊ ဧပြီ ၁

မလေးရှား အမျိုးသမီးနှင့်မိသားစုရေးရာဝန်ကြီးဌာနက COVID-19 ကြောင့် အသွားအလာကန့်သတ်ထားချိန်၌  နိုင်ငံအတွင်းရှိ အိမ်ထောင်ရှင်မများအား အိမ်၌ ကာတွန်းဇာတ်ကောင် ဒိုရေမီအသံဖြင့် စကားပြောဆိုခြင်းနှင့် မူပိုသော ရယ်သံဖြင့် ရယ်စေခြင်းအပါအဝင် ၎င်းတို့၏အိမ်သားများနှင့် ခင်ပွန်းများအား ထိန်းသိမ်းစီမံပုံနည်းလမ်းအချို့ကို ထုတ်ပြန်အကြံပြုလိုက်သည်။

ဇနီးမောင်နှံအကြား အိမ်တွင်းအငြင်းပွားမှုများကို မဖြစ်စေရန် ရည်ရွယ်ပြီး အကြံပြုချက်များစွာကို Facebook နှင့် Instagram ကဲ့သို့သော လူမှုမီဒီယာမှတစ်ဆင့် မတ်လ (၃၀) ရက်က ကြေညာခဲ့ခြင်းဖြစ်သည်။

ခင်ပွန်းဖြစ်သူက အိမ်အလုပ်တစ်ခုကို လုပ်ရာမှာ ဇနီးသည်အနေဖြင့် စိတ်တိုင်းမကျပါက နားပူနားဆာ မလုပ်ရန်နှင့် ဟာသမြောက်သည့် ပြောဆိုဟန်ဖြင့် သွန်သင်ပေးရန် ဝန်ကြီးဌာနက ရုပ်ပုံများနှင့်တကွ အကြံပြုခဲ့သည်။

အိမ်ထောင်ရှင်မများအနေဖြင့် ဒိုရေမီကာတွန်းဇာတ်ကောင်အသံအတိုင်း ရှက်ကိုးရှက်ကန်း ရယ်သံလေးများဖြင့် ပြောဆိုသင့်ကြောင်းလည်း အကြံပြုထားသည်။

ခင်ပွန်းသည်က အိမ်အလုပ်များကို မကူညီပါက ထေ့လုံးငေါ့လုံးများဖြင့် မပြောကြရန်လည်း ဂရက်ဖစ်ရုပ်ပုံဖြင့် သရုပ်ဖော်ပြသထားသည်။

“မဖြစ်မနေလုပ်ရမယ့်အလုပ်တွေ ပြီးမြောက်ဖို့ တချို့ကိစ္စတွေမှာ ခင်ပွန်းလုပ်ရမယ့်ရဲ့ တာဝန်ဝတ္တရားတွေကို ပြောပြပြီး အကူအညီတောင်းရမယ်၊ အချင်းချင်း အငြင်းပွားမှုတွေ အရှိန်မြင့်လာရင် သူ့ကို ပြန်မပြောခင် (၁) ကနေ (၂၀) အထိ ရေလိုက်ပါ၊  အဲဒီစက္ကန့် (၂၀) အချိန်အတွင်း ဆုံးဖြတ်ချက်ချနေချိန်မှာ ဦးနှောက်က စဉ်းစားချင့်ချိန်ပြီး တည်ငြိမ်လာလိမ့်မယ်” ဟု အိမ်ထောင်ရှင်မများအား ပြောပြထားသည်။

ထို့အပြင် အသွားအလာကန့်သတ်စဉ်ကာလအတွင်း အိမ်မှအလုပ်လုပ်သည့် မိခင်များအား စိတ်ကြည်လင်စေရန်အတွက် အိမ်နေရင်း အဝတ်အစားများ မဝတ်ရန်၊ ခါတိုင်းကဲ့သို့ ဖီးလိမ်းပြင်ဆင်ပြီး သပ်သပ်ရပ်ရပ်ဝတ်ဆင်ရန်၊ မီးဖိုချောင် ထမင်းစားပွဲနှင့် ဧည့်ခန်းတို့ကို သန့်ရှင်းသပ်ရပ်စွာထားရန် ညွှန်ကြားထားသည်။

မလေးရှားတွင် COVID-19  ထပ်မံပြန့်ပွားမှုကိုထိန်းချုပ်ရန် အသွားအလာကန့်သတ်အမိန့်ကို နောက်ထပ်နှစ်ပတ် ဧပြီ (၁၄) ရက်အထိ တိုးချဲ့မည်ဟု မတ်လ ၂၅ ရက်က ဝန်ကြီးချုပ် မူဟီဒင်ယာဆင်းက ကြေညာခဲ့ပြီး ရောဂါ ကူးစက်မှုကွင်းဆက်ကို ဖြတ်ရန် ပြည်သူများအား အိမ်ထဲ၌နေကြရန် မှာကြားခဲ့သည်။ အပြင်မထွက်ဘဲနေခြင်းသည် ကူးစက်မှုကို ထိန်းချုပ်ရန် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်ဟု ဝန်ကြီးချုပ်က ဆိုသည်။

ဝန်ကြီးဌာန၏ အိမ်ထောင်ရှင်အမျိုးသမီးများအပေါ် ထိုသို့ အကြံပြုချက်များကို အစိုးရမဟုတ်သောအဖွဲ့အစည်းတစ်ခုဖြစ်သည့် All Women’s Action Society (AWAM) က ပြင်းထန်စွာရှုတ်ချခဲ့သည်။

လူမှုမီဒီယာအသုံးပြုသူများက အဆိုပါအကြံပြုချက်များနှင့်ပတ်သက်၍ အလုပ်၌ သပ်သပ်ရပ်ရပ်ဝတ်ခြင်းသည် စည်းကမ်းလိုက်နာခြင်းသာဖြစ်ကြောင်း၊ အိမ်၌ ထိုသို့လုပ်ဆောင်ရန် မလိုကြောင်း၊ (၅) နှစ်အရွယ်ကလေး များ သာ ဒိုရေမီအသံဖြင့်ပြောကြပြီး မိခင်များအတွက်မလိုကြောင်း၊ အမျိုးသမီးများသည် သက်ရှိလူသားများဖြစ်ပြီး ရုပ်ဝတ္ထုအသုံးအဆောင်မဟုတ်ကြောင်း၊ ထိုသို့ဖိအားပေးအကြံပြုချက်များမပါဘဲနှင့်ကို ကန့်သတ်ကာလအတွင်းမှာ လိုအပ်သည်ထက် ပိုမိုထိန်းသိမ်းလုပ်ဆောင်ပြီးဖြစ်ကြောင်း မှတ်ချက်များ ပြန်လည်ရေးသားခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly