AA အဖွဲ့ကို ဆက်သွယ်သတင်းထုတ်လွှင့်ခဲ့သည့် VOM သတင်းဌာန၏ အယ်ဒီတာချုပ် ကိုနေမျိုးလင်းကို ချမ်းမြသာစည်တရားရုံး၌ ရမာန်ယူ

AA အဖွဲ့ကို ဆက်သွယ်သတင်းထုတ်လွှင့်ခဲ့သည့် VOM သတင်းဌာန၏ အယ်ဒီတာချုပ် ကိုနေမျိုးလင်းကို ချမ်းမြသာစည်တရားရုံး၌ ရမာန်ယူ
ဓာတ်ပုံ - အောင်ကိုဦး / မဇ္ဈိမ

မတ် ၃၁

ရခိုင် AA အဖွဲ့ကို ဆက်သွယ်သတင်းထုတ်လွှင့်ခဲ့သည့် VOM (Voice of Myanmar)သတင်းဌာန၏ အယ်ဒီတာချုပ် ကိုနေမျိုးလင်းကို ယနေ့(မတ် ၃၁ ရက်)နံနက် ၁၀ နာရီက ချမ်းမြသာစည်တရားရုံးတွင် ချုပ်ရက် ရ မာန်ယူခဲ့သည်။

ရဲတပ်ဖွဲ့၏ ချုပ်ရက်ရမာန်ယူခဲ့သည့်အပေါ် တရားရုံးက မတ်လ ၃၀ ရက်နေ့မှဧပြီလ ၉ရက်နေ့အထိ ချုပ်ရမာန် ပေးထားသည်။

မတ်လ ၂၇ရက်နေ့က "ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကတော့ ရပ်တန့်သွားပြီ"ခေါင်းစဉ်ဖြင့် AA  အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခနှင့်ဆက်သွယ်မေးမြန်း သတင်းရေးသားဖော်ပြ ခဲ့ မှု နှင့်ပတ်သက်ပြီး VOM သတင်းဌာန၊အယ်ဒီတာချုပ် ကိုနေလင်း(ခ)ကိုနေမျိုးလင်းကို မတ်လ ၃၀ရက် ညပိုင်း က ၎င်းရုံးခန်းတွင် မန္တလေးတိုင်းသတင်းရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးခဲ့ပြီး သတင်းရဲတပ်ဖွဲ့မှ ဒုရဲမှူးကြီး ခင် မောင်ဝင်းက အမှတ် (၁၀) ရဲစခန်းတွင် တရားလိုပြုလုပ်ကာ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(က)၊ ၅၂(က)ဖြင့် အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။

ဓာတ်ပုံ - အောင်ကိုဦး / မဇ္ဈိမ

"ဒီအမှုနဲ့ပတ်သက်ပြီးတော့ ဒီကနေ့ ဦးနေလင်း(ခေါ်)နေမျိုးလင်းကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀ (က)နဲ့၅၂(က)အရ ချမ်းမြသာစည်မြို့နယ်၊အမှတ်(၁၀)မြို့မရဲစခန်းကနေပြီးတော့ ချုပ်မိန့်တောင်းခံတဲ့အတွက် ချုပ်မိန့်ပေးထားတယ်။"ဟု ချမ်းမြသာစည်မြို့နယ်တရားရုံး၊ပြန်ကြားရေးအရာရှိ မြို့နယ်တရားသူကြီး ဦးကျော် စွာလင်းက ပြောသည်။

သတင်းရဲတပ်ဖွဲ့ VOM သတင်းဌာနရုံးခန်းကို ယနေ့ မတ်လ ၃၁ ရက်တွင် ဝင်ရောက်စစ်ဆေးခဲ့ပြီး လက်တော့ ကွန်ပျူတာအပါအဝင် ဆက်စပ်ပစ္စည်းအချို့ကို သိမ်းဆည်းသွားကြောင်းလည်း သိရသည်။

ဓာတ်ပုံ - အောင်ကိုဦး / မဇ္ဈိမ

"အခု ဖွင့်ထားတဲ့ပုဒ်မတွေက သတင်းသမားနဲ့ဘာမှမပတ်သက်ဘူး။ဒါဟာ မဖြစ်သင့်ဘူး။"ဟု ကိုနေမျိုးလင်း၏ ဇနီးဖြစ်သူ မဇာနည်မာန်က ပြောသည်။

လက်ရှိတွင် သတင်းမီဒီယာကောင်စီထံသို့ အကြောင်းကြားထားပြီး ၎င်းကောင်စီအနေဖြင့် သက်ဆိုင်ရာ အဖွဲ့အစည်းများဖြင့် ချိတ်ဆက်ဆောင်ရွက်လိမ့်မည်ဟု ယုံကြည်ကြောင်းလည်း မဇာနည်မာန်က ဆိုသည်။

အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(က)သည် အနည်းဆုံး ထောင်ဒဏ် ၁၀နှစ်မှ တစ်သက်တစ်ကျွန်း ထိ ချမှတ်နိုင်ပြီ ၅၂(က)သည် အနည်းဆုံး ထောင်ဒဏ် (၃)နှစ်မှ ထောင်ဒဏ် (၇) နှစ်အထိ ချမှတ်နိုင်ကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly