အီတလီ၊ ပြင်သစ်နှင့် စပိန်တို့ထံ ဆေးဘက်ဆိုင်ရာ ပစ္စည်းကိရိယာများ ပေးပို့ကူညီမည်ဟု ဒေါ်နယ်ထရမ့် ပြောကြား

အီတလီ၊ ပြင်သစ်နှင့် စပိန်တို့ထံ ဆေးဘက်ဆိုင်ရာ ပစ္စည်းကိရိယာများ ပေးပို့ကူညီမည်ဟု ဒေါ်နယ်ထရမ့် ပြောကြား

မတ် ၃၁

အီတလီ၊ ပြင်သစ်နှင့် စပိန်နိုင်ငံတို့ထံ ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးအတွက် ဆေးဘက်ဆိုင်ရာ ပစ္စည်းကိရိယာများ အမေရိကန်ဘက်က ပေးပို့ကူညီပေးသွားမည်ဖြစ်ကြောင်း သမ္မတ ဒေါ်နယ်ထရမ့်က မတ်လ ၃၀ ရက်တွင် ပြောကြားလိုက်သည်။

သမ္မတ ဒေါ်နယ်ထရမ့်က အိမ်ဖြူတော်တွင် ပြုလုပ်သည့် တစ်နေ့တာ ရှင်းလင်းပြောဆိုမှုတွင် အဆိုပါ အကူအညီ အမျိုးအစား သို့မဟုတ် ပေးပို့မည့် အချိန်ကာလနှင့်ပတ်သက်ပြီး အသေးစိတ်အချက်အလက် အနည်းငယ်ကို ထုတ်ဖော်ပြောဆိုသွားခဲ့သည်။

သို့သော် ကမ္ဘာပေါ်တွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူသေဆုံးမှု အများဆုံး ဖြစ်ပေါ်ထားခဲ့သော အီတလီနိုင်ငံအတွက် အကူအညီပစ္စည်း အရေအတွက် များများ ပေးပို့ရန် ရည်ရွယ်ထားသည်ဟု ထရမ့်က ပြောသွားခဲ့သည်။

“ အကြမ်းဖျင်းအားဖြင့် ကန်ဒေါ်လာ သန်း ၁၀၀ တန်ဖိုးရှိတဲ့ ခွဲစိတ်ခန်းသုံးနဲ့ ဆေးရုံသုံး ဆေးဘက်ဆိုင်ရာ ပစ္စည်းကိရိယာတွေ အီတလီကို ပေးပို့ပေးသွားမှာဖြစ်ပါတယ်” ဟု ထရမ့်က ပြောသည်။ အဆိုပါ ကိစ္စကို ကြားကြားချင်း အီတလီ ဝန်ကြီးချုပ် ဂူဆက်ပီ ကွန်တီသည်လည်း အလွန်တရာ ဝမ်းမြောက်ခဲ့ကြောင်း ထရမ့်က ပြောကြားခဲ့သည်။

အမေရိကန်တွင် ယခုအခါ ကူးစက်မှုနှုန်း မြန်ဆန်နေပြီ ဖြစ်သော ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှုနှင့်ပတ်သက်၍ အစောပိုင်းကာလတွင် ဖက်ဒရယ်အစိုးရဘက်က တုန့်ပြန်လုပ်ဆောင်ပုံ နှေးကွေးခဲ့ခြင်းအတွက် သမ္မတ ထရမ့်အနေဖြင့်လည်း ဝေဖန်ပြစ်တင်မှုနှင့် ရင်ဆိုင်ခဲ့ရသည်။

နယူးယော့ခ်အပါအဝင် အခြားနေရာများရှိ ဆေးရုံများမှ ထွန့်ထွန့်လူး ခံစားနေရသော မြင်ကွင်းများက နိုင်ငံ၏ ကျန်းမာရေးစောင့်ရှောက်မှုစနစ်တွင် နှာခေါင်းစည်းများ၊ အသက်ရှုစက်ကိရိယာကဲ့သို့ အသက်ကယ်ပစ္စည်းများ လုံလုံလောက်လောက် ကြိုတင်ပြင်ဆင်ထားနိုင်ခြင်း မရှိသည်ကို ဖော်ပြနေခဲ့သည်။

“ ကျွန်တော်တို့အတွက် မလိုတော့တဲ့ ပစ္စည်းတွေကို ပေးပို့သွားပါမယ်” ဟု ထရမ့်က ပြောသည်။

ထို့ပြင် အသက်ရှုစက်များကိုလည်း လိုအပ်သည့်ပမာဏထက် ကျော်လွန်ပါက ယင်းတို့ကိုလည်း ပြည်ပသို့ ပေးပို့သွားမည်ဟု ထရမ့်က ပြောသည်။

ပြီးခဲ့သည့်တစ်ပတ်ကျော်ကမူ နယူးယော့ခ်မြို့တွင် အသက်ရှုစက်ကဲ့သို့ အရေးပါသည့် ကိရိယာများ ပြတ်လပ်နေပြီဖြစ်ကြောင်း နယူးယော့ခ် မြို့တော်ဝန်က သတိပေးခဲ့သေးသည်။

ကိုရိုနာဗိုင်းရပ်စ်အရေး ကူညီဖြေရှင်းနိုင်ရန်အတွက် အသက်ရှုစက်ကိရိယာများ ထုတ်လုပ်ရန် အမေရိကန် ကားကုမ္ပဏီကြီးတစ်ခုဖြစ်သော General Motors ကို သမ္မတ ထရမ့်က ပြီးခဲ့သည့် မတ်လ ၂၇ ရက်တွင် ညွန်ကြားခဲ့သေးသည်။ သို့သော် ယင်းကိရိယာများ ထုတ်လုပ်နိုင်ရန်အလို့ငှာ ဝန်ထမ်းများကို လေ့ကျင့်သင်ကြားပေးရန် လိုခြင်း၊ လိုအပ်သည့် ပစ္စည်းများ ဝယ်ယူရန် လိုခြင်း၊ တင်းကျပ်သော ထုတ်လုပ်မှု လမ်းညွန်ချက်များကို လေးစားလိုက်နာရန် လိုခြင်း စသည့်အချက်များကြောင့် အထက်ပါ ကိစ္စမှာ ကားကုမ္ပဏီကြီးအတွက် မလွယ်ကူသည့် ကိစ္စတစ်ခု ဖြစ်ခဲ့ကြောင်း သိရသည်။

“ ကျွန်တော်တို့ အဲဒါတွေကို အီတလီကို ပေးပို့သွားပါမယ်၊ နောက်ပြီး ပြင်သစ်ကို ပေးပို့ပါမယ်၊ နောက်ပြီး စပိန်ကိုလည်း ပေးပို့ပေးပါဦးမယ်၊ အဲဒီနိုင်ငံတွေမှာလည်း အလွန်ကြီးမားတဲ့ ပြဿနာတွေ ရှိနေပါတယ်၊ ကျွန်တော်တို့ တတ်နိုင်သလောက် တခြားနိုင်ငံတွေကို ကူညီပေးသွားပါမယ်” ဟု ထရမ့်က ပြောသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly