ထောင်ထဲမှာ ဘောလုံးကို ဘောလီဘောလို ကစားနေတဲ့ ရော်နယ်ဒင်ဟိုရဲ့ ဗီဒီယိုဖိုင်

ထောင်ထဲမှာ ဘောလုံးကို ဘောလီဘောလို ကစားနေတဲ့ ရော်နယ်ဒင်ဟိုရဲ့ ဗီဒီယိုဖိုင်

ပတ်စ်ပို့အတု ကိုင်ဆောင်မှုနဲ့ ပါရာဂွေးအကျဉ်းထောင်မှာ ထောင်ကျနေတဲ့ ရော်နယ်ဒင်ဟိုကတော့ ထောင်ထဲမှာ ဘောလုံးကစားလိုက်၊ သောက်လိုက်၊ စားလိုက်နဲ့ အဆင်ပြေနေပုံပါပဲ။ အများဆုံး ထောင်(၆)လ လောက်အထိ ကျဖို့ရှိနေတဲ့ ရော်နယ်ဒင်ဟို ဟာ သူထောင်ထဲရောက်ပြီး ရက်ပိုင်းအတွင်းမှာပဲ ထောင်တွင်းဘောလုံးပြိုင်ပွဲကို အနိုင်ရရှိခဲ့ပြီး သူ့ရဲ့အားလပ်ချိန်တော်တော်များများကို ဘောလုံးနဲ့ပဲ အချိန်ကုန်နေခဲ့တာပါ။

အခုလည်း တစ်ဖက်ကို နှစ်ယောက်နဲ့ ဘောလုံးကို ဘောလီဘောလို ကစားနေတဲ့ ရော်နယ်ဒင်ဟိုကို တွစ်တာပေါ်က ဗီဒီယိုဖိုင်တစ်ခုမှာ တွေ့ခဲ့ရပြန်ပါတယ်။

အဲဒီ ဗီဒီယိုထဲမှာတော့ ရော်နယ်ဒင်ဟိုနဲ့ သူ့ရဲ့အသင်းဖော်တစ်ယောက်က ပြိုင်ဖက်အသင်းကို ဘယ်လိုမှ မယှဉ်နိုင်အောင် ကစားပြထားပြီး သူတို့ချည်းပဲ အမှတ်တွေ တောက်လျှောက်ရနေခဲ့တာကို တွေ့နေရတာပါ။

ဒီ ဗီဒီယိုက ကြည့်ရှုသူ တစ်သန်းကျော်ရှိနေပြီး ရော်နယ်ဒင်ဟိုရဲ့  ပရိသတ်တွေကတော့ သူတို့ရဲ့ အချစ်တော်ကစားသမားကြီး ဒီလိုနေရာမျိုးမှာ ရှိနေတာကို စိတ်မကောင်းဖြစ်နေကြပါတယ်။

အသက် (၄၀)အရွယ် ရှိနေပြီဖြစ်တဲ့ ဘောလုံးသမားကြီးကတော့ သူရောက်နေတဲ့နေရာမှာ ပျော်ပျော်ရွှင်ရွှင်ပဲ ရှိနေပုံပါ။ သူက ဘယ်လိုနေရာကိုပဲ ရောက်ရောက် ဘောလုံးကစားဖို့ကိုသာ ကြိုးစားနေတဲ့သူ တစ်ယောက်ဖြစ်တာမို့ အခုလို ဘောလုံးကစားပွဲတွေကို အားပေးတဲ့အကျဉ်းထောင်ဆီ ရောက်သွားတာ ကံကောင်းတယ်လို့တောင် ပြောရမလိုပါပဲ။

ဒါပေမယ့် ရော်နယ်ဒင်ဟိုကို ထောင်ထဲမှာ သွားရောက်တွေ့ဆုံခဲ့တဲ့ ပါရာဂွေးတိုက်စစ်မှူးဟောင်းကြီး နယ်လ်ဆန် ကွီဗက်စ်ကတော့ ရော်နယ်ဒင်ဟိုဟာ ထောင်ထဲမှာ တော်တော်လေး မပျော်မရွှင်ဖြစ်နေပုံကို တွေ့နေရပြီး သူ့ရဲ့ပြုံးနေကျအပြုံးကိုတောင် မတွေ့ခဲ့ရဘူး လို့ မီဒီယာတွေကို အသိပေးပါတယ်။

လက်ရှိအနေအထားအရတော့ ရော်နယ်ဒင်ဟို ကို ထောင်ထဲကနေ လွတ်အောင်လုပ်ဖို့ မလွယ်ကူတဲ့ အနေအထားမှာရှိနေတယ်လို့ သတင်းတွေက ဖော်ပြနေကြပြီး သူ့အနေနဲ့ ထောင်ထဲမှာ ပြစ်ဒဏ်ကျခံရတဲ့ကာလကို အပြည့်အဝ ရင်ဆိုင်သွားရဖို့ရှိနေတယ်လို့ သတင်းစာတွေက ရေးသားနေကြပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags