AA ကို ဆက်သွယ်ရင် မည်သူမဆို အရေးယူနိုင်ဟု ဗိုလ်ချုပ်ထွန်းထွန်းညီ ပြော

AA ကို ဆက်သွယ်ရင် မည်သူမဆို အရေးယူနိုင်ဟု ဗိုလ်ချုပ်ထွန်းထွန်းညီ ပြော
ဖမ်းဆီးခံထားရသည့် VOM မှ ကိုနေမျိုးလင်း (ပုံ- အောင်ကိုဦး မဇ္စျိမ)

ရခိုင့်တပ်ဖွဲ့(AA)ကို အကြမ်းဖက်အဖွဲ့အဖြစ် အစိုးရ ကြေညာထားသည့်အတွက် AA နှင့် ပတ်သက် ဆက်နွယ်သည့် မည်သူကိုမဆို အကြမ်းဖက်ဥပဒေနှင့် အရေးယူ နိုင်သည်ဟု တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ထွန်းထွန်းညီက မဇ္စျိမသို့ ပြောသည်။

AA ကို အကြမ်းဖက်အုပ်စုနှင့် မတရားအသင်းအဖြစ် အစိုးရက မတ်လ ၂၃ ရက်တွင် ကြေညာထားပြီးနောက် မန္တလေး အခြေစိုက် Voice of Myanmar (VOM) သတင်းဌာနသည် AA ၏ ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခနှင့် အင်တာဗျူး ပြုလုပ်ခဲ့သည့်အတွက် VOM မှ တာဝန်ရှိသူ ဦးနေမျိုးလင်းအား ၎င်း၏ နေအိမ်အတွင်းသို့ CID က ဝင်ရောက်ကာ မတ်လ ၃၀ ရက်ညမှာ ဖမ်းဆီးသွားသည်။

ဗိုလ်ချုပ်ထွန်းထွန်းညီက “အကြမ်ဖက်သမားနဲ့ အကြမ်းဖက်သမားဆိုတာက ပြည်သူလူထုကို ဒုက္ခပေးတဲ့လူတွေ ဖြစ်တဲ့ အတွက် ဒီလူတွေနဲ့ ပတ်သက် ဆက်ဆံမှု မရှိအောင်လို့ ဥပဒေ ထုတ်ပြန်ပေးထားတာ ဒီအပေါ်မှာ မလိုက်နာလို့ရှိရင်တော့ ဥပဒေက အရေးယူ ဘယ်သူမဆို အရေးယူမှာဘဲလေ”ဟု ဆိုသည်။

VOM မှ တာဝန်ရှိသူ ဦးနေမျိုးလင်း ဖမ်းဆီးခံရမှုနှင့် ပတ်သက်ပြီး တပ်မတော်မှ ဖမ်းဆီးရန် ညွန်ကြားမှုမရှိကြောင်း၊ သို့သော် ဥပဒေက လုပ်ရမည့် အလုပ်ကို လုပ်ခြင်းသာ ဖြစ်ကြောင်း ၎င်းက ပြောသည်။

ဗိုလ်ချုပ်ထွန်းထွန်းညီက  “ ဥပဒေအရ ဥပဒေက Law Reformer က အဖွဲတွေ့က ဥပဒေအရ လုပ်တဲ့ကိစ္စက သူ့အလုပ် သူလုပ်တာပဲလေ၊ ဒါက သူ့အလုပ် သူလုပ်တာပဲ ဖြစ်ပါတယ်ဗျ”ဟု ပြောသည်။

VOM ရုံး အဆောက်အဦး အဝန်းတွင် တွေ့ရသော ရဲတပ်ဖွဲ့ဝင် တစ်ဦး (ပုံ- အောင်ကိုဦး မဇ္စျိမ)

ထို့နောက် ဗိုလ်ချုပ်ထွန်းထွန်းညီက နိုင်ငံတော်အစိုးရက ထုတ်ပြန်ထားသည့် ကိစ္စသည် နိုင်ငံသားတိုင်း လိုက်နာ ဆောင် ရွက်ရမှာ ဖြစ်ပြီး ထုတ်ပြန်ထားသည့် ဥပဒေနှင့် မကိုက်ညီသည့် မည်သူကိုမဆို ဥပဒေစိုးမိုးရေးအဖွဲ့က အရေးယူမှုများ ရှိလာ နိုင်သည်ဟု ဆိုသည်။

ဗိုလ်ချုပ်ထွန်းထွန်းညီက “အချုပ်အခြာပိုင်တဲ့ နိုင်ငံတော်အစိုးရက ထုတ်ပြန်ထားတဲ့ကိစ္စ နိုင်ငံသားတိုင်းရော လိုက်နာရ မယ့်ကိစ္စ ပြီးရင် နိုင်ငံတော်မှာ တာဝန်ရှိနေတဲ့ တရားဥပဒေစိုးမိုးရေးအဖွဲ့တွေက ဒီဥပဒေအတိုင်းကို လိုက်နာမှု ရှိအောင် ဆောင်ရွက်ရမယ့်ကိစ္စ ဒါက ထူးဆန်းတဲ့ ကိစ္စတော့ မဟုတ်ပါဘူးဗျ” ဟု ပြောသည်။

လက်ရှိတွင် AA နှင့် အင်တာဗျူး လုပ်ခဲ့သူ ကိုနေမျိုးလင်းကို မန္တလေးတိုင်းဒေသကြီး သတင်းတပ်ဖွဲ့ ဒုရဲမှူးကြီး ခင်မောင် ဝင်းက တရားလိုပြုလုပ်ကာ အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေ ၅၀(က)၊ ၅၂(က) တို့ဖြင့် အမှုဖွင့်ကာ မန္တလေးတိုင်း ဒေသကြီး၊ ချမ်းမြသာစည်မြို ့နယ် အမှတ် (၁၀) ရဲစခန်းတွင် ဖမ်းဆီးထားကြောင်း သိရသည်။

ဗိုလ်ချုပ်ထွန်းထွန်းညီက အကြမ်းဖက်သမားများနှင့် ပတ်သက်၍ သတင်းစာ ရှင်းလင်းပွဲများတွင်လည်း  ပြောထားပြီဖြစ်ပြီး မြန်မာနိုင်ငံအတွင်းရှိ မည်သူမဆို တည်ဆဲဥပဒေအားလုံးကို လိုက်နာ ဆောင်ရွက်ရမည်ဟု ဆိုသည်။

AA ကို အစိုးရက အကြမ်းဖက် တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၆ ၊ ပုဒ်မခွဲ(င)နှင့် ပုဒ်မ ၇၂ ၊ ပုဒ်မခွဲ(ခ)ပါလုပ်ပိုင် ခွင့်ကို ကျင့်သုံး ၍ အကြမ်းဖက်အုပ်စုအဖြစ် သတ်မှတ်ကြောင်းနှင့် မတရားအသင်းအက်ဥပဒေ ပုဒ်မ ၁၅ အရလည်း မတရားအသင်းအဖြစ် သတ်မှတ်ကြောင်း၂၀၂၀ ခုနှစ်၊မတ်လ ၂၃ ရက်က ကြေညာခဲ့သည်။

ထိုအကြမ်းဖက် တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀(က)ပါ ပြဋ္ဌာန်းချက်များကို ကျူးလွန်မိပါက မည်သူမဆို အနည်းဆုံး ထောင်ဒဏ် ၁၀ နှစ်မှ အများဆုံး ထောင်ဒဏ် တစ်သက်အထိ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း  ချမှတ်နိုင်သည်ဟု ပြဋ္ဌာန်းထားသလို ပုဒ်မ ပုဒ်မ ၅၂(က)ပါ ပြဋ္ဌာန်းချက်များကို ကျူးလွန်မိပါက မည်သူမဆို အနည်းဆုံး ထောင်ဒဏ် ၃ နှစ်မှ အများဆုံး ထောင်ဒဏ် ၇ နှစ်အထိ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်ဟု ပြဋ္ဌာန်းထားသည်။

အဆိုပါ အကြမ်းဖက် တိုက်ဖျက်ရေးဥပဒေကို ၂၀၁၄ ခုနှစ်၊ဇွန်လ ၄ ရက်က ပြည်ထောင်စုလွှတ်တော်မှ အတည်ပြု ပြဋ္ဌာန်းထားသည်။

ပုဒ်မ ၅၀(က)  ပုဒ်မ ၃၊ ပုဒ်မခွဲ(ခ)၊ ပုဒ်မခွဲငယ် (၁၀)၊ (၁၃)၊ (၁၄) တို့တွင် ပါရှိသော ပြုလုပ်မှုများ ဟု ဆိုထားသည်။ 

ချမ်းမြသာစည်မြို ့နယ်တရားရုံးရှေ ့မှာ ဖမ်းဆီးခံ ကိုနေမျိုးလင်း တရားရုံးမှ ထွက်အလာကို စောင့်နေကြသူများ (ပုံ- အောင်ကိုဦး မဇ္စျိမ)

ထို့ကြောင့်  ပုဒ်မ ၃ ၊ ပုဒ်မခွဲ(ခ) အောက်ပါ ပုဒ်မခွဲငယ် (၁၀)၊ (၁၃) ၊ (၁၄) ပြဋ္ဌာန်းချက်များမှာ အောက်ပါ အတိုင်းဖြစ် ပါသည်။

(၁ဝ) အများပြည်သူ၏ လုံခြုံရေးကိုဖြစ်စေ၊ အသက်အိုးအိမ် စည်းစိမ်ကို ဖြစ်စေ၊ အများပြည်သူ သို့မဟုတ် တစ်ဦး တစ်ယောက်အတွက် အရေးကြီးသော အခြေခံ အဆောက်အအုံများကိုဖြစ်စေ၊ နိုင်ငံပိုင် အဆောက် အအုံ၊ ယာဉ်၊ စက်ပစ္စည်း ကိရိယာနှင့် အသုံးအဆောင် ပစ္စည်းများကိုဖြစ်စေ ပြင်းထန်စွာ ထိခိုက်ဆုံးရှုံး စေရန် ပြုလုပ်မှုများ၊

(၁၃) အများပြည်သူအတွင်း ထိတ်လန့်ကြောက်ရွံ့မှုဖြစ် ပေါ်စေခြင်း၊ အစိုးရ သို့မဟုတ် ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်း တစ်ခုခုအား ဥပဒေနှင့်မညီသည့် လုပ်ရပ် တစ်ခုကို အတင်းအကျပ်ပြုလုပ်စေခြင်း သို့မဟုတ် ဥပဒေနှင့်အညီ ပြုလုပ်ရမည့် ကို မပြုလုပ်ဘဲ ရှောင်ရှားစေခြင်းတို့ကို ရည်ရွယ်၍ အရပ်သားကိုဖြစ်စေ၊ လက်နက်ကိုင် ပဋိပက္ခတိုက်ပွဲဖြစ်နေသည့် အခြေ အနေတွင် စစ်ပြိုင်မှု၌ ပါဝင်တိုက်ခိုက်ခြင်း မရှိသည့် အခြားသူတစ်ဦးဦးကိုဖြစ်စေ သေစေရန် သို့မဟုတ် အပြင်းအထန် နာကျင်စေရန်နှင့် အခြားပြုလုပ်မှုများ၊

( ၁၄) အကြမ်းဖက်ရန် ရည်ရွယ်ချက်ဖြင့် အများပြည်သူ၏ ကျန်းမာရေးကိုဖြစ်စေ၊ ဘေးကင်းရေး ကိုဖြစ်စေ၊ သဘာဝ ပတ်ဝန်းကျင်ကိုဖြစ်စေ ဆိုးရွားစွာထိခိုက် စေသည့် အကြမ်းဖက်မှုများ။
ထို့ပြင် ပုဒ်မ ၅၂(က) တွင် ပုဒ်မ ၃ ၊ ပုဒ်မခွဲ(ခ) အောက်ပါ ပုဒ်မခွဲငယ်(၁၆)မှ (၁၈) အထိ ပါရှိသော ပြုလုပ်မှုများဟု ဆိုထား သည်။

ပုဒ်မ ၃ ၊ ပုဒ်မခွဲ(ခ)၊ ပုဒ်မခွဲငယ်(၁၆)မှ (၁၈) ပြဋ္ဌာန်းချက်များမှာ အောက်ပါတိုင်းဖြစ်ပါသည်။

(၁၆) အကြမ်းဖက်အုပ်စုဖွဲ့စည်းရန်၊ အကြမ်းဖက်အုပ်စု တစ်ခုခုတွင် သိလျက်နှင့် ပါဝင်ဆောင်ရွက်ရန်၊ တာဝန် ပေး၍ လှုပ်ရှားဆောင်ရွက်စေရန် ပြုလုပ်မှုများ၊

( ၁၇) အကြမ်းဖက်သမားကိုဖြစ်စေ၊ အကြမ်းဖက်အုပ်စု တစ်ခုခု၏ အဖွဲ့ဝင်ကိုဖြစ်စေ ဖမ်းဆီး၍ အရေးယူ ခြင်းမပြုနိုင်စေရန် သို့မဟုတ် လွတ်မြောက်စေရန် အလို့ငှာ ထိမ်ချန်ခြင်း သို့မဟုတ် သိလျက်နှင့် ခိုလှုံ ခွင့်ပေးခြင်း၊ ပုန်းအောင်းခွင့်ပေးခြင်း၊ ယာယီတည်းခို နေထိုင်ခွင့်ပေးခြင်း သို့မဟုတ် ဝှက်ထားခြင်းပြုလုပ် မှုများ၊

( ၁၈) အကြမ်းဖက်သမားကိုဖြစ်စေ၊ အကြမ်းဖက်အုပ်စု တစ်ခုခု၏အဖွဲ့ဝင်ကိုဖြစ်စေ အဆောက်အအုံနှင့် နေရာတစ်ခုခုကို အသုံးပြုခွင့်၊ စုဝေးခွင့်၊ အစည်း အဝေးပြု လုပ်ခွင့်ပေးရန်၊ အကြမ်းဖက်မှုဆိုင်ရာ လေ့ကျင့်သင်တန်းပေးရန် သို့မဟုတ် သယ်ယူပို့ဆောင် ရေး စီစဉ်ဆောင်ရွက်ပေးရန် ပြုလုပ်မှုများ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly