ကိုရိုနာဗိုင်းရပ်စ်(COVID-19)အတွက် မြိတ်ဒေသခံများထံမှအလှူငွေကျပ်သိန်း ၁၄၀ ကျော်ရရှိထား

ကိုရိုနာဗိုင်းရပ်စ်(COVID-19)အတွက် မြိတ်ဒေသခံများထံမှအလှူငွေကျပ်သိန်း ၁၄၀ ကျော်ရရှိထား
ဓာတ်ပုံ - ဒီမိုးသွေး (မြိတ်)

မြိတ်၊ မတ် (၃၁)

မြိတ်မြို့တွင် ကိုရိုနာဗိုင်းရပ်စ်(COVID-19)ကာကွယ်ရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် အရပ်ဖက်ပူး ပေါင်းကော်မတီ၏အဖွဲ့စည်း ၅၁ ခုမှ စုပေါင်းထည့်ဝင်မတည်ငွေနှင့် ဒေသခံပြည်သူများ၏ အလှူငွေများအပါဝင် စုစုပေါင်းငွေကျပ်သိန်း ၁၄၀ ကျော်ကို လက်ခံရရှိထားကြောင်း သိရသည်။

လက်ရှိတွင် ကာကွယ်ရေးလုပ်ငန်းများအတွက် မြိတ်ဒေသခံများအနေဖြင့် အလှူငွေများ ဆက်သွယ်လာရောက် လှူဒါန်း နေကြောင်းလည်း သိရသည်။

မြိတ်ခရိုင်တွင် ကိုရိုနာဗိုင်းရပ်စ်(ကိုဗစ်-၁၉)ကာကွယ်ရေး မြိတ်အခြေစိုက်ပရဟိတ အဖွဲ့စည်း ၅၁ ခုက အရပ်ဖက်ပူးပေါင်းကော်မတီကို  မတ်လ ၁၉ ရက်နေ့က ပူးပေါင်းဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

ဓာတ်ပုံ - ဒီမိုးသွေး (မြိတ်)

“ကျွန်တော်တို့ ဒီကော်မတီကို အလှူခံဖို့ ဖွဲ့စည်းခဲ့တာ မဟုတ်ပါဘူး။လူသားမျိုးနွယ်တစ်ရပ်လုံးကို ခြိမ်းခြောက် နေတဲ့ဗိုင်းရပ်ကို ပြည်သူတွေထံ အသိပညာပေးလှုပ်ရှားဖို့အတွက် မတည်ငွေနဲ့စခဲ့တာ ဖြစ်တယ်”လို့ မြိတ်ခရိုင် ကိုရိုနာဗိုင်းရပ်စ် (ကိုဗစ်-၁၉) ကာကွယ်ရေး အရပ်ဖက်ပူးပေါင်းကော်မတီ၏ နာယက/ စာရင်းကိုင် ဦးထွန်းမင်းက ပြောကြားသည်။

လက်ရှိမှာ အလှူငွေကျပ်သိန်း ၁၄၀ ကျော်အနက် သိန်း ၆၀ ကျော်နီးပါးကို (ကိုဗစ်-၁၉) ကာကွယ် ရေးလုပ်ငန်းများ ဖြစ်သည့် လက်ဆေးဘေစင်၊ PPE ဝတ်စုံများ၊ Mask များ၊ Thermometer စက်များ၊လက်ကမ်း စာစောင်နှင့်ပိုစတာများကို ဝေငှခြင်းများပြုလုပ်နေသည့်အြပင် စစ်ဆေးရေးဂိတ်များတွင် အင်အားဖြည့် ပူးပေါင်း ပါဝင်နေသော စေတနာ့ဝန်ထမ်းများ၊  ဆေးရုံကြီးတွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများအား စားရေး၊ သောက်ရေးတို့အတွက် အခက်အခဲမရှိ ကူညီထောက်ပံ့ သုံးစွဲနေကြောင်း သိရသည်။

“ကျွန်တော်တို့ ပူးပေါင်းကော်မတီအနေနဲ့ ဒီက အခက်အခဲက လက်ရှိအချိန်အထိ ပြည်သူတွေ တချို့က အသိ ပညာ အားနည်းနေတာရှိပါတယ်။ ဒီအတွက်ကြောင့် ပြည်သူတွေ ကျန်မာရေးအသိပညာပေးတွေ များများ လုပ် ပေးနေပါတယ်”ဟု မြိတ်ခရိုင်၊ကိုရိုနာဗိုင်းရပ်စ်(COVID-19)ကာကွယ်ရေး အရပ်ဖက်ပူးပေါင်းကော်မတီ၏ အဖွဲ့ ဝင်တစ်ဦး ဖြစ်သူ ဦးမင်းလွင်ဦးက ပြောကြားသည်။

ဓာတ်ပုံ - ဒီမိုးသွေး (မြိတ်)

မြိတ်မြို့တွင် ကိုရိုနာဗိုင်းရပ်စ် (COVID-19) ကာကွယ်ရေးနှင့်ပတ်သက်၍ အရပ်ဖက်ပူးပေါင်းကော်မတီ၏ လှုပ်ရှားမှုကြောင့် ပြည်သူတွေအကြား အသိပညာပေးမှုများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်နေသော်လည်း တိုင်းအစိုးရ အဖွဲ့အနေဖြင့် ကူညီပံ့ပိုးပေးမှုများအားနည်းနေကြောင်း သိရသည်။

“ကျွန်တော်တို့ကို တိုင်းအစိုးရအဖွဲ့က အရပ်ဖက်အဖွဲ့စည်းတွေ လှုပ်ရှားမှုအားကောင်းတယ်ဆိုတဲ့ ချီးကျူး စကားပဲ ပြောတာရှိပါတယ်။ အမှန်တကယ် မြေပြင်မှာ အစိုးရအနေနဲ့ကူညီမှု အပိုင်းမှာအရမ်း အားနည်းနေ တယ်”လို့ ကိုရိုနာဗိုင်းရပ်စ် (COVID-19) အရေးတက်ကြွလှုပ်ရှားသူ ဦးပိုအင်က ထောက်ပြ ပြောဆိုသည်။

တနင်္သာရီတိုင်းအတွင်း မတ်လ ၂၈ ရက်နေ့က နေအိမ်တွင် ၂၉၆၆ ဦး၊ ဘုန်းကြီးကျောင်းတွင် ၁၈ ဦး စာသင် ကျောင်းတွင် ၂၅ ဦးရှိရာမှ မတ်လ ၃၀ ရက်နေ့တွင် နေအိမ်တွင် ၃၃၅၂ ဦး၊ ဘုန်းကြီးကျောင်းတွင် ၄၄ ဦးနှင့် စာသင်ကျောင်းတွင် ၁၂၈ ဦး သို့ တိုးလာကြောင်း သိရသည်။

ထိုအပြင် ဆေးရုံးတွင် စောင့်ကြည့်ခံရသူမှာ နှစ်ရက် အတွင်း ၇ ဦးမှ ၅ ဦး သို့ ကျဆင်းခဲ့သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly